Skip to Content
  • An Official Website of Burmese Orchid. How to identify?
Burmese Orchid
  • 0
    My Cart
  • Sign in
  • Home
  • Alumni
  • Contact us
  •  My Tasks
Burmese Orchid
  • 0
    • Home
    • Alumni
    • Contact us
  • An Official Website of Burmese Orchid. How to identify?
  • Sign in
  •  My Tasks


Code of Conduct

Table of Contents

​ Related Agencies & Policies
​ Related Rules & Procedures
​ The Policy

 Print

Related Agencies & Policies

Enforcing Agencies
  •  
Related Policies
  • Membership Policy

Related Rules & Procedures

​ Procedures for Investigating a Case
​ Procedures on Taking Actions
​ Conflict Resolution Procedure
​ Procedures for Inspecting and Instructing the Organization's responsible Teams and Individuals​
Procedure for Interpreting Constitutional Principles, Rules and Policies, and Inconsistencies in Policies and Procedures

The Policy

မြန်မာ့သစ်ခွအဖွဲ့

ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး

မူဝါဒအမှတ် (ခ)

“အဖွဲ့ဝင်များ၏ကျင့်ဝတ်စည်းမျဉ်း စည်းကမ်းများမူဝါဒ - Code of Conduct”

၁၇ရက် စက်တင်ဘာလ ၂၀၂၄ခုနှစ်

အခန်း (၁) 

အမည်

၁။ ဤမူဝါဒကို အဖွဲ့ဝင်များ၏ကျင့်ဝတ်စည်းမျဉ်း စည်းကမ်းများမူဝါဒ - Code of Conduct ဟု ခေါ်တွင်စေရမည်။

၂။ မြန်မာ့သစ်ခွအဖွဲ့၏အဖွဲ့ဝင်များအား စည်းကမ်းတကျ ကိုင်တွယ် အုပ်ချုပ်စီမံခန့်ခွဲနိုင်ရန် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ဤစည်ကမ်းသတ်မှတ်ချက်များကို သတ်မှတ်သည်။

အခန်း (၂) 

ရည်ရွယ်ချက်

၃။ ဤမူဝါဒ၏ ရည်ရွယ်ချက်များမှာ-

(က) ရှင်းလင်းသော လမ်းညွှန်ချက်များနှင့် ကျင့်ဝတ်များကို ချမှတ်ရန်၊

(ခ) ကျင့်ဝတ်ဆိုင်ရာ အမူအကျင့်ကို မြှင့်တင်ရန်၊

(ဂ) အဖွဲ့အစည်း၏ဂုဏ်သိက္ခာကိုကာကွယ်ရန်၊

(ဃ) ဥပဒေသတ်မှတ်ချက်များနှင့် လိုက်လျောညီထွေရှိစေရန်၊

(င) လူမှုအသိုက်အဝန်းသဘောကို မြှင့်တင်ရန်၊

(စ) အဖွဲ့ဝင်များ၏ နောက်ခံ၊ ယဉ်ကျေးမှု၊ သို့မဟုတ် ယုံကြည်ချက်များကို မခွဲခြားဘဲ လူတစ်ဦးချင်းစီအပေါ် လေးစားမှုမြှင့်တင်ရန်၊

(ဆ) အဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများတွင် တက်ကြွစွာပါဝင်မှုနှင့် ပါဝင်ပတ်သက်မှုကို အားပေးရန်၊

(ဇ) အပြန်အလှန်ဆက်ဆံမှုတိုင်းတွင် ရိုးသားမှု၊ သမာဓိနှင့် တရားမျှတမှုကို မြှင့်တင်ရန်၊

(ဈ) အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဝန်ထမ်းများအားလုံး၏ ဘေးကင်းရေးနှင့် ကိုယ်၊ စိတ်ကျန်းမာမှုကို အာမခံဖြစ်စေရန်၊

(ည) အဖွဲ့အစည်း၏ အရင်းအမြစ်များနှင့် ပိုင်ဆိုင်မှုများကို အကာအကွယ်ပေးရန်၊

(ဋ) အနိုင်ကျင့်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်၊

(ဌ) နည်းပညာနှင့် ဆိုရှယ်မီဒီယာကို တာဝန်သိစွာ အသုံးပြုမှုမြှင့်တင်ရန်၊

(ဍ) ပွင့်လင်းသော ဆက်သွယ်မှုနှင့် ပဋိပက္ခဖြေရှင်းခြင်းကို အားပေးကူညီရန်။

အခန်း (၃) 

အခွင့်အရေးနှင့်ကျင့်ဝတ်

၄။ အဖွဲ့ဝင်များသည် -

(က) မည့်သည့်အခြေအနေ၌မဆို ဖွဲ့စည်းပုံအခြေခံမူတွင်ပါရှိသော အခွင့်အရေးများ ရရှိရမည်။

(ခ) မိမိ၏ အခွင့်အရေးကို မဟုတ်မှန်သောနေရာတွင် အသုံးချခြင်းမပြုရ။

(ဂ) စာပိုဒ်ခွဲငယ် (၂) ပါ ပြဋ္ဌာန်းချက်အရ အသုံးပြုခဲ့သော် ထိုအဖွဲ့ဝင်ကို အဖွဲ့ဝင်အဖြစ်မှရပ်စဲနိုင်ပြီး အမည်ပျက်စာရင်းသွင်းသည်အထိ အရေးယူနိုင်သည်။

၅။ မည်သည့်ပြစ်မှုဆိုင်ရာအရေးယူမှု စည်းမျဉ်းစည်းကမ်းမျှ နောက်ကြောင်းပြန် အာဏာ သက်ရောက်ခြင်း မရှိစေရ။

၆။ ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ယင်းပြစ်မှုကျူးလွန်သည့်အချိန်က အတည်ဖြစ်လျက်ရှိသော သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရသာ ပြစ်မှုထင်ရှားစီရင်ရမည်။ ထို့ပြင် ယင်းစည်းမျဉ်းစည်းကမ်းအရ ချမှတ်နိုင်သော ပြစ်ဒဏ်ထက်ပို၍ ချမှတ်ခြင်းမပြုရ။

၇။ တစ်ဦးတစ်ယောက်သည် စီရင်ပိုင်ခွင့်ရှိသော တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက ပြစ်မှုတစ်ရပ်အတွက် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်ဖြစ်စေ၊ အမှုမှ အပြီးအပြတ်လွှတ်လိုက်ခြင်း ခံရလျှင်ဖြစ်စေ အဆိုပါပြစ်မှုထင်ရှားစီရင်သည့် စီရင်ချက် သို့မဟုတ် အမှုမှအပြီးအပြတ်လွှတ်သည့် စီရင်ချက်ကို ၎င်း တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏အထက်ရှိ အဆင့်မြင့်တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက ပယ်ဖျက်ပြီး အမှုကိုအသစ်တစ်ဖန်ပြန်လည်စစ်ဆေးစေရန် ညွှန်ကြားသည့်အခါမှတစ်ပါး ယင်းပြစ်မှု အတွက် ထိုသူအား ထပ်မံ စစ်ဆေးခြင်းမပြုရ။

၈။ မြန်မာ့သစ်ခွဖွဲ့စည်းပုံအခြေမူစည်းမျဉ်းပါ အခြေခံကျင့်ဝတ်များနှင့် ဤကျင့်ဝတ်များသည် မြန်မာ့သစ်ခွလူ့အရငါးအမြစ်ကဏ္ဍ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ အဖွဲ့အစည်းအလိုက်ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန် အတွက် လုပ်ဆာင်ချက်များ၊ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ရာတွင် မြန်မာ့သစ်ခွအဖွဲ့ဝင်ကျင့်ဝတ် စံတန်ဖိုးများသည် အဖွဲ့ဝင်များကို များစွာ အထောက်အကူပြုပါသဖြင့် အောက်ပါ မြန်မာ့သစ်ခွကျင့်ဝတ်စံတန်ဖိုးသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရပါမည်- 

(က) လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျမှန်ကန်မြန်ဆန် ထိရောက်စွာ ဆောင်ရွက်ခြင်း၊ 

(ခ) မြန်မာ့သစ်ခွအဖွဲ့ဝင်များသည် အဖွဲ့အစည်း၏ ရည်ရွယ်ချက်များနှင့် ပရောဂျက်များကို အလှူရှင်များ၊ အခြားအဖွဲ့အစည်းများ၊ အဖွဲ့ဝင်များထံ ရှင်းရှင်းလင်းလင်းနှင့် စိတ်အား ထက်သန်စွာ ဆက်သွယ်ပြောဆိုနိုင်ရပါမည်။

(ဂ) ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း၊ 

(ဃ) ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်း၊ 

(င) ထူးချွန်ပြောင်မြောက်မှုနှင့် အတတ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်း၊ 

(စ) အားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း၊ 

(ဆ) ဘက်လိုက်မှုကင်းခြင်း၊ အဂတိကင်းရှင်းခြင်း၊ တရားမျှတစွာ ဆောင်ရွက်မှုရှိခြင်း၊ 

(ဇ) ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း။ 

(ဈ) အဖွဲ့အစည်းနှင့် ၎င်း၏ရည်ရွယ်ချက်များ၏ အကျိုးစီးပွားကို ရှေးရှု၍ အလေးထား ဆောင်ရွက်ရမည်။ 

(ည) နိုင်ငံတော်တွင်းနှင့် မိမိပတ်ဝန်းကျင်အတွင်း သဘာဝသယံဇာတအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ထိန်းသိမ်းစောင့်ရှောက်ရမည်။ 

(ဋ) အဖွဲ့အစည်း၏ လိုအပ်ချက်ကို မဆိုင်းမတွ တုံ့ပြန်ဖြည့်ဆည်းပေးနိုင်ရေးနှင့် တန်းတူညီမျှမှုရှိစေရေး တို့အတွက် အဖွဲ့အစည်း၏ဝန်ဆောင်မှုစံနှုန်းများ မြင့်မားစေရေးတို့ကို ဆောင်ရွက်ရမည်။ 

(ဌ) လူမျိုး၊ ဘာသာ၊ အဆင့်အတန်း၊ ကျား/ မ ခွဲခြားမှုမရှိဘဲ အဖွဲ့အစည်း၏ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် စာနာမှု၊ အဖွဲ့ဝင်အချင်းချင်း ရိုသေလေးစားမှုနှင့်အတူ အချိန်မီ ပြီးစီးရေး အလေးထား ဆောင်ရွက်ရမည်။ 

(ဍ) ပြည်သူများ၏ ယုံကြည်မှုကို ရရှိစေရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် စံပြဖြစ်နေစေရန် မိမိ၏ ပြုမူဆောင်ရွက်ချက်များကို ကောင်းမွန်သော ရလဒ်ရရှိရေး သုံးသပ်စဉ်းစားဆောင်ရွက်ရမည်။ 

(ဎ) အဖွဲ့အစည်း၏အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် အပြုအမူများကို ရှောင်ကြဉ်ရမည်။ 

(ဏ) အဖွဲ့ဝင်အချင်းချင်း၊ ဌာနအဖွဲ့အစည်းအချင်းချင်း ထိရောက်စွာချိတ်ဆက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်။ 

(တ) ပေးအပ်သော တာဝန်ဝတ္တရားများကို လိုလားစွာဖြင့် ထိုးထွင်းကြံဆ၍ အချိန်နှင့် တစ်ပြေးညီ မှန်ကန်ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ 

(ထ) မိမိလုပ်ငန်းတာဝန်နှင့် နှီးနွှယ်ဆက်စပ်နေသည့် ပညာရပ်ဆိုင်ရာ နယ်ပယ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်။ 

(ဒ) လုပ်ငန်းတာဝန်များကို အမှားအယွင်းမရှိစေရန် တိကျသေချာစွာ အလေးအနက်ထား ဆောင်ရွက် ရမည်။ 

(ဓ) မိမိကိုယ်ကို နှင့်အဖွဲ့အစည်း၏ တိုးတက်ရေးကိုရှေးရှု၍ အရည်အချင်းပြည့်ဝနေစေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှတ်သားနိုင်စွမ်းရှိရမည်။ 

(န) မိမိတို့၏ လုပ်ငန်းခွင်အတွေ့အကြုံများနှင့် အတတ်ပညာပိုင်းဆိုင်ရာ ဗဟုသုတများကို ပြန်လည်မျှဝေ ပေးနိုင်စွမ်းရှိရမည်။ 

(ပ) အဖွဲ့အစည်းအတွက် လုပ်ငန်းပိုင်ဆိုင်ရာ ကျွမ်းကျင်မှုရှိရမည့်အပြင် ခေတ်နှင့် လျော်ညီသည့် အတတ်ပညာနှင့် ဆန်းသစ်တီထွင်နိုင်သည့် အတွေးအခေါ်ရှိရမည်။ 

(ဖ) လုပ်ငန်းခွင်အခက်အခဲများကို သမားရိုးကျမဟုတ်ဘဲ ထိရောက်လျင်မြန်သော နည်းလမ်းကောင်းများ ဖြင့် အောင်မြင်စွာ ကြံဆဖြေရှင်းနိုင်စွမ်းရှိရမည်။ 

(ဗ) နက်ရှိုင်းကျယ်ပြန့်စွာ ထိုးထွင်းသိမြင်ပြီး စဉ်းစားတွေးခေါ် ဆောင်ရွက်နိုင်စွမ်းရှိရမည်။ 

(ဘ) ဖြတ်ထိုးဉာဏ်ကောင်း၍ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရမည်။ 

(မ) ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်သိက္ခာကို အကောင်းဆုံးစောင့်ထိန်းရမည်။ 

(ယ) တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းနှင့် မလျော်ဩဇာသုံးခြင်းတို့မှ ရှောင်ကြဉ်ရမည်။ 

(ရ) ရာထူး၊ ဌာန၊ လုပ်ငန်းတာဝန်များနှင့် ဆက်စပ်၍ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်များ ရောထွေးမှုမရှိစေရေး စောင့်ထိန်းရမည်။ 

(လ) လုပ်ငန်းခွင်အတွင်း အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ရမည်။ 

(ဝ) လုံခြုံမှုအဆင့်အတန်း သတ်မှတ်ထားသည့် သတင်းအချက်အလက်များ ပေါက်ကြားမှုမရှိစေရေး အထူး သတိပြု ထိန်းသိမ်းရမည်။ 

(သ) ဌာနအဖွဲ့အစည်းက ယုံကြည်စိတ်ချစွာတာဝန်ပေးအပ်နိုင်သူဖြစ်ရမည်။ 

(ဟ) အဖွဲ့ဝင်အချင်းချင်း၏ ယုံကြည်လေးစား အားကိုးထိုက်သူဖြစ်ရမည်။ 

(ဠ) မိမိဌာနအဖွဲ့အစည်းနှင့် အဖွဲ့ဝင်အချင်းချင်းအပေါ် အထင်အမြင်လွဲမှားစေမည့် အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုတို့ကို ရှောင်ကြဉ်ရမည်။ 

(အ) ဌာနအဖွဲ့အစည်းဆိုင်ရာ သတင်းအချက်အလက်များကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်။ 

(ကက) ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးများနှင့် စီမံခန့်ခွဲမှုစွမ်းရည်များ မြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးရမည်။ 

(ကခ) လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်တတ်စေရေးနှင့် တာဝန်ထမ်းဆောင်မှုနှင့် စွမ်းဆောင်ရည် အခြေပြုစံသတ်မှတ်ချက်များအပေါ် အခြေခံ၍ ကျွမ်းကျင်မှုအရည်အချင်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး အတွက် လေ့လာဆည်းပူးရမည်။ 

(ကဂ) ခေတ်မီ ဆက်သွယ်ရေးနည်းပညာများကို တတ်သိနားလည်ပြီး အသုံးချနိုင်စွမ်းရှိရမည်။ 

(ကဃ) ကြီးကြပ်ကွပ်ကဲမှုအနည်းဆုံးဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်သူဖြစ်ရမည်။ 

(ကင) မိမိရာထူးအဆင့်အလိုက်ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရမည့် အပြင် လုပ်ဖော်ကိုင်ဖက်များကိုလည်း ကျွမ်းကျင်မှုရှိစေရန် ပံ့ပိုးကူညီရမည်။ 

(ကစ) အရည်အချင်းပြည့်ဝနေစေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှတ်သားဆောင်ရွက်ရမည်။ 

(ကဆ) အဖွဲ့ဝင်ရေးရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူး အဆင့်အတန်း၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံခြင်းမပြုရ။ 

(ကဇ) ဌာန၊ ဒေသ၊ ဓလေ့ထုံးတမ်းယဉ်ကျေးမှုများနှင့် အညီ လိုက်လျောညီထွေ အပြန်အလှန်လေးစားစွာ ဆက်ဆံဆောင်ရွက်ရမည်။ 

(ကဈ) လုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော ပြည်တွင်း၊ ပြည်ပအစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါက ချမှတ်ထားသော မူဝါဒများနှင့်အညီ ဆောင်ရွက်ရမည်။ 

(ကည) မိမိအားပေးအပ်ထားသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အချင်းချင်းရိုင်းပင်းကူညီ၍ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရမည်။ 

(ကဋ) ဆုံးဖြတ်ချက်များကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်မျှတစွာ ချမှတ်ရမည်။ 

(ကဌ) လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင် မိမိ၏ လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ်ချက်များအတွက် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရမည်။ 

(ကဍ) တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ကျေမှုတို့ဖြင့် ဆောင်ရွက်ရမည်။ 

၉။ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာပါက ဤမူဝါဒအရစီရင်ပိုင်ခွင့်ရှိသူအရာရှိ တစ်ဦးဦးက ပြဿနာရင်းမြစ်ကို စုံစမ်း၍ ဖြေရှင်းခြင်း၊ ဆုံးဖြတ်ခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်သော သုံးသပ်အကြံပြုချက်တို့ဖြင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်တင်ပြရမည်။ 

၁၀။ စည်းကမ်းထိန်းသိမ်းရေးကော်မတီကလည်း မိမိလက်အောက်မှ တင်ပြလာသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ ဘက်လိုက်မှု ကင်းရှင်းခြင်းတို့ဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များနှင့်အညီ မှန်ကန်မြန်ဆန်စွာ ဖြေရှင်း ဆောင်ရွက်ရမည်။

၁၁။ ကျင့်ဝတ်ဆိုင်ရာဖောက်ဖျက်ကျူးလွန်မှုများသည်ပြစ်မှုဖြစ်သည်။ ၎င်းဖောက်ဖျက်မှုများ အတွက် နောက်ပိုင်းအခန်းများတွင် ပြဋ္ဌာန်းထားသော သက်ဆိုင်ရာပြစ်ဒဏ်များနှင့်အညီ ဆောင်ရွက် အရေးယူရမည်။ နောက်ပိုင်းအခန်းများတွင် မပြဋ္ဌာန်းထားသော် စည်းကမ်းထိန်းသိမ်းရေးကော်မတီက သာမာန်ပြစ်မှုသော်လည်းကောင်း၊ ကြီးလေးသောပြစ်မှုသော်လည်းကောင်း ဆုံးဖြတ်ပြီး စစ်ဆေးရမည်။

၁၂။ ပြစ်မှုစီရင်ရာတွင် အောက်ပါတို့ကို အခြေခံ၍ စီရင်ရမည်-

(က) စည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ လွတ်လပ်စွာ ပြစ်မှုစီရင်ရေး၊

(ခ) ပြစ်မှုစီရင်ရာတွင် ပွင့်လင်းမြင်သာမှုရှိရေး၊

(ဂ) အမှုများတွင် ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး၊

(ဃ) အဖွဲ့အစည်းနှင့် ၎င်း၏ရည်ရွယ်ချက်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး၊

(င) စည်းမျဉ်းစည်းကမ်းများကို အဖွဲ့ဝင်များက နားလည်လိုက်နာကျင့်သုံးလာစေရန် ပညာပေးရေးနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာသော အလေ့အကျင့်ပျိုးထောင်ပေးရေး၊

(စ) အဖွဲ့ဝင်အချင်းချင်းနှင့် ပတ်သက်သောအမှုကိစ္စများကို စည်းဘောင်အတွင်း၌ ကျေအေးပြီးပြတ်စေရေး၊

(ဆ) ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရာတွင် အကျင့်နှင့်စာရိတ္တပြုပြင်မှုကို ဦးတည်ရေး။

၁၃။ (က) အဖွဲ့ဝင်အချင်းချင်း လူတစ်ယောက်၏ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာသာသနာ၊ အမျိုးသား၊ အမျိုးသမီး၊ အသက်၊ လိင်၊ လိင်ခံယူမှုစိတ်၊ မသန်စွမ်း၊ အသားအရောင်နှင့် နိုင်ငံသား ဖြစ်တည်မှု အပေါ်မူတည်၍ ခွဲခြားဆက်ဆံရေးမရှိရေးသည် အဖွဲ့၏ ပင်တိုင်မူဝါဒများထဲမှ တစ်ခုဖြစ်သည်။ 

(ခ) မြန်မာ့သစ်ခွအဖွဲ့၏ အဖွဲ့ဝင်အဖြစ် ရွေးချယ် ခန့်ထားရာ တွင်ဖြစ်စေ၊ တာဝန်ပေးအပ်ရာတွင်ဖြစ်စေ၊ အခွင့်အရေး ခံစားခွင့်ပြုရာတွင်ဖြစ်စေ၊ ရာထူး တိုးမြှင့်ရာတွင် ဖြစ်စေ သတ်မှတ်သော အရည်အချင်းနှင့် ပြည့်စုံပါက လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာသာသနာ၊ အမျိုးသား၊ အမျိုးသမီး၊ အသက်၊ လိင်၊ လိင်ခံယူမှုစိတ်၊ မသန်စွမ်း၊ အသားအရောင်နှင့် နိုင်ငံသား ဖြစ်တည်မှုကို အကြောင်းပြုလျက် ခွဲခြားမှုမပြုရ။ သို့ရာတွင် အမျိုးသားများ သို့မဟုတ် အမျိုးသမီးများနှင့်သာလျော်ကန် သင့်မြတ်သည့်ရာထူးတာဝန်များအတွက် ၎င်းအမျိုးသားများ သို့မဟုတ် အမျိုးသမီးများ အား ရွေးချယ်ခန့်ထားခြင်းကို အဟန့်အတားမဖြစ် စေရ။

(ဂ) အဖွဲ့အတွင်း ခွဲခြားဆက်ဆံခံရပါက စည်းကမ်းထိန်းသိမ်းရေးကော်မတီထံသို့ တိုက်ရိုက်တင်ပြ၍ တိုင်ကြားနိုင်သည်။

(ဃ) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ခွဲခြားဆက်ဆံသူကို သက်သေနှင့်တကွ အချက်အလက်ခိုင်လုံပါက အဖွဲ့အစည်းမှထုတ်ပယ်ရမည့်အပြင် အမည်ပျက်စာရင်းသွင်း ကြေညာရမည်။ ဤပြစ်မှုအရချမှတ်သော အမည်ပျက်စာရင်းသွင်းခြင်းကို အဖွဲ့၏ ပြန်ကြားရေးကြားခံနယ်များတွင် ကြေညာခြင်းပြုရမည်။

(င) မည်သူတစ်ဦးတစ်ယောက်ကိုမျှ ၎င်း၏ ကာယိန္ဒြေနှင့် ဂုဏ်သိက္ခာကို ညှိုးနွမ်း ပျက်ပြားစေမည့် သဘောမျိုးဖြင့် သတိပေးခြင်း၊ ပြစ်မှုစီရင်ခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းကိုမပြုလုပ်ရ။

အခန်း (၄) 

စည်းကမ်းထိန်းသိမ်းရေးကော်မတီ

၁၄။ အဖွဲ့အစည်းအတွင်းတွင် ဤမူဝါဒပါ ရည်ရွယ်ချက်များအတွက် အဖွဲ့အစည်းအတွင်း စည်းကမ်းထိန်းသိမ်းရာတွင် တရားမျှတမှုရှိစေရန်အလို့ငှာ စည်းကမ်းထိန်းသိမ်းရေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်းထားရှိရမည်။

၁၅။ (က) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် မြန်မာ့သစ်ခွ၏အမှုဆောင်ရုံးများနှင့် အထွေထွေအစည်းအဝေး၏ စီရင်ပိုင်ခွင့်များကိုမထိခိုက်စေဘဲ အဖွဲ့အစည်း၏ အမြင့်ဆုံး စည်းကမ်းထိန်းသိမ်းရေးမဏ္ဍိုင် ဖြစ်သည်။

(ခ) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဥက္ကဋ္ဌမှတဆင့် အထွေထွေ အစည်းအဝေးနှင့် နာယကအဖွဲ့ထံတာဝန်ခံရမည်။

၁၆။ (က) စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အကြီးအမှူးအဖြစ် ကော်မရှင်နာတစ်ဦးကို ဥက္ကဋ္ဌက နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့်ခန့်အပ်ရမည်။

(ခ) စည်းကမ်းထိန်းသိမ်းရေးကော်မတီ ကော်မရှင်နာသည် ဥက္ကဋ္ဌမှတဆင့် အထွေထွေအစည်းအဝေးနှင့် နာယကအဖွဲ့ထံတာဝန်ခံရမည်။

တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၁၇။ စည်းကမ်းထိန်းသိမ်းရေးကော်မတီ၌သာ အောက်ပါကိစ္စရပ်များအတွက် စီရင်ပိုင်ခွင့် ရှိသည်-

(က) ဌာနဝင်အချင်းချင်းအချင်းပွားသည့်ကိစ္စများနှင့်စပ်လျဉ်း၍ ပေါ်ပေါက် လာသောကိစ္စရပ်များ၊

(ခ) ဤမူဝါဒပါစည်းမျဉ်းစည်းကမ်းနှင့် တားမြစ်ချက်များကို ချိုးဖောက်ကျူးလွန်သော ပြစ်မှုများ၊

(ဂ) မူဝါဒတစ်ရပ်ရပ်အရ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့် တားမြစ်ချက်များကို ချိုးဖောက်ကျူးလွန်သော အမှုများ။

၁၈။ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ၊ အခြားမူဝါဒပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ မဆန့်ကျင်စေဘဲ-

(က) စည်းကမ်းထိန်းသိမ်းရေးကော်မတီက မူလစီရင်ပိုင်ခွင့်ကို ကျင့်သုံး၍ ချမှတ်သော စီရင်ချက် သို့မဟုတ် ညွှန်ကြားချက်ကို အယူခံစီရင်ပိုင်ခွင့်ရှိသည်။

(ခ) ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီ အကြီးအကဲများကချမှတ်သော စီရင်ချက်၊   သို့မဟုတ် ညွှန်ကြားချက်ကို အယူခံစီရင်ပိုင်ခွင့်ရှိသည်။

(ဂ) သက်ဆိုင်ရာအထက်အရာရှိများက ချမှတ်သောစီရင်ချက်၊ သို့မဟုတ် ညွှန်ကြားချက်ကို စစ်ဆေး ဆုံးဖြတ်နိုင်သော အယူခံစီရင်ပိုင်ခွင့်ရှိသည်။

၁၉။ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် သက်ဆိုင်ရာအရာရှိများက ချမှတ်သောစီရင်ချက် သို့မဟုတ် ညွှန်ကြားချက်ကို ပြင်ဆင်စီရင်ပိုင်ခွင့်ရှိသည်။

၂၀။ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ပုဂ္ဂိုလ်အမည်ပျက်စာရင်းသွင်းခြင်းကို ဥက္ကဋ္ဌထံ ထောက်ခံတင်ပြ၍ အတည်ပြုချက် ရယူပိုင်ခွင့်ရှိသည်။

၂၁။ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည်-

(က) မိမိ၏ ဆုံးဖြတ်ချက်အရ လွှဲပြောင်းရယူသော အမှုကို စီရင်ပိုင်ခွင့်ရှိသည်။

(ခ) အရာရှိမှ အခြားအရာရှိတစ်ဦးဦးသို့ အမှုလွှဲပြောင်းပေးမှုကို စီရင်ပိုင်ခွင့်ရှိသည်။

၂၂။ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် အောက်ပါ ညွှန်ကြားချက်များကို ထုတ်ပြန်ပိုင်ခွင့်ရှိသည်-

(က) စည်းကမ်းပိုင်းဆိုင်ရာပြစ်မှုအတွက်ပြစ်ဒဏ်ချမှတ်ခြင်းညွှန်ကြားချက်၊

(ခ) ဒဏ်ငွေဆောင်စေရန်ညွှန်ကြားချက်၊

(ဂ) အလုပ်ပိုဆောင်ရွက်ရန်ညွှန်ကြားချက်၊

(ဃ) အာဏာပိုင်မေးညွှန်ကြားချက်၊

(င) ကိစ္စတစ်ရပ်ရပ်အကိုတားမြစ်သည့်ညွှန်ကြားချက်၊

(စ) ကိစ္စတစ်ရပ်ရပ်အကိုလုပ်ဆောင်စေရန်ညွှန်ကြားချက်၊

(ဆ) ပုဂ္ဂိုလ်အမည်ပျက်စာရင်းသွင်းရန်ညွှန်ကြားချက်။

၂၃။ စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ အပ်နှင်းသည့် ညွှန်ကြားချက်များ ထုတ်ဆင့်ခွင့်သည် အခြားရုံးဌာနများမှ ထုတ်ပြန်ပိုင်ခွင့်ရှိသည့် ညွှန်ကြားချက်ထုတ်ဆင့်ပိုင်ခွင့်ကို မထိခိုက်စေရ။

၂၄။ စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ စီရင်ချက်များသည် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုဖြစ် စေ၊ အခြားမူဝါဒပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ မဆန့်ကျင်ပါက အမှုအားလုံးတွင် အပြီးအပြတ်ဖြစ်၍ အယူခံဝင်ခွင့်မရှိစေရ။ စည်းကမ်းထိန်းသိမ်းရေးကော်မတီက မိမိမူလ စီရင်ပိုင်ခွင့်ကို ကျင့်သုံး၍ ချမှတ်သည့် စီရင်ချက်၊ သို့မဟုတ် ညွှန်ကြားချက်ကိုမူ အယူခံပိုင်ခွင့်မဆုံးရှုံးစေရန်အလို့ငှာ စည်းကမ်းထိန်းသိမ်းရေးကော်မတီတွင်ထပ်မံ၍ အယူခံပိုင်ခွင့်ရှိသည်။

၂၅။ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် မိမိ၏စီရင်ပိုင်ခွင့်များကို ကျင့်သုံးရာတွင် ကော်မရှင်နာအပါအဝင် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အဖွဲ့ဝင်များမျက်နှာစုံညီအစည်းအဝေးဖြင့် စစ်ဆေးစီရင်ရမည်။

၂၆။ (က) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ၊ အခြားမူဝါဒပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ မဆန့်ကျင်စေဘဲ အမှုအားလုံးတွင် အပြီးအပြတ်ဖြစ်သည့်အခါအားလျော်စွာ နောက်ဆုံးအပြီးအပြတ် အယူခံဝင်ရာဖြစ်သည်။

(ခ) ကော်မရှင်နာပါဝင်သော စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ စီရင်ချက်များ သည် အမှုအားလုံးတွင် အပြီးအပြတ်ဖြစ်၍ အယူခံဝင်ခွင့်မရှိစေရ။

၂၇။ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည်-

(က) အဖွဲ့အစည်းအတွင်းရှိ ပြစ်မှုစီရင်ခြင်းများအားလုံးကို ကြီးကြပ်ကွပ်ကဲရမည်။

(ခ) အရေးကြီးသောအမှုများကို အရာရှိ တစ်ဦးထက်ပိုသော ခုံရုံးဖြင့် စစ်ဆေးစီရင်ရန် ညွှန်ကြားနိုင်သည်။

၂၈။ (က) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် အမှုတစ်မှုကို စစ်ဆေးရာတွင် အဖွဲ့အစည်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ မူဝါဒများ၊ ကျင့်ထုံးများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများ၊ သဘာဝနိယာမတရားနှင့်၊ ညွှန်ကြားချက်များနှင့် အညီ စီရင်စစ်ဆေး အဆုံးအဖြတ်ပြုရမည်။

(ခ) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် အမှုတစ်မှုကို စစ်ဆေးရာတွင် မူဝါဒတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် ဆန့်ကျင်မှုရှိ မရှိ၊ ညီညွတ်မှု ရှိ မရှိ အငြင်းပွားမှုပေါ်ပေါက်ပါက အမှုစစ်ဆေးခြင်းကို ခေတ္တခဏ ရပ်ဆိုင်းထားပြီး ကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် အဆုံးအဖြတ်ရယူရမည်။

(ဂ) ၎င်းဆုံးဖြတ်ချက်သည် ထိုအမှုအားလုံးနှင့် သက်ဆိုင်စေရမည်။

(ဃ) စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်သည် အမှုတစ်မှုကို စစ်ဆေးရာတွင် မူဝါဒတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်၏ အနက်အဓိပ္ပါယ်သက်ရောက်မှုကို ကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၉။ ကော်မရှင်နာသည် အရေးကြီးကိစ္စ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန် ကိစ္စရပ်များကို နာယကအဖွဲ့သို့ တိုက်ရိုက်တင်သွင်းခွင့်ရှိသည်။

၃၀။ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ပြစ်မှုစီရင်ရေးနှင့်စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ထားသည့်နည်းလမ်းများနှင့်အညီ နာယကအဖွဲ့သို့ တင်သွင်းခွင့်ရှိသည်။

ရွေးချယ်ခန့်အပ်ခြင်း

၃၁။ ဥက္ကဋ္ဌက ကော်မရှင်နာနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်များအဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသူများသည် စတင်တာဝန်ထမ်းဆောင်ခြင်းမပြုမီ နာယကအဖွဲ့၏အတည်ပြုချက် ရယူရမည်။

၃၂။ စည်းကမ်းထိန်းသိမ်းရေးကော်မတီတွင် ကော်မရှင်နာအပါအဝင် ကော်မတီအဖွဲ့ဝင်များဦးရေ အနည်းဆုံး (၂) ဦးမှ အများဆုံး (၅) ဦးအထိ ခန့်အပ်နိုင် သည်။

၃၃။ ဥက္ကဋ္ဌသည် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ဒုတိယဥက္ကဋ္ဌ အရည်အချင်းများနှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့် ကော်မရှင်နာအဖြစ် ခန့်အပ်ရမည်။ ကော်မရှင်နာသည် အဖွဲ့အစည်းအတွင်း အခြားရာထူးကို ဆောင်ရွက်နေသော ပုဂ္ဂိုလ်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ကော်မရှင်နာအဖြစ် ခန့်အပ်ခံရခြင်းသည် ပုံမှန်လုပ်ငန်းရာထူးမဟုတ်၍ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်နှင့်အညီဖြစ်၍ ၎င်းအခြားရာထူးမှ ရပ်နားသည်ဟု မမှတ်ယူရ။

၃၄။ ဥက္ကဋ္ဌသည် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင် အရည်အချင်းများနှင့် ပြည့်စုံသောပုဂ္ဂိုလ်များအား ကော်မရှင်နာနှင့် ညှိနှိုင်းပြီး နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် များအဖြစ် ခန့်အပ်ရမည်။ စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်သည် အဖွဲ့အစည်းအတွင်း အခြားရာထူးကို ဆောင်ရွက်နေသော ပုဂ္ဂိုလ်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရခြင်းသည် ပုံမှန်လုပ်ငန်းရာထူးမဟုတ်၍ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်နှင့်အညီဖြစ်၍ ၎င်းအခြားရာထူးမှ ရပ်နားသည်ဟု မမှတ်ယူရ။

၃၅။ ကော်မရှင်နာနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များသည် အောက်ပါအကြောင်းတစ်ရပ်ရပ် မပေါ်ပေါက်လျှင် ခန့်အပ်ပြီးအချိန်မှစ၍ (၆) လ တာဝန်ထမ်းဆောင်ခွင့် ရှိသည်-

(က) မိမိသဘောအလျောက် ရာထူးမှ နုတ်ထွက်ခြင်း၊

(ခ) ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲပြစ်တင်ခြင်းခံရ၍ ရာထူးမှ ရပ်စဲခံရခြင်း၊

(ဂ) ကွယ်လွန်ခြင်း။

လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

၃၆။ စာပိုဒ် (၂၈) ပါ အကြောင်းတစ်ရပ်ရပ်ကြောင့် ကော်မရှင်နာ သို့မဟုတ် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်ရာထူးနေရာလစ်လပ်လျှင် ဥက္ကဋ္ဌသည် ကော်မရှင်နာ သို့မဟုတ် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်းနှင့် စပ်လျဉ်းသည့် သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ကော်မရှင်နာအသစ် သို့မဟုတ် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။

စွပ်စွဲပြစ်တင်ခြင်း

၃၇။ ကော်မရှင်နာနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင် လိုပါက ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

အရာရှိများ၏စီရင်ပိုင်ခွင့်များ

၃၈။ အဖွဲ့အစည်းအတွင်း အောက်ဖော်ပြပါ အရာရှိအဆင့်ဆင့်သည် ပြစ်မှုစီရင်ပိုင်ခွင့်ရှိသည်-

(က) အထက်တန်းအရာရှိများ၊ 

(ခ) အထက်အလယ်တန်းအရာရှိများ။

၃၉။ အထက်တန်းအရာရှိများသည် စည်းကမ်းထိန်းသိမ်းရေးကော်မတီက သတ်မှတ်ထားသော စီရင်ပိုင်ခွင့်များနှင့်အညီ စည်းမျဉ်းစည်းကမ်း၊ တားမြစ်ချက်များနှင့် အခြားမူဝါဒတစ်ရပ်ရပ် အရ သတ်မှတ်ထားသော အမှုများကို စီရင်ပိုင်ခွင့်ရှိသည်။

၄၀။  အထက်တန်းအရာရှိများသည် အထက်အလယ်တန်းအရာရှိများက ချမှတ်သော စီရင်ချက်နှင့် ညွှန်ကြားချက်ကို အယူခံစီရင်ပိုင်ခွင့်အနှင့် ပြင်ဆင်စီရင်ပိုင်ခွင့်မရှိ။ စည်းကမ်းထိန်းသိမ်းရေးကော်မတီထံ တွင်သာ အယူခံနိုင်သည်။

၄၁။ အထက်အလယ်တန်းအရာရှိများသည် စည်းကမ်းထိန်းသိမ်းရေးကော်မတီက သတ်မှတ်ထားသော စီရင်ပိုင်ခွင့်များနှင့်အညီ စည်းမျဉ်းစည်းကမ်း၊ တားမြစ်ချက်များနှင့် အခြားမူဝါဒတစ်ရပ်ရပ် အရ သတ်မှတ်ထားသော အမှုများကို စီရင်ပိုင်ခွင့်ရှိသည်။

အခန်း (၅) 

အဖွဲ့အစည်းအတွင်းစည်းမျဉ်းစည်းကမ်းများနှင့်တားမြစ်ချက်များ

အဖွဲ့ ဖွဲ့စည်းပုံအခြေခံမူ၊ မူဝါဒများနှင့် စည်းကမ်းချိုးဖောက်မှု

၄၂။ (က) ပြစ်ဒဏ်များပါဝင်သော မူဝါဒစည်းကမ်းများကို ဖောက်ဖျက်ခြင်း

ပြစ်ဒဏ်များပါဝင်သော မူဝါဒစည်းကမ်းများကို ဖောက်ဖျက်လျှင် ၎င်းပြစ်ဒဏ်အတိုင်းသာ အရေးယူခြင်းပြုရမည်။ 

(ခ) ပြစ်ဒဏ်များမပါဝင်သော မူဝါဒစည်းကမ်းများကို ဖောက်ဖျက်ခြင်း

ပြစ်ဒဏ်များမပါဝင်သော မူဝါဒစည်းကမ်းများကို ဖောက်ဖျက်လျှင် အမှုကြီးမဟုတ်လျှင် ကြီးကြပ်စီမံသူများမှ သင့်တော်သလို ပြစ်ဒဏ်ပေးနိုင်ပြီး အမှုကြီးဖြစ်ပါက စည်းကမ်ထိန်းသိမ်းရေးကော်မတီက လိုအပ်သလို စီမံရမည်။ 

(ဂ) ဖွဲ့စည်းပုံအခြေခံမူနှင့်ပက်သက်သော ပြစ်မှုများ

အဖွဲ့အတွင်းမည်သူမဆို  ဖွဲ့စည်းပုံအခြေခံမူနှင့်မကိုက်ညီလျှင် အဖွဲ့မှထုတ်နှုတ်ပစ်ရမည့်အပြင် ဖောက်ဖျက်ခြင်းခံရပါက စည်းကမ်ထိန်းသိမ်းရေးကော်မတီက သို့မဟုတ် အရေးယူပိုင်ခွင့်ရှိသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက ထိုက်သင့်သည့် ကြီးလေးသောပြစ်မှုအနေဖြင့် အရေးယူမှုပြုလုပ်ရမည်။ 

အဖွဲ့အစည်းတွင်းအချင်းများကြခြင်း

၄၃။ အတူတကွအလုပ်လုပ်သောအဖွဲ့ဝင်များသည် လုပ်ငန်းခွင်အတွင်း သို့မဟုတ် လုပ်ငန်းခွင်ပြင်ပတွင် သဘာဝအတိုင်း ခင်မင်ရင်းနှီးမှုများ ဖြစ်ပေါ်လာနိုင်သည်။ အချင်းချင်း ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်သောကြောင့် တစ်ဦးနှင့်တစ်ဦးအကြားတွင် ဤဆက်ဆံရေးကို အဖွဲ့အစည်းအနေဖြင့်အားပေးသည်။ သို့သော် လုပ်ငန်းခွင်ပြင်ပ ပုဂ္ဂိုလ်ရေးဆိုင်ရာ အငြင်းပွားမှုများကိုမူ လုပ်ငန်းခွင်ပြင်ပတွင်သာထားရှိရမည်။

၄၄။ (က) ပြင်ပအချင်းအရာများကြောင့်မဟုတ်လျှင် အဖွဲ့အစည်းတွင်းအချင်းချင်း အချင်းများဖြစ်ပွားပါက ၎င်းတို့၏ အထက်အဆင့် အရာရှိများသည် ဤကိစ္စကို ပြေလည်အောင်ဖြေရှင်းပေးရမည်။

(ခ) အထက်ဖော်ပြပါ စာပိုဒ်အရ အချင်းဖြစ်ပွားရာ၌ အဖွဲ့၏စည်းကမ်းများကို ချိုးဖောက်ကျူးလွန်ခဲ့သည်ရှိသော် ၎င်းတို့ကို ထိုစည်းကမ်းနှင့်သက်ဆိုင်သည့် အပြစ်ဒဏ်များအပြင် ၎င်းတို့ပုံမှန်လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာကိုတိုး၍ပေးရမည်။ ထိုသို့တိုးပေးသည့် လုပ်ငန်းဆောင်တာများကို အချင်းဖြစ်ပွားသူအချင်းချင်းသာ ကိုယ်တွယ်ညှိုနှိုင်း‌ ဆောင်ရွက်၍ယူရသော လုပ်ငန်းသာဖြစ်စေရမည်။ 

၄၅။ အခက်မသင့်၍ နားလည်မှုလွဲစွာဖြစ်ပွားသော ပြဿနာများ အဖွဲ့ဝင်အချင်းချင်းတွင်ဖြစ်ပွားခဲ့သည်ရှိသော် ၎င်းတို့၏အထက်အရာရှိများသည် ပြေလည်အောင်ညှိနှိုင်းပေးရမည်။

မထီမဲ့မြင်ပြုစော်ကားခြင်း

၄၆။ အဖွဲ့အတွင်းမည်သူမဆို ၊ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်၊ သို့တည်းမဟုတ် နာယကအဖွဲ့ဝင်များ သို့တည်းမဟုတ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များအတွက် အဖွဲ့အစည်းကို အမုန်းပွားအောင်သော်၎င်း၊ မလေးစားအောင်သော်၎င်းပြုလျှင်၊ သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ်လျှင်၊ သို့တည်းမဟုတ် ထိုသို့ လှုံ့ဆော်ရန် အားထုတ်လျှင်၊ ထိုသူသည် ကြီးလေးသောပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။

၄၇။ အဖွဲ့အတွင်း အစုအဝေးကသော်၎င်း၊ တဦးဦးကသော်၎င်း၊ အနိုင်အထက်ပြုလုပ်လျှင်၊ သို့တည်းမဟုတ် သောင်းကျန်းလျှင် အဖွဲ့အတွင်းမည်သူမဆို ၊ ရုန်းရင်းဆန်ခတ်မှု ကျူးလွန်ခြင်းမပြုရ။  ပြုလုပ်ခဲ့သော် ထိုသူသည် ကြီးလေးသောပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။

၄၈။ အဖွဲ့အတွင်းမည်သူမဆို ၊ နှုတ်ဖြင့်ဖြစ်စေ၊ ဖတ်ရှုစေရန် ကြံရွယ်သည့် စကားဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ လူတဦးတယောက်၏ အသရေကို နစ်နာစေရန် အကြံဖြင့်သော်၎င်း၊ ထိုသူနှင့်စပ်လျဉ်းသော စွပ်စွဲခြင်းသည် ထိုသူ၏ အသရေကို နစ်နာစေမည်ဟု သိလျက်နှင့်သော်၎င်း၊ ထိုသို့ယုံကြည်ရန် အကြောင်းရှိလျက်နှင့်သော်၎င်း၊ ထိုသူနှင့် စပ်လျဉ်းသော စွပ်စွဲချက်ကိုပြုလျှင်၊ ထိုသူသည် ကြီးလေးသောပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။ 

၄၉။ အဖွဲ့အတွင်းမည်သူမဆို၊ ယောကျ်ားလေး သု့မဟုတ် မိန်းကလေးတဦးဦး၏ ကာယိန္ဒြေ၊ ဂုဏ်သိက္ခာကို စော်ကားရန်ကြံရွယ်၍ ပြောဆိုခြင်းပြုသည်တွင်၊ သို့တည်းမဟုတ် အသံပြုသည်တွင် သို့တည်းမဟုတ် ကိုယ်အမူအရာကို ပြသသည်တွင်၊ သို့တည်းမဟုတ် အရာဝတ္ထု တခုခုကို ပြသည်တွင်၊ ပြောဆိုသော စကားကိုဖြစ်စေ၊ ပြုသောအသံကိုဖြစ်စေ၊ ထိုစော်ကားခံရသူအား ကြားစေရန် ကြံရွယ်လျှင်၊ သို့တည်းမဟုတ် ပြုသောကိုယ်အမူအရာကိုဖြစ်စေ၊ ပြသောအရာဝတ္ထုကိုဖြစ်စေ၊ ထိုစော်ကားခံရသူအား မြင်စေရန် ကြံရွယ်လျှင်၊ သို့တည်းမဟုတ် ထိုစော်ကားခံရသူ၏ ကာယိန္ဒြေ၊ ဂုဏ်သိက္ခာကို စော်ကားရန်ကြံရွယ်ကျူးလွန်လျှင်၊ ထိုသူသည် ကြီးလေးသောပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။

၅၀။ မြန်မာ့သစ်ခွတွင် နှုတ်နှင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ခွင့်ပြုထားသောလမ်းကြောင်းမှအပ ဆက်သွယ်မှုအားလုံးထံမှ လေးစားမှု ရှိရမည်ဖြစ်ပြီး သတ်မှတ်ပုံစံဖြင့်သာ ပေးပို့ရမည်ဖြစ်သည်။ ၎င်း ခွင့်ပြုထားသောလမ်းကြောင်းမှအပ ဆက်သွယ်မှုအားလုံးတွင် ဆဲဆိုခြင်း နှင့် တစ်စုတစ်ဖွဲ့ (သို့မဟုတ်) လူတစ်ဦးချင်းစီကို သာမာန်အရ အသရေဖျက်မည့် မည်သည့်ဘာသာစကားကို မဆို အသုံးမပြုရ။ ဤအချက်ကို ကျူးလွန်လျှင်၊ ထိုသူသည် သာမာန်ပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။

လုပ်ငန်းခွင်နှောင့်ယှက်ခြင်း

၅၁။ နှောင့်ယှက်ခြင်းသည် ကျယ်ပြန့်သော အသုံးအနှုန်းဖြစ်ပြီး အတင်းအဖျင်းပြောခြင်းကဲ့သို့ အန္တရာယ်မရှိသော လုပ်ရပ်များလည်း ပါဝင်နိုင်သည်။ နှောင့်ယှက်ခြင်း၏ ပြည့်စုံသောစာရင်းကို မဖန်တီးနိုင် သော်လည်း နှောင့်ယှက်မှုဟု တစ်စုံတစ်ဦးကယူဆသော် စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် နှောင့်ယှက်မှု ဖြစ်သည်၊ မဖြစ်သည်ကို စဉ်းစားဆုံးဖြတ်ပေးနိုင်သည်။ နှောင့်ယှက်မှုဖြစ်ပါက သာမာန်ပြစ်မှု ကျူးလွန်သည်ဟုမှတ်ယူရမည်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမဟုတ်သော သာမာန်ပြစ်မှုဟု ယူဆ၍ မရနိုင်သောပြစ်မှုမျိုးကို လုပ်ငန်းခွင်အကြမ်းဖက်မှု သို့မဟုတ် အကျိုးဖျက်စီးမှု ခေါင်းစဉ်ဖြင့် အရေးယူရမည်။

၅၂။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းကို အဖွဲ့အစည်းအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။ အဖွဲ့ဝင်တစ်ဦးဦးသည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွင် အပြစ်ရှိကြောင်း တွေ့ရှိပါက ၎င်းအား ကြီးလေးသောပြစ်မှုအဖြစ်သတ်မှတ်ကာ အမည်ပျက်စာရင်းသွင်း၍ အလုပ်နှင့် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲရမည်။

လုပ်ငန်းခွင်အကြမ်းဖက်မှု

၅၃။ အဖွဲ့အစည်း၏ လုပ်ငန်းခွင်တွင် အကြမ်းဖက်မှုသည် အလွန်ပြင်းထန်သော နှောင့်ယှက်မှုပုံစံဖြစ်သည်။ ၎င်းတွင် ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ပိုင်ဆိုင်မှုကို ဖျက်ဆီးမှု၊ လူတစ်ဦး သို့မဟုတ် ပိုင်ဆိုင်မှုကို ထိခိုက်စေရန် ခြိမ်းခြောက်မှုများ၊ နှုတ်နှင့် စိတ်ပိုင်းဆိုင်ရာ စော်ကားမှုများ ပါဝင်သည်။ 

၅၄။ တစ်စုံတစ်ဦးသည် အကြမ်းဖက်ခံရသည်ဟု သံသယရှိလျှင် သို့မဟုတ် သိရှိလျှင် စည်းကမ်းထိန်းသိမ်းရေးကော်မတီထံ အကြမ်းဖက်ခံရသူကိုယ်စား တိုက်ရိုက်တိုင်တန်း သတင်းပို့နိုင်သည်။ 

၅၅။ အခြားသူများကို အနုနည်းအရ အန္တရာယ်ဖြစ်စေသော နှုတ်ဖြင့်ခြိမ်းခြောက်သော အဖွဲ့ဝင်များကို သာမာန်ပြစ်ဒဏ်အဖြစ် သတ်မှတ်ရမည်။ အမှုဆောင်ရုံးတစ်ရုံးရုံး သို့မဟုတ် လူ့အရင်းအမြစ်ဆိုင်ရာဌာန သည် အဖွဲ့ဝင်တစ်ဦးဦးက အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်ကြောင်း တွေ့ရှိပါက အဆိုပါအဖွဲ့ဝင်ကို စည်းကမ်းထိန်းသိမ်းရေးကော်မတီထံတင်ပြပြီး သက်သေထင်ရှားပါက အလုပ်နှင့် အဖွဲ့ဝင်အဖြစ်မှထုတ်ပယ်ပြီး အမည်ပျက်စာရင်းသွင်းကာ လိုအပ်ပါက သက်ဆိုင်ရာ ရုံးတော်၌ ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တင်နိုင်သည်။ 

၅၆။ ပစ္စည်းဥစ္စာတစ်ခုခုကို တမင်တကာ ပျက်စီးစေသော အဖွဲ့ဝင်များသည် သာမာန်ပြစ်မှု ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းအတွက် တန်ဖိုး (၂)ဆကို ပေးဆောင်ရန် တာဝန်ရှိသည်။ ပစ္စည်းဥစ္စာ အများအပြားကို တမင်တကာ ပျက်စီးစေသော အဖွဲ့ဝင်များသည် ကြီးလေးသောပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။

အထက်အရာရှိအားကလှန်ကဆန်ပြုခြင်း

၅၇။ အဖွဲ့အရာရှိတဦးက အရာရှိအဖြစ်ဖြင့် စည်းမျဉ်းမူဝါဒများနှင့်အညီ ထုတ်ဆင့်ပိုင်သည့်အတိုင်း ချိန်းဆိုသောကာလတွင်၊ ချိန်းဆိုသောနေရာသို့ တဦးတယောက်သောသူအား ကိုယ်တိုင်သော်၎င်း၊ ကိုယ်စားလှယ်သော်၎င်း၊ တက်ရောက်စေရန် အကြောင်းကြားစာဖြစ်စေ၊ ညွှန်ကြားစာဖြစ်စေ ထုတ်ဆင့်သည်ကို ထိုသူသည် စည်းမျဉ်းအရ လိုက်နာရန် ဖြစ်ပါလျက်နှင့် ချိန်းဆိုသောကာလတွင် ချိန်းဆိုသောအရပ်သို့ မတက်ရောက်ဘဲ တမင်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် တက်ရောက်ရန် တာဝန်ရှိသည့်နေရာမှ ခွင့်ပြုချက်အရထွက်ခွာသွားခွင့် ရသောအချိန်မတိုင်မှီ ထွက်ခွာသွားလျှင် ထိုသူသည် သာမာန်ပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။

စာတမ်း၊ အစီအရင်ခံစာတင်ပြရန် ပျက်ကွက်မှု

၅၈။ အဖွဲ့ဝင်အဖြစ်သော်၎င်း အရာရှိအဖြစ်ဖြင့်သော်၎င်း ထိုသူ၏အထက်အရာရှိသို့ စာတမ်းအမှတ်အသား တခုခု တင်ပြရန်သော်၎င်း၊ ပေးအပ်ရန်သော်၎င်း၊ တာဝန်ရှိသောသူသည် ထိုစာတမ်းအမှတ်အသားကို မတင်ပြဘဲ၊ သို့တည်းမဟုတ် မပေးအပ်ဘဲ တမင်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် စာတမ်းအမှတ်အသားကို အလျင်အမြန် တင်ပြရန်ဖြစ်လျှင်၊ သို့တည်းမဟုတ် ပေးအပ်ရန်ဖြစ်လျှင်၊ ထိုသူသည် သာမာန်ပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။

မေးပိုင်ခွင့်ရှိသည့်မေးခွန်းကိုဖြေဆိုရန် ငြင်းဆန်ခြင်း 

၅၉။ အကြောင်းအရာ တခုခုနှင့် စပ်လျဉ်း၍ အရာရှိအား အဖွဲ့အခြေခံမူပါ အခွင့်အရေးများအားမဆန့်ကျင်ဘဲ အမှန်ကိုထွက်ဆိုရန် တာဝန်ရှိသော သူသည် ထိုအရာရှိက မိမိ၏ ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကိုသုံးစွဲလျက်၊ ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍ မေးသော မေးခွန်းကို ဖြေဆိုရန် ငြင်းပယ်လျှင်၊ ထိုသူသည် သာမာန်ပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။

ဒါရိုက်တာများမှ ခေါ်ယူမေးမြန်းပိုင်ခွင့်

၆၀။ (က) ဒါရိုက်တာ တစ်ဦးဦးသည် မည်သည့်ဌာနမှ ဌာနဝင်ကိုမဆို  အကြောင်းအရာတစ်ခုခုအား ထုတ်ဆင့်မေးမြန်းခွင့်ရှိသည်။

(ခ) ထိုသို့မေးမြန်းခြင်းကို ဖြေဆိုရန်ငြင်းဆန်ပါက ထိုသူသည် သာမာန်ပြစ်မှုကို ကျူးလွန်သည်ဟု မှတ်ယူရမည်။

အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန်ငြင်းပယ်ပိုင်ခွင့်

၆၁။ (က) ဒါရိုက်တာတစ်ဦးဦးသည် ထွက်ခွာတော့မည့်အဖွဲ့ဝင်အား အဖွဲ့အစည်း၏နာမည်ဖြင့်အလွဲသုံးစားလုပ်ရန်သော်လည်းကောင်း၊ လုပ်လျှင်သော်လည်းကောင်း၊ အဖွဲ့စည်းကမ်းအတော်အများအားလိုက်နာခြင်းမရှိခဲ့ဟုသော်လည်းကောင်း၊ ခိုင်လုံသောအထောက်အထားဖြင့်ပြနိုင်လျှင် လူ့အရင်းအမြစ်ဆိုင်ရာဌာနအား ၎င်းပုဂ္ဂိုလ်ကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးပိုင်ခွင့်အားတားမြစ်နိုင်သည်။ 

(ခ) အခြား အဖွဲ့ဝင်ခြင်းမဟုတ်သော အသိအမှတ်ပြုလက်မှတ်များကိုလည်း သက်ဆိုင်ရာဌာနများအား ထိုနည်း၎င်း ကန့်သတ်နိုင်သည်။

(ဂ) အထက်ပါစာပုဒ်များအရ အသိအမှတ်ပြုလက်မှတ်ရကို ပေးအပ်ခဲ့ပြီးဖြစ်ပါက အလုပ်အမှုဆောင်ဘုတ်အဖွဲ့အမည်ဖြင့် ၎င်းဒါရိုက်တာက ပယ်ဖျက်နိုင်သည်။

အကျိုးဖျက်ဆီးမှု 

၆၂။ အဖွဲ့အတွင်းမည်သူမဆို ၊ အဖွဲ့ဝင်များကိုဖြစ်စေ၊ လူတဦး တယောက်ကိုဖြစ်စေ၊ မတရားသဖြင့် ဆုံးရှုံးခြင်း၊ သို့တည်းမဟုတ် ပျက်စီး နစ်နာခြင်းဖြစ်စေရန် အကြံနှင့်သော်၎င်း၊ ထိုသို့ ဆုံးရှုံးခြင်း၊ သို့တည်းမဟုတ် ပျက်စီးနစ်နာခြင်း ဖြစ်စေတန်ရာသည်ကို သိလျက်နှင့်သော်၎င်း၊ စနစ်တစ်ခုခု၊ လုပ်ငန်း၊ ပရောဂျက်တခုခု၊ ပစ္စည်းတခုခုကို ဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် စနစ်တစ်ခုခု၊ လုပ်ငန်း၊ ပရောဂျက်တခုခု၊ ပစ္စည်းတခုခု၏တန်ဘိုးဖြစ်စေ၊ အသုံးဝင်မှုကိုဖြစ်စေ၊ ပျက်စီးအောင်၊ သို့တည်းမဟုတ် ယုတ်လျော့အောင်၊ သို့တည်းမဟုတ် နစ်နာလောက်အောင် ထိုစနစ်တစ်ခုခု၊ လုပ်ငန်း၊ ပရောဂျက်တခုခု၊ ပစ္စည်းတခုခု၌၊ သို့တည်းမဟုတ် ထိုစနစ်တစ်ခုခု၊ လုပ်ငန်း၊ ပရောဂျက်တခုခု၊ ပစ္စည်းတခုခု၏ အနေအထား၌ ပြောင်းလဲခြင်းကို ဖြစ်စေလျှင်၊ အဖွဲ့အတွင်းမည်သူမဆို ၊ ဤအကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင်၊ ထိုသူသည် ကြီးလေးသောပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။

အဖွဲ့ဝင်များ၏ ပြင်ပကိုယ်ရေးကိုယ်တာကိစ္စ

၆၃။ အဖွဲ့ဝင်တစ်ယောက်၏ပြင်ပကိုယ်ရေးကိုယ်တာ အပြုအမူသည် အဖွဲ့အစည်းနှင့်မသက်ဆိုင်စေရ။ ထို့ကြောင့် ပြင်ပကိစ္စနှင့်ပက်သက်၍လည်း အဖွဲဝင်အချင်းချင်း ဖြစ်ပွားသည့် ပြဿနာကို အဖွဲ့တာဝန်ရှိသူများမှ ဖြေရှင်းပေးမည်မဟုတ်ပါ။ သို့သော် ခြွင်းချက်အဖြစ် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်ကို ထိပါးလာသည်ဟု စည်းကမ်းထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ သို့မဟုတ် အကြံပေးဘုတ်အဖွဲ့က ထင်မြင်ပါက ၎င်းသက်ဆိုင်ရာဘုတ်အဖွဲ့အစည်းအဝေး၏ အဖွဲ့ဝင်များ၏ ၁/၂ ထောက်ခံချက်ဖြင့် ၎င်းအဖွဲ့ဝင်ကို ကြီးလေးသောပြစ်မှုကျူးလွန်သည်ဟု သတ်မှတ်အရေးယူ၍ အဖွဲ့မှထုတ်ပယ်ရန် လူ့အရင်းအမြစ်ဆိုင်ရာဌာန၊ ဒါရိုက်တာထံသို့ ညွှန်ကြားနိုင်သည်။

၆၄။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဦး သို့မဟုတ် အကြံပေးဘုတ်အဖွဲ့ဝင်တစ်ဦးဦးတို့၏ ကိုယ်ပိုင်ကိုယ်ရေးကိုယ်တာ အမြင်အရ ပြင်ပမှ အပြုအမူကိစ္စများသည် အဖွဲ့အစည်းနှင့် မည်သို့မျှမသက်ဆိုင်စေရ။ သို့သော် ခြွင်းချက်အဖြစ် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်ကို ထိပါးလာသည်ဟု အလုပ်အမှုဆောင်ဘုတ်အဖွဲ့ သို့မဟုတ် အကြံပေးဘုတ်အဖွဲ့က သို့မဟုတ် အ‌ထွေထွေအစည်းအဝေးက ထင်မြင်ပါက ၎င်းအား ဖွဲ့စည်းပုံအခြေခံမူပါ စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆောင်ရွက်ရမည်။

လုပ်ပိုင်ခွင့်၊ လုပ်ငန်းတာဝန်နှင့် တာဝန်ခံယူမှု

၆၅။ (က) အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ ဖွဲ့စည်းပုံအခြေခံမူနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့လက်စွဲမူဝါဒ အတိုင်းသာဖြစ်သည်။ 

(ခ) နာယကအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ ဖွဲ့စည်းပုံအခြေခံမူနှင့် အကြံပေးဘုတ်အဖွဲ့ လက်စွဲမူဝါဒ အတိုင်းသာဖြစ်သည်။

(ဂ) ဌာနအရာရှိ၊ မန်‌နေဂျာ၊ ကြီးကြပ်ရေးမှူးများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ ဖွဲ့စည်းပုံအခြေခံမူ၊  အလုပ်အမှုဆောင်ဘုတ်အဖွဲ့လက်စွဲမူဝါဒ၊ အခြားသက်ဆိုင်ရာမူဝါဒများနှင့် 

(ဃ) သာမာန်အဖွဲ့ဝင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ ဖွဲ့စည်းပုံအခြေခံမူ၊ သက်ဆိုင်ရာမူဝါဒများနှင့် သက်ဆိုင်ရာ အသင်းနှင့် ပုဂ္ဂိုလ်ခြင်းဆိုင်ရာ တာဝန်နှင့်လုပ်ပိုင်ခွင့်ပါ အတိုင်းသာဖြစ်သည်။

၆၆။ အခြေခံ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲလ်များဖြင့် ၎င်းတို့၏ တာဝန်များကို ယုံကြည်စိတ်ချရခြင်း၊ စည်းကမ်းရှိပြီး မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း စသည့်အချက်များကို အဖွဲ့အစည်းအာဏာပိုင်မှတွေ့ရှိပါက အဖွဲ့ဝင်များသည် အဝေးမှ အွန်လိုင်းဖြင့်သော်လည်းကောင်း မြေပြင်တွင်လည်းကောင်း မိမိတာဝန်များကို သက်ဆိုင်ရာမူဝါဒများနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်သည်။

၆၇။ (က) အဖွဲ့အတွင်းမည်သူမဆို ၎င်းတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်အရ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရမည်။ 

(ခ) အဖွဲ့ဝင်များသည် ၎င်းတို့အား ပေးထားသည့် အလုပ်အချိန်ဇယားများကို လိုက်နာရမည်ဖြစ်ပြီး သတ်မှတ်ရက်ပြည့်မီရန်၊ အရည်အသွေးမြင့် စံချိန်စံညွှန်းများကို လိုက်နာရန်နှင့် နေ့စဉ်အစီရင်ခံစာများ တင်သွင်းရမည်ဖြစ်သည်။ အခြေအနေအရပျက်ကွက်မှုအချို့ကို ခွင့်ပြုသည်။

(ဂ) အဖွဲ့အတွင်းမည်သူမဆို အထက်ပါ လုပ်ငန်းတာဝန်များကို ပျက်ကွက်ပြီး တာဝန်ယူမှုနှင့် တာဝန်ခံမှုမရှိလျှင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များအတွက် အခြေခံမူပါ စွပ်စွဲပြစ်တင်ခြင်းအရသာဆောင်ရွက်ခွင့်ရှိပြီး ကျန်အဖွဲ့ဝင်များအတွက် ကြီးလေးသော ပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။

(ဃ) အဖွဲ့အတွင်းမည်သူမဆို စာပိုဒ်ခွဲ (ဂ)အရ အရေးယူခံရ၍ အယူခံဝင်လိုလျှင် စည်းကမ်းထိန်းသိမ်းရေးကော်မတီထံ အယူခံဝင်နိုင်သည်။

၆၈။ အချိန်နှင့် အလုပ်များကို စီမံခန့်ခွဲခြင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်ခြင်း၊ ပရောဂျက်များနှင့် အရင်းအမြစ်များကို ရယူခြင်းတို့အတွက် အဖွဲ့ဝင်များအတွက် လိုအပ်သော ဆော့ဖ်ဝဲလ်ကိရိယာများကို ရရှိနိုင်မည်ဖြစ်သည်။

၆၉။ သက်ဆိုင်ရာမူဝါဒများနှင့်အညီ အဖွဲ့ဝင်တစ်ဦးစီ၏ လုပ်ရည်ကိုင်ရည်ကို ဆုံးဖြတ်ကာ ၎င်းတို့၏ စွမ်းဆောင်ရည်ကို လစဉ် တိုင်းတာမည်ဖြစ်သည်။

၇၀။ (က) အဖွဲ့ဝင်များသည် အထက်အရာရှိ၏ခွင့်ပြုချက်နှင့် ပိတ်ရက်များမှလွဲ၍ အဖွဲ့အစည်း၏ လုပ်ငန်းလိုအပ်ချက်အလျောက် နေ့စဉ် အနည်းဆုံး ၃ နာရီကြာ အွန်လိုင်းတွင် ရှိနေရမည် ဖြစ်သည်။ 

(ခ) လုပ်ဖော်ကိုင်ဖက် သို့မဟုတ် အထက်အရာရှိထံမှ ပေးစာမှန်သမျှကို တတ်နိုင်သမျှ အမြန်ဖြေကြားပေးရမည်။ 

(ဂ) အဖွဲ့အတွင်းမည်သူမဆို ဤစာပိုဒ်၏ စာပိုဒ်ခွဲ (က) နှင့် (ခ) အရ လုပ်ငန်းတာဝန် ပျက်ကွက်ပါက သာမာန်ပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။

(ဃ) အဖွဲ့အတွင်းမည်သူမဆို စာပိုဒ်ခွဲ (ဂ) အရ အရေးယူခံရ၍ အယူခံဝင်လိုလျှင် စည်းကမ်းထိန်းသိမ်းရေးကော်မတီထံ အယူခံဝင်နိုင်သည်။

(င) အဖွဲ့၀င်များနှင့် ဆက်သွယ်ရန်နှင့် ပရောဂျက်များတွင် ပူးပေါင်းလုပ်ဆောင်ရန်အတွက် ဆော့ဖ်ဝဲလ်ကိရိယာများကို ပံ့ပိုးပေးထားရမည်။ 

၇၁။ အစည်းအဝေးများကို အနည်းဆုံးတစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်ရန် စီစဉ်ရမည်ဖြစ်ပြီး ဤအချိန်တွင်အဖွဲ့ဝင်များနှင့် ကြီးကြပ်ရေးမှူးတို့အကြား ဆွေးနွေးညှိနှိုင်းရမည်ဖြစ်သည်။ ဤပြဋ္ဌာန်းချက်ကြောင့် အဖွဲ့ဝင်များနှင့် ကြီးကြပ်ရေးမှူးအထက်အရာရှိများသည် အခြားအချိန်တွင် ဆွေးနွေးညှိနှိုင်းခြင်းမပြုနိုင်ဟု မမှတ်ယူရ။ 

ဒါရိုက်တာများ၊ မန်နေဂျာနှင့်ကြီးကြပ်ရေးမှူးများအပေါ် မကျေနပ်မှုပြဿနာ

၇၂။ (က) မိမိ၏ အထက်အရာရှိများအပေါ် မကျေမနပ်မှုဖြစ်ပွားကာ ၎င်းသည် ဤမူဝါဒ သို့မဟုတ် အခြားမူဝါဒများအရ ပြဌာန်းချက်မပါရှိပါက သို့မဟုတ် အထက်အရာရှိများ၏ ပြစ်ဒဏ် ဆုံးဖြတ်ချက်ကို မကျေမနပ်မှုပေါ်ပေါက်သော် စည်းကမ်းထိန်းသိမ်းရေးကော်မတီက လိုအပ်သည့် ကြားဝင်ဖြေရှင်းမှုပြုလုပ်ရမည်။ ၎င်းအဖွဲ့အတွင်း မကျေမနပ်ခံရသူပါရှိပါက ကြားဝင် ဖြေရှင်းဆုံးဖြတ်ရာတွင်မပါဝင်ရ။

(ခ) အထက်ပါပြဿနာသည် အရေးယူရန်လိုအပ်ပါက ဤမူဝါဒ သို့မဟုတ် အခြားမူဝါဒများအရ ပြဌာန်းချက်မပါရှိပါသော် စည်းကမ်းထိန်းသိမ်းရေးကော်မတီကသာ မဲခွဲဆုံးဖြတ်၍ စီမံဆုံးဖြတ် အရေးယူစေရမည်။ 

အရာရှိများ၏တာဝန် မကျေပွန်ခြင်း

၇၃။ (က) ဒါရိုက်တာများသည် လမ်းညွှန်ချက်သာပေးရန်တာဝန်ရှိပြီး  ကိစ္စအကြောင်းအရာများကို စီမံခန့်ခွဲရန်တာဝန်ရှိသော အရာရှိများသည် မိမိတာဝန်ကို မကျေပွန်ပါက အယုံအကြည်မရှိ အဆိုတင်သွင်းခြင်း သို့မဟုတ် စွပ်စွဲပြစ်တင်အရေးယူခြင်း ပြုရမည်။

(ခ) အကြောင်းကိစ္စများကြောင့် စီမံခန့်ခွဲရန်တာဝန်ရှိသော အရာရှိများသည် ထိုကိစ္စတစ်ခုခုအတွက် မအားလပ်သဖြင့် တာဝန်မထမ်းဆောင်နိုင်သော် ၎င်း၏ လက်ထောက်အရာရှိတို့က အဖွဲ့ဝင်များဖြင့်သော်လည်းကောင်း၊ ဒါရိုက်တာဖြင့်‌သော်လည်း‌ကောင်း တိုင်ပင်၍ဆောင်ရွက်ရမည်။ ထိုသို့မဆောင်ရွက်ပါက အထက်ပါ စာပိုဒ်အတိုင်း ၎င်းလက်ထောက်အား သာမာန်ပြစ်မှုဖြင့် အရေးယူရမည်။

မြေပြင်ဆိုင်ရာကိစ္စရပ်များ

၇၃။ ခရီးစရိတ်၊ နေရာထိုင်ခင်း၊ အစားအသောက်နှင့် ပတ်သက်သော ကုန်ကျစရိတ်များသည် အဖွဲ့ဝင်၏ တာဝန်ဖြစ်သည်။ သို့သော်လည်း အဖွဲ့အစည်းမှ တစ်ခါတစ်ရံ ထောက်ပံ့ပေးမည် ဖြစ်သည်။

၇၄။ အဖွဲ့ဝင်များသည် မြန်မာ့သစ်ခွတွင် မြေပြင်လုပ်အားပါဝင်စဉ်အတွင်း အရက် သို့မဟုတ် တရားမဝင်ပစ္စည်းများကို သောက်သုံးခွင့်ပြုမည်မဟုတ်ပါ။ အကယ်၍ အရက် သို့မဟုတ် တရားဝင်မူးယစ်ဆေးကို သောက်သုံးခြင်းဖြင့် ကျူးလွန်ပါက ထိုသူသည် သာမာန်ပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။ သို့သော် တရားမဝင်မူးယစ်ဆေးကို သောက်သုံးခြင်းဖြင့် ကျူးလွန်ပါက ထိုသူသည် ကြီးလေးသောပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။

အဖွဲ့အစည်းအတွင်းဆက်သွယ်ရေးနှင့် ဆက်ဆံရေး

၇၅။ (က) အဖွဲ့အစည်းအတွင်း ဆက်သွက်သွယ်ရေးကြားခံနယ်များအတွက် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အခါအားလျော်စွာ သတ်မှတ်ပေးမည်ဖြစ်ပါသည်။ 

(ခ) ထိုကြားခံနယ်များအတွင်းတွင်လည်း ဤမူဝါဒကိုလိုက်နာရမည်။ 

(ဂ) ကြားခံနယ်များအတွင်း ရင်းရင်းနှီးနှီးဆက်သွယ်ကြရမည်။

(ဃ) အဖွဲ့ဝင်အချင်းချင်း အဖွဲ့အစည်းမှ သတ်မှတ်ပေးသော မီဒီယာကြားခံနယ်များတွင် လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်းဆက်သွယ်နိုင်သည်။

(င) အဖွဲ့ဝင်အချင်းချင်း လေးစာမှုရှိရမည်။ 

(စ) အဖွဲဝင်အချင်းချင်း ဖော်ရွေပြူငှာစွာဆက်ဆံရမည်။

(ဆ) အဖွဲ့ဝင်အချင်းချင်း ချစ်ခင်ရင်းနှီးလာစေရန် ကစားနည်းများ၊ အခြားကိစ္စရပ်များပြုလုပ်နိုင်သည်။

(ဇ)  အဖွဲဝင်အချင်းချင်း ခွဲခြားဆက်ဆံမှုပြုပါက သတ်မှတ်စည်းကမ်းများ အတိုင်းအရေးယူရမည်။

(ဈ) အထက်အရာရှိများမှတစ်ဆင့်လည်းဆက်သွယ်ဆောင်ရွက်နိုင်သည်။ 

၇၆။ (က) အလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ လက်စွဲမူဝါဒ အတိုင်းပြုလုပ်ရမည်။

(ခ) အသင်း၊ ဌာနအစည်းအဝေး များကို သက်ဆိုင်ရာ မူဝါဒများနှင့်အညီ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြုလုပ်ရမည်။

(ဂ) အစည်းအဝေးပြုလုပ်ပြီးပါက ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ထံသို့ အစည်းအဝေးအစီရင်ခံစာတင်ပြရမည်။ 

လုပ်ဖော်ကိုင်ဖက်များနှင့်ပုဂ္ဂိုလ်ရေးအရပတ်သတ်မှုရှိခြင်း

၇၇။ (က) "Dating - (ဒိတ်တင်း)" ဆိုသည်မှာ နှစ်ဦးသဘောတူသော အချစ်ရေးဆက်ဆံရေးနှင့် လိင်ဆက်ဆံမှုတို့ကို ဆိုလိုသည်။ နှစ်ဦးသဘောတူမဟုတ်သော အချစ်ရေးဆက်ဆံရေးနှင့် လိင်ဆက်ဆံမှုဆက်ဆံရေးများသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများဖြစ်ပြီး ၎င်းတို့ကို အတိအလင်း တားမြစ်ထားသည်။ ၎င်းကို ကျူးလွန်ဖောက်ဖျက်ပါက ကြီးလေးသောပြစ်မှုအဖြစ်သတ်မှတ်သည်။

(ခ) အဖွဲ့ဝင်အချင်းချင်း Dating - (ဒိတ်တင်း) ပြုလုပ်ခြင်းကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အခြေအနေအရ တားမြစ်ခြင်း သို့မဟုတ် ခွင့်ပြုခြင်းပြုနိုင်သည်။ ၎င်းကို ကျူးလွန်ဖောက်ဖျက်ပါက သာမာန်ပြစ်မှုအဖြစ်သတ်မှတ်သည်။

မှတ်ချက် ။ ။ ဤ Dating - (ဒိတ်တင်း) ကိစ္စနှင့်ပတ်သက်၍ ဤမူဝါဒ ထုတ်ပြန်ခြင်းမပြုမီက မည်သည့်အမိန့်မဆိုပယ်ပျက်စေရမည်။

(ဂ) ပြင်ပမှ Dating - (ဒိတ်တင်း) ပြုလုပ်ပြီးမှ အဖွဲ့ဝင်ဖြစ်လာသူများ၏ Dating - (ဒိတ်တင်း) ပြုလုပ်ခြင်းကိုခွင့်ပြုသည်။

၇၈။ အဖွဲ့ဝင်တစ်ဦးဦးသည် အကယ်၍ လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် စတင်၍ ပုဂ္ဂိုလ်ရေးအရ ပတ်သတ်မှုရှိပါက ၎င်းအဖွဲ့ဝင်သည် ၎င်း၏ပရော်ဖက်ရှင်နယ်ဆန်မှုကို ထိန်းသိမ်းထားပြီး လုပ်ငန်းခွင် ပြင်ပတွင်သာလျှင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆွေးနွေးမှုများကို ပြုလုပ်ရမည်။

၇၉။ အချင်းချင်းပုဂ္ဂိုလ်ရေးအရပတ်သတ်သည့် မည်သည့်လုပ်ဖော်ကိုင်ဖက်မဆိုကိုလည်း လေးစားလိုက်နာရန် တာဝန်ရှိသကဲ့သို့ လုပ်ငန်းတာဝန်များကိုလည်း လေးစားလိုက်နာရန်တာဝန်ရှိသည်။ ၎င်းကို ကျူးလွန်ဖောက်ဖျက်ပါက ကြီးလေးသောပြစ်မှုအဖြစ်သတ်မှတ်သည်။

၈၀။ လိင်ပိုင်းဆိုင်ရာပြက်လုံးများ၊ မလိုလားအပ်သော အတင်းအဖျင်းများနှင့် မလျော်ကန်သောမှတ်ချက်များကို သတ်မှတ်လမ်းကြောင်းမှလွဲ၍ အဖွဲ့အစည်းကလက်မခံပါ။ ၎င်းကို သာမာန်ပြစ်မှုအဖြစ်သတ်မှတ်သည်။

၈၁။ မျက်နှာသာပေးခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားလုပ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း "ဥပမာ- လိင်ပိုင်းဆိုင်ရာ စကားလုံးများသုံးစွဲခြင်း၊ မလိုလားအပ်သော ကိုယ်တွေ့များ ပြုလုပ်ခြင်း" စသည့်စွပ်စွဲချက်များကို ရှောင်ရှားရန် ကြီးကြပ်ရေးမှူးများသည် ၎င်းတို့၏ တိုက်ရိုက် အစီရင်ခံစာများကို ရက်စွဲနှင့်တကွတင်ရမည်။ ဤကန့်သတ်ချက်သည် အဖွဲ့ဝင်အထက် ကြီးကြပ် သူများအားလုံးနှင့်သက်ဆိုင်သည်။ ၎င်းကို ကျူးလွန်ဖောက်ဖျက်ပါက ကြီးလေးသောပြစ်မှု အဖြစ်သတ်မှတ်သည်။

အလုပ်ခွင်အတွင်းပုဂ္ဂိုလ်ရေးအရရင်းနှီးမှု

၈၂။ အဖွဲ့အစည်းရှိ အဖွဲ့ဝင်တိုင်းသည် ၎င်းတို့၏ကျွမ်းကျင်မှု၊ အကျင့်စာရိတ္တနှင့် အလုပ်ကျင့်ဝတ် ကြောင့် ခန့်အပ်ရန်၊ အသိအမှတ်ပြုခြင်း သို့မဟုတ် ရာထူးတိုးခြင်းများပြုလုပ်နိုင်သည်။ 

၈၃။ ပါတီဝင်ဝါဒ၊ မျက်နှာသာပေးမှု သို့မဟုတ် အကျိုးစီးပွား ပဋိပက္ခများကိုကြောင့် ရာထူးတိုးခြင်းမရှိစေရ။ ထို့ကြောင့် အဖွဲ့ဝင်များ၏ ပုဂ္ဂိုလ်ရေးအရရင်းနှီးမှုရှိသော ဆွေမျိုးအဖွဲ့ဝင်များအပေါ် ကန့်သတ်ချက်အချို့ ထားရှိသည်။ “ဆွေမျိုး” ဆိုသည်မှာ အဖွဲ့ဝင်တစ်ဦးနှင့် သုံးဝမ်းကွဲအတွင်းရှိ သွေး သို့မဟုတ် အိမ်ထောင်ရေး ဆက်စပ်နေသူတစ်ဦးဦးဖြစ်သူ သို့မဟုတ် ၎င်း၏ သူငယ်ချင်းအရင်းအချာများ ပါဝင်သည်။ ၎င်းတွင် - မိဘ၊ ဘိုးဘွား၊ ယောက္ခမ၊ အိမ်ထောင်ဖက် သို့မဟုတ် သားသမီး၊ မြေး၊ မောင်နှမ၊ ဦးလေး၊ အဒေါ်၊ တူမများ၊ တူများ၊ မိထွေး၊ ဖထွေး၊ မွေးစားသားသမီးနှင့် သူငယ်ချင်းများ။

၈၄။ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ၎င်းဆွေမျိုးများကို အဖွဲ့အစည်းနှင့် အလုပ်တွဲလုပ်ရန် ညွှန်ကြားနိုင်သည်။ ဤသည်မှာ ကျွန်ုပ်တို့၏တစ်ခုတည်းသောကန့်သတ်ချက်များဖြစ်သည်-

  • ဆွေမျိုးတစ်ဦးနှင့် ကြီးကြပ်ရေး/အစီရင်ခံခြင်းဆိုင်ရာ ဆက်ဆံရေးတွင် ၎င်းအဖွဲ့ဝင်သည် မပါဝင်ရ။ သို့ရာတွင် အနည်းဆုံး ရာထူးအဆင့် တစ်ခုခြားက လက်ခံနိုင်သည်
  • ဆွေမျိုးတစ်ဦးနှင့် အစီရင်ခံခြင်းဆိုင်ရာ ဆက်ဆံရေးတစ်ခုခုကို သို့မဟုတ် ဆွေမျိုးတစ်ဦးနှင့် အစီရင်ခံခြင်းဆိုင်ရာ ဆက်ဆံရေးတစ်ခုခုကြောင့် ၎င်းအဖွဲ့ဝင်အား လွှဲပြောင်းခြင်း သို့မဟုတ် ရာထူးတိုးခြင်းမပြုနိုင်ပါ။
  • ထိုရာထူးအတွက် ၎င်းအဖွဲ့ဝင်၏ ဆွေမျိုးအား လူတွေ့စစ်ဆေးသောအခါ ၎င်းအဖွဲ့ဝင်သည် အဖွဲ့ဝင်စီစစ်ရွေးချယ်ရေးကော်မတီတွင် မပါဝင်နိုင်ပါ။

အခန်း (၆) 

ဘဏ္ဍာရေးနှင့်အဖွဲ့အစည်းပိုင်ပစ္စည်းသုံးစွဲခြင်း

ဘဏ္ဍာရေးနှင့် အဖွဲ့ပိုင်ပစ္စည်းသုံးစွဲခြင်း 

၈၅။ အဖွဲ့၏ဘတ်ဂျက်ကို ရယူသုံးစွဲရာတွင် ခွင့်ပြုချက်မရှိဘဲသော်လည်းကောင်း မဟုတ်မမှန် အလွဲသုံးစားပြုခြင်းသော်လည်းကောင်း မပြုရ။ 

၈၆။ အဖွဲ့မှလက်ခံရရှိသည့် ဘဏ္ဍာငွေကို တာဝန်ရှိသူသည် စာရင်းမှန်ကန်စွာ အပ်နှံရမည်။

၈၇။ အဖွဲ့အတွင်းမည်သူမဆို  အဖွဲ့ပိုင်ပစ္စည်းများကို  ခွင့်ပြုချက်မရှိဘဲသော်လည်းကောင်း မဟုတ်မမှန် အလွဲသုံးစားပြုခြင်းသော်လည်းကောင်း မပြုရ။ 

၈၈။ အဖွဲ့အတွင်းမည်သူမဆို  အဖွဲ့ပိုင်ပစ္စည်းများကို စည်းကမ်းတကျ ကိုင်တွယ်၊ သုံးစွဲရမည်။

၈၉။ အဖွဲ့အတွင်းမည်သူမဆို  အဖွဲ့အစည်း၏ အမည်ကို အလွဲသုံးစားပြု၍ ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေးစီးဆင်းမှုနှင့် ငွေအလွဲသုံးစားပြုမှုတို့ကို လက်ခံခြင်းမပြုရ။

၉၀။ (က) ဤအခန်းပါ စာပိုဒ် ၈၅ မှ ၈၈ အထိ တို့ကိုလိုက်နာမှုမရှိ ပါက ကြီးလေးသောပြစ်မှု အဖြစ်သတ်မှတ်၍ တန်ဖိုး၏ ၃ဆကို ပေးလျော်ရမည်။ ထို့အပြင် လိုအပ်ပါက အမည်ပျက်စာရင်သွင်းခြင်း တရာစွဲဆိုခြင်း ပြုနိုင်သည်။

(ခ) ဤအခန်းပါ စာပိုဒ် ၈၉ ကိုလိုက်နာမှုမရှိ ပါက အမည်ပျက်စာရင်သွင်းခြင်း အပြင်  ပြည်ထောင်စု ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အမှုတိုင်ကြားတရားစွဲဆိုခြင်း ပြုရမည်။

ကော်ပိုရိတ်အီးမေးလ်

၉၁။ အီးမေးလ်သည် အဖွဲ့အစည်း၏အလုပ်အတွက် မရှိမဖြစ်လိုအပ်သည်။ အဖွဲ့အစည်းအီးမေးလ်ကို အလုပ်အတွက် အဓိကအသုံးပြုရမည်ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေးအကြောင်းများကြောင့် အဖွဲ့အစည်း အီးမေးလ်အသုံးပြုမှုအချို့ကို ခွင့်ပြုသည်။ အလုပ်နှင့် ပတ်သက်သော ကိစ္စများအတွက် ကော်ပိုရိတ်အီးမေးလ်ကို အကန့်အသတ်မရှိ အသုံးပြုနိုင် ပါသည်။ ဥပမာအားဖြင့်၊ အလုပ် သို့မဟုတ် ၎င်းအဖွဲ့ဝင်၏တိုးတက်မှုအတွက် အထောက် အကူဖြစ်စေမည့် သတင်းလွှာများနှင့် အွန်လိုင်းဝန်ဆောင်မှုများအတွက် အကောင့်ဖွင့်နိုင်သည်။

၉၂။ ကော်ပိုရိတ်အီးမေးလ်ကို လုံခြုံစွာသိမ်းဆည်းထားရမည်ဖြစ်ပြီး၊ ထိုအီးမေးလ်ကို အသုံးပြုပြီး စပမ်း(Spam)များပို့ခြင်းနှင့် လျှို့ဝှက်အချက်အလက်များကို ထုတ်ဖော်ခြင်းတို့ကို ရှောင်ကြဉ်ပါ။ 

၉၃။ ကော်ပိုရိတ်အီးမေးလ်ကို အသုံးပြုရာတွင် အောက်ပါအချက်များအား ရှောင်ရှားရမည်-

(က) တရားမ၀င်သော၊ မယုံကြည်ရသော၊ ဂုဏ်သိက္ခာမဲ့သော သို့မဟုတ် သံသယရှိဖွယ် ဝဘ်ဆိုဒ်များနှင့် ဝန်ဆောင်မှုများအတွက် အကောင့်ဖွင့်ခြင်း။

(ခ) ခွင့်ပြုချက်မရှိဘဲ စျေးကွက်ရှာဖွေရေး အကြောင်းအရာ သို့မဟုတ် အီးမေးလ်များ ပေးပို့ခြင်း။

(ဂ) ခွင့်ပြုချက်မရဘဲ ပြိုင်ဘက်၏ဝန်ဆောင်မှုများအတွက် မှတ်ပုံတင်ခြင်း။

(ဃ) စော်ကားခြင်း သို့မဟုတ် ခွဲခြားဆက်ဆံသော စာတိုများနှင့် အကြောင်းအရာများ ပေးပို့ခြင်း။

(င) လုပ်ဖော်ကိုင်ဖက်များအပါအဝင် အခြားသူများ၏အီးမေးလ်များကို အသုံးပြုပြီး စပမ်းပေးပို့ခြင်း။

(စ) ယေဘုယျအားဖြင့်၊ ခိုင်မာသော စကားဝှက်များကို အသုံးပြုပြီး malware သို့မဟုတ် သွေးဆောင်ဖြားယောင်းရန်ကြိုးပမ်းသည့်အီးမေးလ်များကိုသတိထားပြုပါ။

၉၄။ လက်ခံရရှိသော အီးမေးလ်သည် လုံခြုံကြောင်း မသေချာပါက အဖွဲ့အစည်း၏ လုံခြုံရေးကျွမ်းကျင်သူများကို မေးမြန်းနိုင်သည်။

၉၅။ ဤအခန်းပါ စာပိုဒ် ၉၂ နှင့် ၉၃ အထိ တို့ကိုလိုက်နာမှုမရှိပါက ကြီးလေးသောပြစ်မှု အဖြစ်သတ်မှတ်၍ အရေးယူရမည်။ 

အခန်း (၇) 

အဖွဲ့အစည်းပြင်ပစည်းမျဉ်းစည်းကမ်းများနှင့်တားမြစ်ချက်များ

အဖွဲ့ပြင်ပဆက်ဆံရေး

၉၆။ ပြည်သူလူထုနှင့် တွေ့ဆုံဆက်ဆံရာတွင် ကူညီလိုသော စိတ်ဓါတ်နှင့် ဖော်ရွေပြူငှာစွာဆက်ဆံရမည်။ အရာရှိများ၏ အထူးခွင့်ပြုချက်မပါရှိဘဲ ပြည်သူလူထုနှင့် ပေါ်ပေါက်လာ‌သော ပြဿနာတစ်ခုကို မဖြေရှင်းရ။ ၎င်းဖြစ်ပွားပါက အထက်အရာရှိများထံ အသိပေးရမည်။ အထက်အရာရှိများသည် လိုအပ်သောဖြေရှင်းမှု ပြုလုပ်ပေးရမည်။ 

၉၇။ အဖွဲ့ကိုဆက်သွယ်လာသောသူများနှင့် တွေ့ဆုံဆက်ဆံရာတွင် ကူညီလိုသော စိတ်ဓါတ်နှင့် ဖော်ရွေပြူငှာစွာဆက်ဆံရမည်။ အရာရှိများ၏ ခွင့်ပြုချက်မပါရှိဘဲ ပြည်သူလူထုနှင့် ပေါ်ပေါက်လာ‌သော ပြဿနာတစ်ခုကို မဖြေရှင်းရ။ ၎င်းဖြစ်ပွားပါက အထက်အရာရှိများထံအသိပေးရမည်။ အထက်အရာရှိများသည် လိုအပ်သောဖြေရှင်းမှု ပြုလုပ်ပေးရမည်။

၉၈။ အဖွဲ့ဧည့်များ၊ အလှူရှင်များနှင့် တွေ့ဆုံဆက်ဆံရာတွင် ကူညီလိုသော သို့မဟုတ် အကူအညီတောင်ခံရာတွင် တောင်းပန်သော စိတ်ဓါတ်နှင့် ဖော်ရွေပြူငှာစွာဆက်ဆံရမည်။ အရာရှိများ၏ ခွင့်ပြုချက်မပါရှိဘဲ ပြည်သူလူထုနှင့် ပေါ်ပေါက်လာ‌သော ပြဿနာတစ်ခုကို မဖြေရှင်းရ။ ၎င်းဖြစ်ပွားပါက အထက်အရာရှိများထံအသိပေးရမည်။ အထက်အရာရှိများသည် လိုအပ်သောဖြေရှင်းမှု ပြုလုပ်ပေးရမည်။

၉၉။ ပူးပေါင်းအဖွဲ့အစည်းများနှင့် တွေ့ဆုံဆက်ဆံရာတွင် ကူညီလိုသော စိတ်ဓါတ်နှင့် ဖော်ရွေပြူငှာစွာဆက်ဆံရမည်။ အရာရှိများ၏ ခွင့်ပြုချက်မပါရှိဘဲ ပြည်သူလူထုနှင့် ပေါ်ပေါက်လာ‌သော ပြဿနာတစ်ခုကို မဖြေရှင်းရ။ ၎င်းဖြစ်ပွားပါက အထက်အရာရှိများထံအသိပေးရမည်။ အထက်အရာရှိများသည် လိုအပ်သောဖြေရှင်းမှု ပြုလုပ်ပေးရမည်။

၁၀၀။ ကွန်ယက်များ သို့မဟုတ် စုပေါင်းအဖွဲ့အစည်းများနှင့် တွေ့ဆုံဆက်ဆံရာတွင် စုပေါင်းအဖွဲ့အစည်း၏ သဘောတူညီချက်များနှင့်အညီ ကူညီလိုသော စိတ်ဓါတ်နှင့် ဖော်ရွေပြူငှာစွာဆက်ဆံရမည်။ အရာရှိများ၏ ခွင့်ပြုချက်မပါရှိဘဲ ပြည်သူလူထုနှင့် ပေါ်ပေါက်လာ‌သော ပြဿနာတစ်ခုကို မဖြေရှင်းရ။ ၎င်းဖြစ်ပွားပါက အထက်အရာရှိများထံအသိပေးရမည်။ အထက်အရာရှိများသည် လိုအပ်သောဖြေရှင်းမှု ပြုလုပ်ပေးရမည်။

၁၀၁။ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆက်ဆံရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရိုသေ ကူညီလိုသော စိတ်ဓါတ်နှင့် ဖော်ရွေပြူငှာစွာဆက်ဆံရမည်။ အရာရှိများ၏ ခွင့်ပြုချက်မပါရှိဘဲ ပြည်သူလူထုနှင့် ပေါ်ပေါက်လာ‌သော ပြဿနာတစ်ခုကို မဖြေရှင်းရ။ ၎င်းဖြစ်ပွားပါက အထက်အရာရှိများထံအသိပေးရမည်။ အထက်အရာရှိများသည် လိုအပ်သောဖြေရှင်းမှု ပြုလုပ်ပေးရမည်။


၁၀၂။ အရေးယူရမည့် ကိစ္စများတွင် မူဝါဒများပါ ပြစ်မှုများနှင့်ကိုက်ညီပါက ၎င်းပြစ်မှုများအရသော်လည်းကောင်း၊ သို့မဟုတ် ဤမူဝါဒ သို့မဟုတ် အခြားမူဝါဒများအရ ပြဌာန်းချက်မပါရှိပါသော် စည်းကမ်းထိန်းသိမ်းရေးကော်မတီက မဲခွဲဆုံးဖြတ်၍ စီမံဆုံးဖြတ် အရေးယူရမည်။

ဆိုရှယ်မီဒီယာအသုံးပြုခြင်းနှင့် အဖွဲ့ကိုယ်စားပြုခြင်း

၁၀၃။ အဖွဲ့အတွင်းမည်သူမဆို  အဖွဲ့၏ လျှို့ဝှက်ချက်နှင့်သက်ဆိုင်သည့် အရာများနှင့် စပ်လျှင်း၍ ဆိုရှယ်မီဒီယာတွင် အဖွဲ့အစည်း၏ ခွင့်ပြုချက်မပါဘဲ မှတ်ချက်ပြုခြင်း၊ မျှဝေခြင်းမပြုရ။

၁၀၄။ အဖွဲ့အတွင်းမည်သူမဆို  အဖွဲ့ကိုယ်စား စကားပြောလိုပါက အလုပ်အမှုဆောင်ဘုတ်အဖွဲ့ထံ ပြောဆိုမည့် စာသားများကို တင်ပြခွင့်ပြုချက်တောင်းခံရမည်။

၁၀၅။ အဖွဲ့အတွင်းမည်သူမဆို  အဖွဲ့ကိုယ်စား အခမ်းအနားတက်ရောက်ရပါက အဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုမူနေထိုင်ခြင်းမပြုရ။

၁၀၆။ အဖွဲ့ဝင်များသည် အမှုဆောင်ရုံးတစ်ရုံးရုံး၏ ခွင့်ပြုချက်မရဘဲ မြန်မာ့သစ်ခွအဖွဲ့ကိုယ်စား စာချုပ်ချုပ်ရန်အခွင့်အာဏာ မရှိစေရ။

၁၀၇။ အမှုဆောင်ရုံးတစ်ရုံးရုံး၏ ခွင့်ပြုချက်မရဘဲ မြန်မာ့သစ်ခွ (သို့မဟုတ်) Burmese Orchid အမည်ကို မည်သည့်ကြော်ငြာ၊ အကြောင်းအရာတွင်မဆို အသုံးပြုရန် ခွင့်မပြုပါ။

၁၀၈။ အဖွဲ့ဝင်တစ်ဦးဦးသည် ၎င်း၏ကိုယ်ရေးကိုယ်တာအကောင့် သို့မဟုတ် ထုတ်ပြန်ချက်များသည် အဖွဲ့အစည်းကို ကိုယ်စားပြုခြင်းမဟုတ်ကြောင်း အများပြည်သူသိရှိရန် သေချာစေရမည်။

၁၀၉။ အဖွဲ့အစည်း၏ ဉာဏပစ္စည်းပိုင်ဆိုင်မှု (ဥပမာ-အမှတ်တံဆိပ်များ) သို့မဟုတ် လျှို့ဝှက်အချက်အလက်များကို မျှဝေခြင်းမှ ရှောင်ကြဉ်ရမည်။

၁၁၀။ အဖွဲ့အစည်း၏ ဆိုရှယ်မီဒီယာအကောင့်များကို ကိုင်တွယ်ရသူ သို့မဟုတ် အဖွဲ့အစည်းကိုယ်စား ပြောဆိုရသူဆိုပါက အဖွဲ့အစည်း၏ပုံရိပ်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ရမည်။

၁၁၁။ ဤအခန်းပါ စာပိုဒ် ၁၀၃ မှ ၁၁၀ အထိ တို့ကိုလိုက်နာမှုမရှိပါက ကြီးလေးသောပြစ်မှု အဖြစ်သတ်မှတ်၍ အရေးယူရမည်။

၁၁၂။ အသရေဖျက်ခြင်း၊ ပုတ်ခတ်ခြင်း သို့မဟုတ် နှိမ့်ချသော အကြောင်းအရာများကို ရှောင်ကြဉ်ပါ။ အကယ်၍ အဖွဲ့ဝင်တစ်ဦးဦးသည် ထိုအကြောင်းအရာကို လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းများ သို့မဟုတ် မိတ်ဖက်များထံ အသုံးပြုပြောဆိုခဲ့ပါက အဖွဲ့အစည်း၏ နှောင့်ယှက်မှုဆန့်ကျင်ရေးဆိုင်ရာ မူဝါဒကို ချိုးဖောက်သည်ဟု မှတ်ယူရမည်။

အခန်း (၈) 

အဖွဲ့အစည်းနှင့်အဖွဲ့ဝင်များ၏လျှို့ဝှက်ချက်များနှင့်အဖွဲ့အစည်း၏အကျိုးစီးပွား

အဖွဲ့အစည်းလျှို့ဝှက်ချက်နှင့် အကျိုးစီးပွားကိုကာကွယ်ခြင်း

၁၁၃။ အဖွဲ့အစည်း၏ အကျိုးစီပွားကိုကာကွယ်ရန်အဖွဲ့ဝင်တိုင်းတွင်တာဝန်ရှိသည်။ 

၁၁၄။ အဖွဲ့အတွင်းမည်သူမဆို  အဖွဲ့အစည်း၏ လုံခြုံရေး၊ လျှို့ဝှက်ချက် သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်စေသော ရည်ရွယ်ချက် တစ်ခုခုဖြင့် −

(က) တားမြစ်ထားသည့် အစည်းအဝေးတစ်ခုခုကို ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ပြုလုပ်လျှင်ဖြစ်စေ၊ ဝင်ရောက်လျှင်ဖြစ်စေ သို့မဟုတ်

(ခ) အဖွဲ့အစည်းပြင်ပသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေမည်ဟု တွက်ချင့်ထားသော သို့မဟုတ် အသုံးဝင်တန်ရာသော သို့မဟုတ် အသုံးဝင်စေရန် ကြံရွယ်သော မည်သည့် ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ သို့မဟုတ် မှတ်စုကိုမဆို ပြုလုပ်လျှင် သို့မဟုတ်

(ဂ) အဖွဲ့အစည်းပြင်ပအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေမည်ဟု တွက်ချင့်ထားသော သို့မဟုတ် အသုံးဝင်တန်ရာသော သို့မဟုတ် အသုံးဝင်စေရန် ကြံရွယ်၍ အဖွဲ့၏ လျှို့ဝှက်ထားသော သင်္ကေတ၊ သို့မဟုတ် စကားဝှက်တစ်ခုခုကို သော်လည်းကောင်း၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက် အလက်၊ မှတ်စု သို့မဟုတ် အခြားစာတမ်းအမှတ်အသား သို့မဟုတ် သတင်းအချက်အလက်တစ်ရပ်ရပ် ကိုသော်လည်းကောင်း ရယူခြင်း၊ စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း သို့မဟုတ် ထုတ်ဝေခြင်း သို့မဟုတ် အခြားသူတစ်ဦးဦးကို ဆက်သွယ်အကြောင်းကြားခြင်းပြုလျှင် −

အဆိုပါ အမှုအား ကျူးလွန်ခြင်းဖြစ်ပါက ထိုသူသည် ကြီးလေးသောပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။

၁၁၅။ အဖွဲ့အတွင်းမည်သူမဆို  အဖွဲ့၏တားမြစ်ထားသည့် အရာနှင့် သက်ဆိုင်သော သို့မဟုတ် ထိုအရာနှင့်ဆက်သွယ်သော ပစ္စည်းတစ်ခုခုနှင့် သက်ဆိုင်သော သို့မဟုတ် ဤမူဝါဒကို ဆန့်ကျင်၍ ပြုလုပ်ထားသော သို့မဟုတ် ရရှိထားသော သို့မဟုတ် ဘုတ်အဖွဲ့ဝင် ရာထူးတာဝန်ထမ်းဆောင်နေသူ တစ်ဦးဦးက မိမိအား ယုံကြည်အပ်နှင်းထားသော သို့မဟုတ် အဖွဲ့အစည်း တာဝန်ထမ်းဆောင် နေသူ သို့မဟုတ် ထမ်းဆောင်ခဲ့ဖူးသူ အနေဖြင့်သော်လည်းကောင်း၊ လျှို့ဝှက်ထားသည့် အဖွဲ့သင်္ကေတ သို့မဟုတ် စကားဝှက်ကိုဖြစ်စေ၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းအချက် အလက် တစ်ခုခုကိုဖြစ်စေ မိမိ၏လက်ဝယ်တွင်သော်လည်းကောင်း၊ မိမိ၏ကြီးကြပ်မှုအောက်တွင် သော်လည်းကောင်း ထားရှိသူဖြစ်သည့် အားလျော်စွာ −

(က) ထိုသင်္ကေတ သို့မဟုတ် စကားဝှက်၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းအချက်အလက်ကို အဖွဲ့၏အကျိုးစီးပွားအလို့ငှာ မိမိ ဆက်သွယ်ပြောကြားခွင့်ရှိသူ သို့မဟုတ် မိမိပြောကြားရန် တာဝန်ရှိသောသူမှတစ်ပါး အခြားသူတစ်ဦးဦးအား တမင်ဆက်သွယ်ပြောကြားလျှင် သို့မဟုတ်

(ခ) မိမိလက်ဝယ်ရှိသည့် သတင်းအချက်အလက်ကို အခြားပြင်ပအဖွဲ့အစည်း အင်အားအကျိုးအတွက် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် အဖွဲ့၏လုံခြုံရေးကို ထိခိုက်စေရန်အတွက် အသုံးပြုလျှင် သို့မဟုတ်

(ဂ) ထိုပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု သို့မဟုတ် စာတမ်းအမှတ်အသားကို မိမိလက်ဝယ်တွင်ဖြစ်စေ၊ မိမိကြီးကြပ်မှုအောက်တွင်ဖြစ်စေ ဆက်လက်ထားပိုင်ခွင့်မရှိဘဲ သို့မဟုတ် မိမိ တာဝန်ကိုဆန့်ကျင်လျက်ဆက်လက်ထားရှိလျှင် သို့မဟုတ် ၎င်းတို့ကို ပြန်ပေးခြင်း သို့မဟုတ် စီမံခန့်ခွဲ ခြင်းနှင့်စပ်လျဉ်း၍ မူဝါဒများနှင့်အညီ ခန့်အပ်ထားသော တာဝန်ရှိသူကကထုတ်ဆင့်သည့် ညွှန်ကြားချက် အားလုံးကို လိုက်နာရန် တမင်ပျက်ကွက်လျှင် သို့မဟုတ်

(ဃ) ထိုပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု၊ စာတမ်းအမှတ်အသား၊ လျှို့ဝှက်ထားသည့် တရားဝင်သင်္ကေတ၊ စကားဝှက် သို့မဟုတ် သတင်းအချက်အလက်ကို ထိုက်သင့်သည့်အတိုင်း ထိန်းသိမ်းရန် ပျက်ကွက်လျှင် သို့မဟုတ် ယင်းတို့၏လုံခြုံမှုကို အန္တရာယ်ဖြစ်စေလောက်အောင် ပြုမူ ဆောင်ရွက်လျှင် သို့မဟုတ် ဒေါင်းလော့ဒ်ရယူ၊ ထုတ်ယူ၊ ကူးယူလျှင် သို့မဟုတ်

(င) အဖွဲ့အတွင်းမည်သူမဆို  မိမိ၏ လက်ဝယ်တွင် သို့မဟုတ် မိမိ၏ကြီးကြပ်မှုအောက်တွင်ရှိသော စစ်ပစ္စည်းနှင့် သက်ဆိုင်သည့် ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက်အလက်၊ မှတ်စု၊ စာတမ်းအမှတ်အသား သို့မဟုတ် သတင်းအချက်အလက်တစ်ခုခုကို အဖွဲ့၏လုံခြုံရေး သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ အခြားပြင်ပအဖွဲ့အစည်းအင်အားတစ်ခုခုနှင့် ဆက်သွယ် ဆောင်ရွက်လျှင်

ထိုသူသည် ကြီးလေးသောပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။

၁၁၆။ တားမြစ်ထားသည့် အရာတစ်ခုခုနှင့်စပ်လျဉ်း၍ တာဝန်ရှိသည့် အရာရှိတစ်ဦးဦးကိုသော်လည်းကောင်း၊ ဘုတ်အဖွဲ့ဝင် တစ်ဦးဦးကိုသော်လည်းကောင်း ခြိမ်းခြောက် ဟန့်တားခြင်းမပြုရ သို့မဟုတ် သိလျက်နှင့် အလွဲလမ်းညွှန်ခြင်းမပြုရ သို့မဟုတ် အခြားနည်းဖြင့် နှောင့်ယှက်ခြင်း သို့မဟုတ် တားဆီးခြင်း မပြုရ။ ဤပြုလုပ်မှုတစ်ခုခုကိုပြုလုပ်လျှင် ထိုသူသည် ကြီးလေးသောပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။

၁၁၇။ အဖွဲ့အတွင်းမည်သူမဆို  အထက်ပါ စာပိုဒ် ၁၁၄ မှ ၁၁၆ အရဖြစ်သော ပြစ်မှု သို့မဟုတ် မသင်္ကာဖွယ်ဖြစ်သည့် ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ မိမိသိရှိရသမျှ သတင်းပေးရန် တာဝန်ရှိသည်။ အဖွဲ့အတွင်းမည်သူမဆို  အထက်တွင် ဖော်ပြသကဲ့သို့ သတင်းပေးရန် ပျက်ကွက်လျှင်သော်လည်းကောင်း၊ ခေါ်ယူသည့်အခါ၌ လာရောက်ရန် ပျက်ကွက်လျှင်သော်လည်းကောင်း ထိုသူသည် သာမာန်ပြစ်မှုကို ကျူးလွန်သည်ဟု မှတ်ယူရမည်။

၁၁၈။ ဤမူဝါဒပါ ‘တားမြစ်ထားသည့်အရာ’ ဆိုသည့်စကားရပ်သည် အဖွဲ့မှ အများသို့ တင်ပြသည့်အချက်အလက်မှတပါးကျန်အဖွဲ့နှင့်သက်ဆိုင်သော သတင်းအချက်လက်များကို ဆိုလိုသည်။

ပုဂ္ဂိုလ်ရေးနှင့် အချက်အလက်လုံခြုံရေး 

၁၁၉။ အချက်အလက် စီမံခန့်ခွဲထိန်းသိမ်းရန်တာဝန်ရှိသူတိုင်းသည်-

(က) မိမိတာဝန်ခံဆောင်ရွက်ရသည့် ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို အမျိုးအစား၊ လုံခြုံမှုအဆင့်အတန်းအလိုက် အဖွဲ့၏စည်းမျဉ်မူဝါဒများအပြင် သက်ဆိုင်ရာ ပြည်ထောင်စု ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်း စီမံခန့်ခွဲခြင်းပြုရမည်။

(ခ) အာဏာပိုင်အဖွဲ့အစည်းများမှတောင်းခံခြင်း သို့မဟုတ် သက်သေခံရယူခြင်း၊ မူဝါဒများအရခွင့်ပြုချက် သို့မဟုတ် အချက်အလက်ပိုင်ရှင်၏ ခွင့်ပြုချက်မှအပ မိမိ စီမံခန့်ခွဲမှုအောက်ရှိ အချက်အလက်များကို အခြားသူတစ်ဦးတစယောက်၊ အဖွဲ့အစည်း တစ်ခုခုသို့ အချက်အလက်အား စိစစ်ရန်ခွင့်ပြုခြင်း၊ ဖွင့်ချခြင်း၊ အသိပေးခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း၊ မိတ္တူကူးပွားခြင်း၊ ဒေါင်းလော့ဒ်ရယူခြင်း၊ ထုတ်ယူခြင်း၊ ကူးယူခြင်း သက်သေခံအဖြစ် တင်သွင်းခြင်းမပြုရ။ 

(ဂ) အချိန်ကာလ အကန့်အသတ်ဖြင့် အသုံးပြုရန်ရည်ရွယ်၍ ကောက်ယူထားသော အခက်အလက်များကို သတ်မှတ်အချိန်များကျော်လွန်ပါက စနစ်တကျဖျက်စီးရမည်။

(ဃ) အမည်ပျက်စာရင်တင်သွင်းခြင်းခံရသူကို လူသိရှင်ကြား ကြေညာရာတွင် အမည်၊ အဖွဲ့ဝင်အမှတ်၊ ဒေသအမှတ်စဉ်၊  မှတ်ပုံတင်အမှတ်စဉ် နောက်ဆုံး (၄)လုံး၊ အကြောင်းအရင်း၊ သက်သေများကို ထည့်သွင်းကြေညာနိုင်သည်။ 

(င) အဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက်များကိုမူ ၎င်းတို့ထွက်သွားပါကလည်း မဖျက်စီးဘဲ သီးသန့် ထိန်းသိမ်းထားရှိရမည်။

(စ) အထက်ပါအချက်များကို စီမံထိန်းသိမ်းရန်တာဝန်ရှိသူသည် မလိုက်နာပါက ပြည်ထောင်စုဥပဒေအရသော်လည်းကောင်း တရားစွဲဆိုနိုင်သည် သို့မဟုတ် နစ်နာကြေးပေးစေနိုင်သည် သို့မဟုတ် အမည်းပျက်စာရင်းသွင်းပြီး အများသူငှာထံကြေညာနိုင်သည် သို့မဟုတ် ကြီးလေးသောပြစ်ဒဏ်ကိုလည်း ချမှတ်နိုင်သည်။ 

(၇) အဖွဲ့အတွင်းမည်သူမဆို  အထက်ပါအချက်များကို မလိုက်နာဘဲ နှောက်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း၊ ရယူ အလွဲသုံးစားပြုပါက ပြည်ထောင်စုဥပဒေအရသော်လည်းကောင်း တရားစွဲဆိုနိုင်သည် သို့မဟုတ် နစ်နာကြေးပေးစေနိုင်သည် သို့မဟုတ် အမည်းပျက်စာရင်းသွင်းပြီး အများသူငှာထံကြေညာနိုင်သည် သို့မဟုတ်  ကြီးလေးသောပြစ်ဒဏ်ကိုလည်း ချမှတ်နိုင်သည်။

အကျိုးစီးပွားပဋိပက္ခ

၁၂၀။ အကျိုးစီးပွားပဋိပက္ခ ဆိုသည်မှာ အဖွဲ့ဝင်၏ကိုယ်ပိုင်ခံယူချက်များနှင့် ပန်းတိုင်များသည် အဖွဲ့အစည်း၏ ရည်ရွယ်ချက်၊ အကျိုးစီးပွားနှင့် အဖွဲ့အစည်းအတွင်းရှိ ၎င်းအဖွဲ့ဝင်၏ လုပ်ငန်းတာဝန်များနှင့် ကိုက်ညီခြင်းမရှိတော့ခြင်းကို ဆိုလိုသည်။ 

၁၂၁။ အခြားကိစ္စများတွင် အဖွဲ့ဝင်သည် ကျင့်ဝတ်ဆိုင်ရာ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရနိုင်သည်။ ဥပမာအားဖြင့်၊ လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းသည် အဖွဲ့ဝင်တွက် ငွေကြေးအရ အကျိုးရှိနိုင် သော်လည်း ၎င်းသည် တရားမ၀င်ဖြစ်ပြီး အဖွဲ့အစည်း၏ လုပ်ငန်းကျင့်ဝတ်ဆိုင်ရာ ကျင့်ဝတ်များနှင့် ဆန့်ကျင်နေပါသည်။ ထိုအပြုအမူမျိုးကို ကြီးလေးသောပြစ်မှုအဖြစ်သတ်မှတ်ပါသည်။

၁၂၂။ အဖွဲ့အစည်းနှင့် အဖွဲ့ဝင်အကြား အကျိုးစီးပွားပဋိပက္ခ ကြုံရသောအခါတွင် အဖွဲ့အစည်း၏ မူဝါဒများကို လိုက်နာပြီး အဖွဲ့အစည်း၏ အကောင်းဆုံးအကျိုးစီးပွားအတွက် အမြဲလုပ်ဆောင်ရမည်။ အကယ်၍ ၎င်းအဖွဲ့ဝင်သည် ကျင့်ဝတ်ဆိုင်ရာ အကျပ်အတည်းကို တွေ့ကြုံနေရပါက ကြီးကြပ်ရေးမှူး သို့မဟုတ် လူ့အရင်းအမြစ်ဆိုင်ရာဌာန နှင့်ဆွေးနွေးပြီး ၎င်းကိုဖြေရှင်းပါ။

အခန်း (၉) 

မြန်မာ့သစ်ခွအဖွဲ့ဝင်များအတွက်အုပ်ချုပ်ရေးဆိုင်ရာတားမြစ်ချက်များနှင့်စည်းမျဉ်းစည်းကမ်းများ

အဖွဲ့ဝင်သက်တမ်း၏  အနည်းဆုံးကာလအားသတ်မှတ်ခြင်း

၁၂၃။ (က) မြန်မာ့သစ်ခွသို့ဝင်ရောက်လာသော ရာထူးခန့်ထားပြီးသည့် အဖွဲ့ဝင်များသည် တာဝန်သက်တမ်းကို အနည်းဆုံး ၃လထမ်းဆောင်ပြီးမှသာ ထွက်ခွာခွင့်ရှိစေရမည်။ ထို ၃လအတွင်း ခွင့်ယူပါက ၎င်းကာလကိုအစားထိုး တာဝန်ထမ်းဆောင်မှသာ ၃လပြည့် သည်ဟုမှတ်ယူသည်။

(ခ) အထက်ပါစာပိုဒ်အရ ၃လမပြည့်ဘဲ ထွက်ခွာသောသူသည် မိမိအစား တာဝန်ထမ်းဆောင်နိုင်မည့် ပုဂ္ဂိုလ်တစ်ဦးဦးကို အစားထိုးနိုင်မှသာလျှင်သော်လည်းကောင်း အဖွဲ့၏ သတ်မှတ်နစ်နာကြေး (၂၅၀၀၀) ကျပ် ကိုပေးဆောင်ပြီးမှသော်လည်းကောင်း ထွက်ခွာနိုင်မည် ဖြစ်သည်။

(ဂ) အထက်ပါစာပိုဒ်များအရ ပြုလုပ်အရေးယူခြင်းကို ကျေနပ်ခြင်းမရှိပါက စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ တင်ပြပြီး လျှော့ပေါ့ရန်တောင်းဆိုနိုင်သည်။

(ဃ) စာပိုဒ်ခွဲ (ဂ) အရ တစ်စုံတစ်ဦးသည် တောင်းဆိုလာပါက စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် သတ်မှတ်အဖွဲ့နစ်နာကြေး၏ (၂၅) ရာခိုင်နှုန်းထက်မကျော်သော ငွေကြေးအားလျှော့ပေါ့ပေးနိုင်သည်။ သို့ရာတွင် အစားထိုးပုဂ္ဂိုလ်မရှိပါက လျှော့ပေါ့ထွက်ခွာခွင့်မပြုရ။

(င) စာပိုဒ်ခွဲ (ခ) ပါ ဒဏ်ငွေအား ဥက္ကဋ္ဌ သို့မဟုတ် အလုပ်အမှုဆောင်ဒါရိုက်တာ သို့မဟုတ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့က ၎င်းဒဏ်ငွေ‌‌အောက်မလျော့နည်းစေဘဲ လိုအပ်သလို ပြင်ဆင်နိုင်သည်။

အဖွဲ့ဝင်မှတ်တမ်း

၁၂၄။ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်မှ အစပြု၍ နှုတ်ထွက် အငြိမ်းစား ယူသည်အထိ အဖွဲ့ဝင်ဖြစ်စဉ် ဖော်ပြသည့် အဖွဲ့ဝင်မှတ်တမ်း စာအုပ်ကို သတ်မှတ်ချက်များနှင့်အညီ လူ့အရင်းအမြစ်ဆိုင်ရာဌာနက ထိန်းသိမ်းထားရှိရမည်။

အဖွဲ့မှခေတ္တအနားယူခြင်းနှင့် အဖွဲ့မှနှုတ်ထွက်ခြင်း

၁၂၅။ (က) အဖွဲ့မှခေတ္တ အနားယူခွင့်တင်လိုပါက ၃ ရက်ကြိုတင်၍ မိမိအထက်အရာရှိအားအသိပေးပြီးလျှင် သတ်မှတ်ဖောင်ဖြည့်တင်ပြီး ခွင့်ယူရမည်။ မိမိခွင့်ယူချိန်သည် မိမိ၏ အဖွဲ့အစည်းအတွက်ပေးအပ်ထားသော အချိန်ဟု မမှတ်ယူရ။ ထို့ကြောင့် အနည်းဆုံးသုံးလအတွင်း ခွင့်ယူပြီး ခွင့်ယူကာလအား အစားမပေးပါက သုံးလပြည့်လျှင်နှုတ်ထွက်ပါက ၎င်း၏ လုပ်ရည်ကိုင်ရည်ကို ဆန်းစစ်ကြည့်ရှုသုံးသပ်၍ အဖွဲ့အစည်းသည် အသိအမှတ်ပြုလက်မှတ်ကို ထုတ်ပေးရန် ငြင်းဆန်နိုင်သည်။

(ခ) အဖွဲ့မှနှုတ်ထွက်လိုပါက ဖွဲ့စည်းပုံအခြေခံမူပါအတိုင်း ၂ပတ်ကြိုတင်၍ အထက်အရာရှိအားအကြောင်းကြားပြီး သတ်မှတ်နည်းလမ်းအတိုင်း နှုတ်ထွက်စာတင်ရမည်။ ၂ပတ်ကြိုတင်အကြောင်းကြားခြင်းသည် မိမိ (သို့မဟုတ်) မိမိနှင့်သက်ဆိုင်သောအစုအဖွဲ့၏ လုပ်ငန်းဆောင်တာများကို ဆိုင်းငံ့လိုက်သည်ဟု မမှတ်ယူရ။ ဤအချက်ကြောင့်  မိမိ (သို့မဟုတ်) မိမိနှင့်သက်ဆိုင်သောအစုအဖွဲ့၏ လုပ်ငန်းဆောင်တာများကို အခြားသူအားအစားထိုးတာဝန်မပေးအပ်နိုင် ဟူ၍လည်းမမှတ်ယူရ။

(ဂ) အထက်ပါ စာပိုဒ်ခွဲ (က) နည်းအတိုင်းမပြုပါက သာမာန်ပြစ်မှုအရ အရေးယူရမည်။

(ဃ) အထက်ပါ စာပိုဒ်ခွဲ (ခ) နည်းအတိုင်းမပြုပါက ၎င်းကို အမည်ပျက်စာရင်းသွင်းခြင်းပြုရမည့်အပြင် အသိအမှတ်ပြုလက်မှတ်ထုတ်မပေးရ။ 

အဖွဲ့နှင့် အဖွဲ့ဝင်အသစ်များ  သဘောတူညီချက်

၁၂၆။ (က) မည်သည့်အခြေအနေတွင်မဆို လူ့အရင်းအမြစ်ဆိုင်ရာဌာနသည် အဖွဲ့နှင့် အဖွဲ့ဝင်တို့အကြား သဘောတူညီချက်များကို လက်မှတ်ထိုးနိုင်ရန် ဆောင်ရွက်ရမည်။

(ခ) အဖွဲ့ဝင်များသည် ၎င်းသဘောတူညီချက်ပါ အချက်များကို လိုက်နာခြင်းမရှိချိုးဖောက်ပါက သက်ဆိုင်ရာ ပြစ်ဒဏ်အပြင် ထပ်ဆောင်းဒဏ်ငွေ (၂၀၀၀) ကျပ်ကိုပေးဆောင်ရမည်။ ထိုနည်း၎င်း အဖွဲ့အစည်းဘက်မှ ပျက်ကွက်လျှင်လည်း အထွေထွေအစည်းအဝေးခေါ်ယူပြီး တာဝန်ရှိသူအား လိုအပ်သည့် အရေးယူမှုပြုလုပ်နိုင်သည်။

အခန်း (၁၀) 

စည်းကမ်းပိုင်းဆိုင်ရာပြစ်ဒဏ်ချမှတ်ခြင်းနှင့်အယူခံခြင်း

ပြစ်ဒဏ်များ

၁၂၇။ အဖွဲ့အစည်းအတွင်း အရေးယူမှုများတွင် အောက်ဖော်ပြပါ ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက် ပို၍ဖြစ်စေ၊ ကျင့်ထုံး၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ချမှတ်နိုင်သည်-

(က) သာမာန်ပြစ်မှုများအတွက် အနိမ်းဆုံးမှအမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်း

(၁) နှုတ်ဖြင့် သတိပေးခြင်း၊

(၂) စာဖြင့်သတိပေးခြင်း၊

(၃) ကြီးကြပ်ရေးမှူးနှင့် အလွတ်သဘော တွေ့ဆုံခြင်း၊

(၄) စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ကြားနာခြင်း

(၅) ရရှိထားပြီးသော စေတနာ့ဝန်ထမ်းအလုပ်ချိန်ကို အနည်းဆုံး ၁၂ နာရီမှ အများဆုံး ရရှိပြီးစေတနာ့ဝန်ထမ်းအလုပ်ချိန်၏ ၄ပုံပုံ ၁ပုံအထိ လျှော့ချပစ်ခြင်း၊ [ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း၊]

(၆) ငွေဒဏ်ချမှတ်ခြင်း

(၇) ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း၊ [ရာထူးအဆင့်လျှော့ချခြင်း၊]

(၈) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့်ဖြစ်စေ ပေါ်ပေါက်သည့် ဆုံးရှုံးမှုတန်ဖိုး အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်း၊

(၉) တာဝန်မှ ယာယီ ရပ်ဆိုင်းခဲ့သည့် ကာလအတွက် ခွင့်ခံစားခွင့် မပြုခြင်း သို့မဟုတ် ထိုကာလကို တာဝန်ချိန်အဖြစ် မသတ်မှတ်ခြင်း၊

(၁၀) လိုအပ်သောစာရွက်စာတမ်းများထုတ်ပေးခြင်းကိုဆိုင်ငံ့ခြင်း

(၁၁) လိုအပ်သောစာရွက်စာတမ်းများကိုထုတ်ပေးရန်ပိတ်သိမ်းခြင်း

(၁၂) ရာထူးမှထုတ်ပယ်ခြင်း၊

(ခ) ကြီးလေးသောပြစ်မှုများအတွက် အနိမ်းဆုံးမှအမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်း

(၁) စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ကြားနာခြင်း

(၂) ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း၊

(၃) ငွေဒဏ်ချမှတ်ခြင်း

(၄) ရရှိထားပြီးသော စေတနာ့ဝန်ထမ်းအလုပ်ချိန်ကို အနည်းဆုံး ၄၈ နာရီမှ အများဆုံး ရရှိပြီးစေတနာ့ဝန်ထမ်းအလုပ်ချိန်၏ ၄ပုံပုံ ၃ပုံအထိ လျှော့ချပစ်ခြင်း၊ 

(၅) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့်ဖြစ်စေ ပေါ်ပေါက်သည့် ဆုံးရှုံးမှုတန်ဖိုး အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်း၊

(၆) လိုအပ်သောစာရွက်စာတမ်းများကိုထုတ်ပေးရန်ပိတ်သိမ်းခြင်း

(၇) ရာထူးမှထုတ်ပယ်ခြင်း၊

(၈) အဖွဲ့ဝင်အဖြစ်မှထုတ်ပစ်ခြင်း၊

(၉) အမည်ပျက်စာရင်းသွင်းခြင်း

(၁၀) ဥပဒေအရတရားစွဲဆိုခြင်း

၁၂၈။ အဖွဲ့ဝင်အားပြစ်ဒဏ်ချမှတ်သည့်အခါ-

(က) ပညာပေးပြုပြင်ရေးနှင့် စည်းကမ်းထိန်းသိမ်းမှု ထိရောက်ရေးတို့ကို ဦးတည်ချက် ထားရမည်။

(ခ) ပြစ်မှုနှင့် ပြစ်ဒဏ်လိုက်လျောညီထွေ ရှိစေရမည်။

၁၂၉။ အဖွဲ့ဝင်သည် ဌာနဆိုင်ရာ အထက်တန်း သို့မဟုတ် အထက်အလယ်တန်းအရာရှိများ၏ အရေးယူမှုတွင် ချမှတ်သည့်ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ အယူခံခွင့် ရှိစေရမည်။

အဖွဲ့ဝင်ကျင့်ဝတ်နှင့်လုပ်ငန်းခွင်စည်းကမ်းများကိုလိုက်နာရခြင်း 

၁၃၀။ အဖွဲ့ဝင်သည် ဤမူဝါဒအရပြုလုပ်သော စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်း လိုက်နာရမည့်အပြင် အဖွဲ့အစည်း၏ လုပ်ငန်းသဘာဝနှင့် အဖွဲ့ဝင် အမျိုးအစားအလိုက် သီးခြား သတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် လုပ်ငန်းခွင် စည်းကမ်းများကိုလည်း စောင့်ထိန်း လိုက်နာရမည်။ ဌာနဆိုင်ရာအရေးယူခြင်းနှင့် အယူခံခြင်း 

၁၃၁။ အဖွဲ့ဝင်ကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုတို့အတွက် ဌာနဆိုင်ရာ အထက်တန်း သို့မဟုတ် အထက်အလယ်တန်းအရာရှိများက ဤမူဝါဒအရ စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ဌာနဆိုင်ရာ နည်းလမ်းအရ အရေးယူနိုင်သည်။

၁၃၂။ သက်ဆိုင်ရာဌာန၏ ဌာနဆိုင်ရာ အထက်တန်း သို့မဟုတ် အထက်အလယ်တန်းအရာရှိများသည် ဌာနဆိုင်ရာ စစ်ဆေးမှုနှင့် စပ်လျဉ်း၍ အမိန့်ချမှတ်ပြီး အမိန့်စာထုတ်ပြန်၍ သက်ဆိုင်ရာ အဖွဲ့ဝင်ထံသို့ ပေးပို့ရမည်။ 

၁၃၃။ ထိုအမိန့်ကို မကျေနပ်ပါက အမိန့်စာကို လက်ခံရရှိသည့်နေ့ရက်မှ စ၍ အလုပ်ရက် ခြောက်ရက်အတွင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီထံ အယူခံလွှာတင်သွင်းနိုင်ကြောင်း အမိန့်စာတွင် ဖော်ပြရမည်။ 

၁၃၄။ စည်းကမ်းထိန်းသိမ်းရေး ထိရောက် လျင်မြန်စေရန်နှင့် လုပ်ငန်း တာဝန်လစ်ဟင်းမှု မရှိစေရန်အလို့ငှာ ဌာနဆိုင်ရာ စစ်ဆေး မှုများကို ကြန့်ကြာခြင်း မရှိစေဘဲ ပြီးပြတ်အောင် ဆောင်ရွက်ရမည်။ 

၁၃၅။ ဌာနဆိုင်ရာ စစ်ဆေးမှု ပြီးဆုံးသည့်အခါ အဖွဲ့ဝင်တွင် အပြစ်မရှိကြောင်းတွေ့ရှိပါက စစ်ဆေးမှု ခံခဲ့ရခြင်းကြောင့် ယင်းအဖွဲ့ဝင်၏ အဖွဲ့ဝင်အခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရန် ဆောင်ရွက် ပေးရမည်။

အခန်း (၁၂) 

အထွေထွေ

၁၃၆။ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် အထက်တန်းအရာရှိများနှင့် အထက်အလယ်တန်းအရာရှိများ စစ်ဆေးစီရင်နိုင်ရန် စီရင်ပိုင်ခွင့်များကို သတ်မှတ်ပေးနိုင်သည်။

၁၃၇။ ကော်မရှင်နာသည် အထွေထွေအစည်းအဝေးတွင် အရေးကြီးသော စည်းကမ်ပိုင်းဆိုင်ရာ အမှုစီရင်ရေးဆိုင်ရာ အခြေအနေကို အခါအားလျော်စွာ တင်ပြနိုင်သည်။

၁၃၈။ ရှိရင်းစွဲ ကျင့်ထုံးများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လက်စွဲများကို ဖွဲ့စည်းပုံအခြေခံမူနှင့်သော်လည်းကောင်း၊ ဤမူဝါဒနှင့်သော် လည်းကောင်း မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံး နိုင်သည်။

၁၃၉။ ဤမူဝါဒကို မူဝါဒထုတ်ပြန်ခွင့်ရှိသည့်အဖွဲ့အစည်းက ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။ မူဝါဒထုတ်ပြန်ခွင့်ရှိသည့်အဖွဲ့အစည်းက ရုပ်သိမ်း ခြင်းမပြုလုပ်သရွေ့ ဤမူဝါဒသည် အတည်ဖြစ်သည်။

၁၄၀။ ဤမူဝါဒ မဖြစ်ပေါ်ခင်က အရေးယူခဲ့သည့်ကိစ္စများကို ဤမူဝါဒအရ အရေးယူသည်ဟု သတ်မှတ်နိုင်သည်။ ဤမူဝါဒမတိုင်မှီက ပြုလုပ်ခဲ့သည့်ကိစ္စရပ်များကို ဤမူဝါဒအရ ပြုလုပ်သည်ဟုသတ်မှတ်ရမည်။ ဤမူဝါဒ မဖြစ်ပေါ်ခင်က အရေးယူသင့်သည့်ကိစ္စများကို ဤမူဝါဒအရ နောက်ကြောင်းပြန် အရေးယူခွင့်မရှိစေရ။

၁၄၁။ မြန်မာ့သစ်ခွအဖွဲ့သည် အဖွဲ့အစည်းမှတ်ပုံတင်ပြီးပါက မြန်မာ့သစ်ခွအဖွဲ့အမည်ဖြင့် ဥပဒေနှင့်အညီ တရား‌စွဲဆိုနိုင်သည်။ ထိုနည်းတူစွာပင် တရားစွဲဆိုခြင်းကိုလည်းခံနိုင်သည်။ 

၁၄၂။ အဖွဲ့ဝင်သည် ဌာနဝင်တစ်ဦးဖြစ်ရန် ပြည့်စုံရမည့်အချက်များကို သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းက လုပ်ငန်းလိုအပ်ချက် အရသတ်မှတ်နိုင်သည်။

၁၄၃။ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသည် လိုအပ်ပါက အဖွဲ့ဝင်မဟုတ်သည့် စေတနာ့ဝန်ထမ်များ၏ ခံစားခွင့်များကို သတ်မှတ်နိုင်သည်။ ယင်းသို့ သတ်မှတ်ရာတွင် အဖွဲ့အစည်း၏ ဗဟို ဘဏ္ဍာရန်ပုံငွေမှ အသုံးစရိတ်ကျခံသုံးစွဲရမည့်ကိစ္စဖြစ်လျှင် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့်လည်းကောင်း၊ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေမှ အသုံးစရိတ်ကျခံသုံးစွဲရမည့်ကိစ္စဖြစ်လျှင် သက်ဆိုင်ရာ ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီ၊ အဖွဲ့၏သဘောတူညီချက်ဖြင့်လည်းကောင်း ဆောင်ရွက်ရမည်။

၁၄၄။ ဤမူဝါဒပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

(က) စည်းကမ်းထိနးသိမ်းရေးကော်မတီနှင့် လူ့အရင်းအမြစ်ဆိုင်ရာဌာနသည် လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) စည်းကမ်းထိနးသိမ်းရေးကော်မတီနှင့် လူ့အရင်းအမြစ်ဆိုင်ရာဌာနသည် လိုအပ်သော ကျင့်ထုံး၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၁၄၅။ ယခင်တည်ရှိခဲ့သော “အဖွဲ့ဝင်များ၏ကျင့်ဝတ်စည်းကမ်းနှင့်လိုက်နာရမည့်မူဝါဒ - Code of Conduct” ကို ဤမူဝါဒ စည်းမျဉ်းဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

မြန်မာ့သစ်ခွဖွဲ့စည်းပုံအခြေခံမူအရ အဖွဲ့အတွင်းလိုက်နာရမည့်မူဝါဒအဖြစ် ကြေငြာသည်။




×
Notice Alert !

Please disable VPN while submitting forms at Burmese Orchid websites.

The Burmese Orchid is youth-led non-profit organisation based in the Republic of the Union of Myanmar. 

One of the Burmese Orchid Official Websites.


Follow us

Contact Us

enquiries@burmeseorchid.org

+95 9 964 512890

  • Home
  • •
  • About us
  • •
  •  
  • Privacy Policy
  • •
  • Forum
Copyright © Burmese Orchid 2022 - 2024
Powered by Odoo - The #1 Open Source eCommerce
Website Logo




Respecting your privacy is our priority.

Allow the use of cookies from this website on this browser?

We use cookies to provide improved experience on this website. You can learn more about our cookies and how we use them in our Cookie Policy.

Allow all cookiesOnly allow essential cookies