Skip to Content
  • An Official Website of Burmese Orchid. How to identify?
Burmese Orchid
  • 0
    My Cart
  • Sign in
  • Home
  • Alumni
  • Contact us
  •  My Tasks
Burmese Orchid
  • 0
    • Home
    • Alumni
    • Contact us
  • An Official Website of Burmese Orchid. How to identify?
  • Sign in
  •  My Tasks


Elections Manual

Table of Contents

​ Related Agencies & Policies
​ Related Rules & Procedures
​ The Policy

 Print

Related Agencies & Policies

Enforcing Agencies
  •  
Related Policies
  • Membership Policy

Related Rules & Procedures

​ Procedures for Investigating a Case
​ Procedures on Taking Actions
​ Conflict Resolution Procedure
​ Procedures for Inspecting and Instructing the Organization's responsible Teams and Individuals​
Procedure for Interpreting Constitutional Principles, Rules and Policies, and Inconsistencies in Policies and Procedures

The Policy




မြန်မာ့သစ်ခွအဖွဲ့

ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး

မူဝါဒအမှတ် (ထ)

“ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာမူဝါဒ”

၂၉ရက် စက်တင်ဘာလ ၂၀၂၄ခုနှစ်



၁။ ဤမူဝါဒကို ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာမူဝါဒ ဟုခေါ်တွင်စေရမည်။

အခန်း(၁)

ဖွဲ့စည်းခြင်း၊ ခန့်အပ်တာဝန်ပေးခြင်းနှင့် အရည်အချင်းများ

၂။ ဥက္ကဋ္ဌသည် ရွေးကောက်ပွဲကော်မရှင်တစ်ရပ်ကို နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းရမည်။ ယင်းသို့ ဖွဲ့စည်းရာတွင် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် အနည်းဆုံး နှစ်ဦးကို ခန့်အပ်တာဝန်ပေးနိုင်သည်။

အရည်အချင်းများ

၃။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဒါရိုက်တာများ၏ အရည်အချင်းများနှင့် ကိုက်ညီသူဖြစ်ရမည်။ ၎င်းတို့ကို ဒါရိုက်တာများကဲ့သို့ စွပ်စွဲပြစ်တင်နိုင်သည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပုံမှန်ရာထူးမဟုတ်ပါ၍ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ စာပိုဒ်အမှတ် (၂၆) နှင့်မသက်ဆိုင်ပါ။

အခန်း(၂)

ကော်မရှင်၏ ရာထူးသက်တမ်း၊ ရာထူးမှ နုတ်ထွက်ခြင်း၊ စွပ်စွဲ ပြစ်တင်ခြင်းနှင့်လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

ရာထူးသက်တမ်း

၄။ ဖွဲ့စည်းထားသော ကော်မရှင်၏ ရာထူးသက်တမ်းသည် ဥက္ကဋ္ဌမှ မဖျက်သိမ်းမီအထိဖြစ်သည်။

ရာထူးမှ နုတ်ထွက်ခြင်း

၅။ (က) ကော်မရှင်ဥက္ကဋ္ဌသည် ရာထူးတာဝန်ထမ်းဆောင်နေစဉ် အကြောင်းတစ်ခုခုကြောင့် မိမိသဘော ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်း ဥက္ကဋ္ဌထံ စာဖြင့် တင်ပြပြီးနုတ်ထွက်နိုင်သည်။

(ခ) ကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးသည် ပုဒ်မခွဲ (က) ပါအတိုင်း ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက် လိုကြောင်း ကော်မရှင် ဥက္ကဋ္ဌမှ တစ်ဆင့် ဥက္ကဋ္ဌထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင် သည်။

လစ်လပ်ရာထူးနေရာဖြည့်စွက်ခန့်ထားခြင်း

၆။ ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်နေရာ လစ်လပ်လျှင် ဥက္ကဋ္ဌသည် ကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အသစ် ခန့်အပ် တာဝန်ပေး နိုင်သည်။ 

အခန်း (၃)

ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၇။ ရွေးကောက်ပွဲကော်မရှင်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(၁) ရွေးကောက်ပွဲများ ကျင်းပခြင်း၊

(၂) ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း၊ 

(၃) မဲစာရင်းများပြုစုခြင်းနှင့် ပြင်ဆင်ခြင်း၊

(၄) သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ လုံခြုံရေးအခြေအနေအရ သော်လည်းကောင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့်အခါများတွင် ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်း၊

(၅) ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ဤဖွဲ့စည်းပုံ အခြေခံမူပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ရာမူဝါဒများနှင့်အညီလည်းကောင်း ထုတ်ပြန်ခြင်း၊

(၆) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရေးအတွက် မူဝါဒများနှင့်အညီ ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊

(၇) မူဝါဒတစ်ရပ်ရပ်အရ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ခြင်း။

၈။ အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည်-

(က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊

(ခ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊

(ဂ) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ မူဝါဒအရ ဆောင်ရွက်သော ကိစ္စရပ်များ။

၉။ ကော်မရှင်သည် ရွေးကောက်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ရန်အလို့ငှာ လိုအပ်မည့်အကူအညီများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များထံမှ ရယူဆောင်ရွက်နိုင်သည်။

၁၀။ (က) ကော်မရှင်သည် ဥက္ကဋ္ဌမှသတ်မှတ်ကြေညာသည့် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်အဖြစ် ထပ်ဆင့် သတ်မှတ်ကြေညာရမည်။

(ခ) ကော်မရှင်သည် ဥက္ကဋ္ဌမှသတ်မှတ်ကြေညာသည့် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်အမှီကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

၁၁။ ကော်မရှင်ဥက္ကဋ္ဌသည် ရွေးကောက်ပွဲများအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်ပါက ကော်မရှင်အဖွဲ့ဝင်ဦးရေကို တိုးမြှင့်ဖွဲ့စည်းပေးရန် ဥက္ကဋ္ဌထံသို့ အဆိုပြုတင်ပြနိုင်သည်။

အခန်း (၄)

ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်း

၁၂။ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသော နာယကအဖွဲ့ဝင်များသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်-

(က) ရွေးကောက်တင်မြှောက်ခံနိုင်ရေးအတွက် အမည်စာရင်း တင်သွင်းလွှာတင်သွင်းချိန်တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဤဖွဲ့စည်းပုံအခြေခံမူပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သူ၊

(ခ) မြန်မာ့သစ်ခွအဖွဲ့ဝင်ဖြစ်သူ။ အဖွဲ့ဝင်အရည်အချင်းများနှင့်လည်း ပြည့်စုံသူ၊

(ဂ) မြန်မာ့သစ်ခွနာယကအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သူ၊

(ဃ) အဖွဲ့အစည်းအပေါ်သစ္စာရှိသူ၊

(င) တည်ဆဲဥပဒေဖြင့် တရားစွဲဆိုခြင်းခံရခြင်းမရှိသူ၊

(စ) အဖွဲ့အစည်းအရေးအရာများဖြစ်သော စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ သဘာဝပတ်ဝန်းကျင်ရေးရာ၊ လူငယ်ရေးရာ၊ စီးပွားရေးစသည့် အမြင်များရှိသူ၊

(ဆ) မြန်မာ့သစ်ခွ၏ ပရဟိတဆိုင်ရာကိစ္စများ အကြောင်းကို ကောင်းစွာသိရှိသူ၊

(ဇ) ဤဖွဲ့စည်းပုံအခြေခံမူပါပြဋ္ဌာန်းချက်များတွင် သတ်မှတ်ထားသည့် အခြားအရည်အချင်းများနှင့် ပြည့်စုံသူ။

၁၃။ (က) ဥက္ကဋ္ဌကို ဥက္ကဋ္ဌရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်ရမည်။

(ခ) ဥက္ကဋ္ဌရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို အစုအဖွဲ့သုံးဖွဲ့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

(၁) နာယကအဖွဲ့ဝင်များ အစုအဖွဲ့၊

(၂) အဖွဲ့ဝင်ဦးရေအလိုက် ဖွဲ့စည်းပေးသော အဖွဲ့ငယ်များ အစုအဖွဲ့၊

ရှင်းလင်းချက်။ အဖွဲ့ငယ်တစ်ခုလျှင်ဆန္ဒမဲတစ်မဲစီကျရေတွက်ပြီး ၎င်းဆန္ဒတစ်မဲကို အဖွဲ့ငယ်ထဲတွင်ပါဝင်သောအဖွဲ့ဝင်များ၏ ဆန္ဒမဲစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်၏ ဆန္ဒဖြင့်တွက်ချက်ရမည်။

(၃) မြန်မာ့သစ်ခွအငြိမ်းစားဥက္ကဋ္ဌများအစုအဖွဲ့။

၁၄။ (က) နာယကအဖွဲ့ဝင်များ အစုအဖွဲ့တွင် နာယကအဖွဲ့ဝင်များသည် တစ်ဦးလျှင် တစ်မဲကျစီပေး၍ မဲပေးခွင့်ရှိပြီး နာယကအဖွဲ့ဝင်များစုစုပေါင်း၏ ထက်ဝက်ကျော်မဲရရှိသူသည် နာယကအဖွဲ့ အစုအဖွဲ့က ရွေးချယ်သူဖြစ်သည်။ ၎င်းရွေးချယ်ခံရသူသည် အဖွဲ့ဝင်ဦးရေအလိုက် ဖွဲ့စည်းပေးသော အဖွဲ့ငယ်များ အစုအဖွဲ့ စုစုပေါင်း၏ ထက်ဝက် ဆန္ဒမဲနှင့် ညီမျှသည်။

(ခ) နာယကအဖွဲ့ဝင်များစုစုပေါင်း၏ ထက်ဝက်ကျော်မဲရရှိသူမရှိပါက ဒုတိယအကြိမ် ထပ်မံရွေးကောက်ရမည်။ ထို ဒုတိယအကြိမ်တွင် ပထမအကြိမ်၌ စုစုပေါင်း ဆန္ဒမဲ၏ ၂၀ ရာခိုင်နှုန်းနှင့် အောက် မဲရရှိခဲ့သူကို နာယကအဖွဲ့ဝင်များ အစုအဖွဲ့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် စာရင်းတွင် ဖယ်ရှားရမည်။

၁၅။ (က) အဖွဲ့ဝင်ဦးရေအလိုက် ဖွဲ့စည်းပေးသော အဖွဲ့ငယ်များ အစုအဖွဲ့များကို ရွေးကောက်ပွဲကော်မရှင်က အောက်ပါသတ်မှတ်ချက်အတိုင်း ဖွဲ့စည်းပေးရမည်။ 

(၁) မြန်မာ့သစ်ခွအဖွဲ့အစည်းတွင်း စုစုပေါင်းဆန္ဒမဲပေးခွင့်ရှိသည့် အဖွဲ့ဝင်စုစုပေါင်းကို ၅ ဂဏန်းဖြင့်စား၍ ရလာသော အဖြေဖြင့် အဖွဲ့ငယ်များ အစုအဖွဲ့များကို ဖွဲ့စည်းရမည်။

(၂) ဒဿမကိန်းတန်းဖြင့်ကျခဲ့သော် အနီးစပ်ဆုံး ကိန်းပြည့်ကိုယူ၍ ဖွဲ့စည်းရမည်။

(ခ) အဖွဲ့ဝင်ဦးရေအလိုက် ဖွဲ့စည်းပေးသော အဖွဲ့ငယ်တစ်ခုတွင် ပါဝင်သော အဖွဲ့ဝင်များသည် တစ်ဦးလျှင် တစ်မဲကျစီပေး၍ မဲပေးခွင့်ရှိပြီး ၎င်းအစုအဖွဲ့၏ အဖွဲ့ဝင်များစုစုပေါင်း၏ ထက်ဝက်ကျော်မဲရရှိသူသည် ၎င်းအစုအဖွဲ့က ရွေးချယ်သူဖြစ်သည်။

(ဂ) အဖွဲ့ဝင်ဦးရေအလိုက် ဖွဲ့စည်းပေးသော အဖွဲ့ငယ်များ အစုအဖွဲ့၏ အဖွဲ့ဝင်များစုစုပေါင်း၏ ထက်ဝက်ကျော်မဲရရှိသူမရှိပါက ဒုတိယအကြိမ် ထပ်မံရွေးကောက်ရမည်။ ထို ဒုတိယအကြိမ်တွင် ပထမအကြိမ်၌ စုစုပေါင်း ဆန္ဒမဲ၏ ၂၀ ရာခိုင်နှုန်းနှင့် အောက် မဲရရှိခဲ့သူကို ၎င်းအဖွဲ့ဝင်ဦးရေအလိုက် ဖွဲ့စည်းပေးသော အဖွဲ့ငယ်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် စာရင်းတွင် ဖယ်ရှားရမည်။

၁၆။ မြန်မာ့သစ်ခွအငြိမ်းစားဥက္ကဋ္ဌများအစုအဖွဲ့တွင် မြန်မာ့သစ်ခွအငြိမ်းစားဥက္ကဋ္ဌများသည် တစ်ဦးလျှင် တစ်မဲကျစီပေး၍ မဲပေးခွင့်ရှိသူ မြန်မာ့သစ်ခွအငြိမ်းစားဥက္ကဋ္ဌများ၏ ဆန္ဒမဲများရာကို ရရှိသူသည် မြန်မာ့သစ်ခွအငြိမ်းစားဥက္ကဋ္ဌများအစုအဖွဲ့က ရွေးချယ်သူဖြစ်သည်။

၁၇။ (က) ဥက္ကဋ္ဌကို နာယကအဖွဲ့ဝင်များထဲမှ ရွေးချယ်တင်မြှောက်ရမည်။

(ခ) ဥက္ကဋ္ဌ၏ ရာထူးသက်တမ်းသည် လေးနှစ်သည်။

(ခ) ယင်းရာထူးသက်တမ်း ကုန်ဆုံးသည့်အခါ ဥက္ကဋ္ဌအသစ် ရွေးချယ်တင်မြှောက်ပြီးသည့် အချိန်အထိ ဥက္ကဋ္ဌသည် မိမိတို့၏လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်။

၁၈။ (က) ဥက္ကဋ္ဌသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သော ကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ ဥက္ကဋ္ဌရာထူးနေရာ လစ်လပ်လျှင် ဒုတိယဥက္ကဋ္ဌက ၎င်းလက်ကျန်သက်တမ်းအတွက် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရမည်။

(ခ) အကြောင်းတစ်ရပ်ရပ်ကြောင့် ဥက္ကဋ္ဌ ရာထူးနေရာ လစ်လပ်သည့်အတွက် ဒုတိယဥက္ကဋ္ဌအား အစားထိုးတင်မြှောက်ပါက ယင်းဥက္ကဋ္ဌအသစ်၏ ရာထူးသက်တမ်းသည် မူလရာထူးသက်တမ်းကုန်ဆုံးသည်အထိသာဖြစ်ရမည်။

(ဂ) ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌအဖြစ် ကြားဖြတ်တာဝန်ယူရသည့် ကာလကို ရာထူး သက်တမ်းတစ်ခုဟု မသတ်မှတ်ရ။

၁၉။ (က) ဥက္ကဋ္ဌသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သော ကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ ဥက္ကဋ္ဌရာထူးနေရာ လစ်လပ်လျှင် ဒုတိယဥက္ကဋ္ဌက ၎င်းလက်ကျန်သက်တမ်းအတွက် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရမည်။

(ခ) အကြောင်းတစ်ရပ်ရပ်ကြောင့် ဥက္ကဋ္ဌ ရာထူးနေရာ လစ်လပ်သည့်အတွက် ဒုတိယဥက္ကဋ္ဌအား အစားထိုးတင်မြှောက်ပါက ယင်းဥက္ကဋ္ဌအသစ်၏ ရာထူးသက်တမ်းသည် မူလရာထူးသက်တမ်းကုန်ဆုံးသည်အထိသာဖြစ်ရမည်။

၂၀။ (က) ဥက္ကဋ္ဌဟောင်းမှလည်း မိမိအားဆက်ခံမည့်သူ ကိုယ်စားလှယ်လောင်း အမည်စာရင်းများ တင်သွင်းနိုင်သည်။

(ခ) ဝင်ရောက်ယှဉ်ပြိုင်သူများသည် ဥက္ကဋ္ဌအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံခြင်း ရှိ မရှိ ကို အထွေထွေအစည်းအဝေးအကြီးအမှူးနှင့် ရွေးကောက်ပွဲကော်မရှင်အကြီးအမှူး ပါဝင်သည့် အဖွဲ့က စိစစ်ရမည်။

၂၁။ ဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်ရာတွင် ရွေးချယ်တင်မြှောက်ပွဲကို ကြီးကြပ်သည့် အထွေထွေအစည်းအဝေးအကြီးအမှူးနှင့် ရွေးကောက်ပွဲကော်မရှင်အကြီးအမှူးသည် အနိုင်မဲပေးခွင့် မရှိစေရ။ အခြားရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်များနှင့်အတူ ဆန္ဒမဲပေး ရမည်။

၂၂။ ဥက္ကဋ္ဌရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဥက္ကဋ္ဌလောင်းများဖြစ်သည့် ဝင်ရောက်ယှဉ်ပြိုင်သူများအနက် သတ်မှတ်နည်းလမ်းအတိုင်း မိမိတို့ကြိုက်နှစ်သက်သည့် ဥက္ကဋ္ဌလောင်းတစ်ဦးကို ဥက္ကဋ္ဌအဖြစ် ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ရမည်။

၂၃။ (က) ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် အောက်ပါအချက် တစ်ခုခုနှင့် ငြိစွန်းလျှင် ဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ-

(၁) သာသနာ့ဝန်ထမ်းအဖြစ်သို့ အမြဲတမ်းကူးပြောင်းသွားခြင်း၊

  • ဗုဒ္ဓဘာသာဝင်များအတွက်ဖြစ်လျှင် ဗုဒ္ဓဘာသာသာသနာ့ဝန်ကို ထမ်းရွက်နေသော ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ မယ်သီလ၊

ရှင်းလင်းချက်။ သာသနာ့ဝန်ထမ်းဟု ဆိုရာတွင် သာသနာရေးဆိုင်ရာ ရဟန်း သို့မဟုတ် သာသနာ့ ဝန်ထမ်းအဖြစ် ခေတ္တခံယူထားသူများနှင့် မသက်ဆိုင်စေရ။

  • ခရစ်ယာန်ဘာသာဝင်များအတွက်ဖြစ်လျှင် ခရစ်ယာန်သာသနာ့ဝန်ကို ထမ်းဆောင်ရန် အဓိကအားဖြင့် မိမိကိုယ်ကို ဆက်ကပ်ပြီးသော ပုဂ္ဂိုလ်ဟု သက်ဆိုင်ရာ ခရစ်ယာန်အသင်းတော်ကြီးများ (Churches) က အသိအမှတ်ပြု၍ သိက္ခာပေးထားခြင်းခံရသော သို့မဟုတ် တာဝန်ပေးထားခြင်း ခံရသော ပုဂ္ဂိုလ်များနှင့် မိမိတို့ကိုးကွယ်ရာဘာသာအရ ဂိုဏ်းချုပ်၏ အုပ်ချုပ်ခြင်းကို ဆန္ဒအလျောက် လက်ခံ၍ ဘာသာရေးစည်းမျဉ်း သို့မဟုတ် အဓိဋ္ဌာန်ပြုချက်ဖြင့် စည်းရုံးထားသော ပုဂ္ဂိုလ်တစ်စုတွင် သို့မဟုတ် အဖွဲ့အစည်းတွင် ပါဝင်သော ပုဂ္ဂိုလ်များ၊
  • ဟိန္ဒူဘာသာဝင်များအတွက်ဖြစ်လျှင် စံယာစီ၊ မဟန့် သို့မဟုတ် ဟိန္ဒူဘုန်းတော်ကြီးများ။

(၂) စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခံရခြင်း၊

(၃) လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာခံရခြင်း၊

(၄) ရွေးကောက်တင်မြှောက်ခံရပြီးနောက် တည်ဆဲဥပဒေတစ်ရပ်ရပ် အရ ထောင်ဒဏ်ကျခံရခြင်း၊

(၅) သက်ဆိုင်ရာမူဝါဒအရ အဖွဲ့ဝင်အဖြစ်မှ ရပ်စဲသွားကြောင်း သတ်မှတ်ခံရခြင်း၊

(၆) ဥက္ကဋ္ဌလောင်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်း၊

(၇) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသော အထောက်အထားရှိသည်ဟု သက်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ခံရခြင်း၊

(ခ) ဥက္ကဋ္ဌသစ်ကို ရွေးချယ်ရာတွင် ဥက္ကဋ္ဌ ရာထူးအတွက် ကိုယ်စားလှယ်လောင်းများသည် စာပိုဒ်အမှတ် (၁၂) ပါ ပြဋ္ဌာန်းချက်များအရ အရည်အချင်းပြည့်မီသူဖြစ်ရမည်။

အခန်း (၅)

အလုပ်အမှုဆောင်ဒါရိုက်တာ ရွေးကောက်တင်မြှောက်ခြင်း

၂၄။ အလုပ်အမှုဆောင်ဒါရိုက်တာကို ရွေးကောက်တင်မြှောက်ရာတွင် -

(က) ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်၌ ဆန္ဒမဲပေးခွင့်ရှိသည့် အဖွဲ့ဝင်တိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်၊

(ခ) ဆန္ဒမဲပေးခွင့်ရှိသည့် အဖွဲ့ဝင်တိုင်းသည် ရွေးကောက်ပွဲ တစ်ရပ်၌ ဆန္ဒမဲတစ်မဲသာ ပေးပိုင်ခွင့်ရှိသည်၊

(ဂ) လျှို့ဝှက်ဆန္ဒမဲပေးခြင်းစနစ်ကိုကျင့်သုံးရမည်။

၂၅။ ဤဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များအရသော်လည်းကောင်း၊ ရွေးကောက်တင်မြှောက် ခြင်းဆိုင်ရာ မူဝါဒပါပြဋ္ဌာန်းချက်များအရသော်လည်းကောင်း၊ အရည်အချင်းပျက်ယွင်းသူမဟုတ်ပါက အဖွဲ့ဝင်တိုင်းသည် အလုပ်အမှုဆောင်ဒါရိုက်တာအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။

၂၆။ အလုပ်အမှုဆောင်ဒါရိုက်တာအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် အောက်ပါအချက် တစ်ခုခုနှင့် ငြိစွန်းလျှင် အလုပ်အမှုဆောင်ဒါရိုက်တာအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ-

(က) သာသနာ့ဝန်ထမ်းအဖြစ်သို့ အမြဲတမ်းကူးပြောင်းသွားခြင်း၊

  • ဗုဒ္ဓဘာသာဝင်များအတွက်ဖြစ်လျှင် ဗုဒ္ဓဘာသာသာသနာ့ဝန်ကို ထမ်းရွက်နေသော ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ မယ်သီလ၊

ရှင်းလင်းချက်။ သာသနာ့ဝန်ထမ်းဟု ဆိုရာတွင် သာသနာရေးဆိုင်ရာ ရဟန်း သို့မဟုတ် သာသနာ့ ဝန်ထမ်းအဖြစ် ခေတ္တခံယူထားသူများနှင့်လည်း သက်ဆိုင်စေရမည်။

  • ခရစ်ယာန်ဘာသာဝင်များအတွက်ဖြစ်လျှင် ခရစ်ယာန်သာသနာ့ဝန်ကို ထမ်းဆောင်ရန် အဓိကအားဖြင့် မိမိကိုယ်ကို ဆက်ကပ်ပြီးသော ပုဂ္ဂိုလ်ဟု သက်ဆိုင်ရာ ခရစ်ယာန်အသင်းတော်ကြီးများ (Churches) က အသိအမှတ်ပြု၍ သိက္ခာပေးထားခြင်းခံရသော သို့မဟုတ် တာဝန်ပေးထားခြင်း ခံရသော ပုဂ္ဂိုလ်များနှင့် မိမိတို့ကိုးကွယ်ရာဘာသာအရ ဂိုဏ်းချုပ်၏ အုပ်ချုပ်ခြင်းကို ဆန္ဒအလျောက် လက်ခံ၍ ဘာသာရေးစည်းမျဉ်း သို့မဟုတ် အဓိဋ္ဌာန်ပြုချက်ဖြင့် စည်းရုံးထားသော ပုဂ္ဂိုလ်တစ်စုတွင် သို့မဟုတ် အဖွဲ့အစည်းတွင် ပါဝင်သော ပုဂ္ဂိုလ်များ၊
  • ဟိန္ဒူဘာသာဝင်များအတွက်ဖြစ်လျှင် စံယာစီ၊ မဟန့် သို့မဟုတ် ဟိန္ဒူဘုန်းတော်ကြီးများ။

(ခ) စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခံရခြင်း၊

(ဂ) လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာခံရခြင်း၊

(ဃ) ရွေးကောက်တင်မြှောက်ခံရပြီးနောက် တည်ဆဲဥပဒေတစ်ရပ်ရပ် အရ ထောင်ဒဏ်ကျခံရခြင်း၊

(င) သက်ဆိုင်ရာမူဝါဒအရ အဖွဲ့ဝင်အဖြစ်မှ ရပ်စဲသွားကြောင်း သတ်မှတ်ခံရခြင်း၊

(စ) အလုပ်အမှုဆောင်ဒါရိုက်တာလောင်းအဖြစ်မှ ရွေးကောက်ပွဲကော်မရှင်က နုတ်ထွက်ခွင့်ပြုခြင်း၊

(ဆ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသော အထောက်အထားရှိသည်ဟု သက်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ခံရခြင်း၊

၂၇။ အလုပ်အမှုဆောင်ဒါရိုက်တာသည် ၎င်း၏သက်တမ်းကုန်ဆုံးမည့်ရက်မတိုင်ခင် မည်သည့်အချိန်တွင်မဆို ဥက္ကဋ္ဌအား အလုပ်အမှုဆောင်ဒါရိုက်တာ ရွေးကောက်ပွဲခေါ်ယူရန်တင်ပြနိုင်သည်။ သို့ရာတွင် အလုပ်အမှုဆောင်ဒါရိုက်တာသက်တမ်း စတင်ပြီး တစ်လအတွင်းမဖြစ်စေရ။

အခန်း (၆)

မဲစာရင်းပြုစုခြင်း

၂၈။ ဤမူဝါဒပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော အဖွဲ့တင်ဖြစ်လျှင် ကော်မရှင်က သက်ဆိုင်ရာ မဲစာရင်း၌ ထည့်သွင်းဖော်ပြရမည်။ ဥက္ကဋ္ဌရွေးချယ်ပွဲဖြစ်ပါက နာယကအဖွဲ့၏စာရင်းကိုလည်း အဖွဲ့ဝင်ဖြစ်စေ မဖြစ်စေကောက်ယူရမည်။

၂၉။ မဲစာရင်းတွင် အမည်ပါဝင်သော အဖွဲ့ဝင်တိုင်းသည် တွင်သာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။

၃၀။ ကော်မရှင်သည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ အမည်စာရင်းကို ရွေးကောက်ပွဲမတိုင်မီ သတ်မှတ်ထားသည့် အတိုင်း အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန၏အကူအညီဖြင့် ကြိုတင်ကြေညာရမည်။

၃၁။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးသည် သက်ဆိုင်ရာ မဲစာရင်းတွင် မိမိ၏အမည် ပါဝင်ခြင်းမရှိလျှင် ကော်မရှင်သို့ မိမိ၏အမည်ကို ထည့်သွင်းပေးရန် သတ်မှတ်ထားသည့်အတိုင်း တောင်းဆိုလွှာကို တင်သွင်းနိုင်သည်။

၃၂။ (က) မဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့် မရှိသူတစ်ဦး၏ အမည်ပါဝင်နေကြောင်း ယင်းမဲစာရင်း၌ ပါဝင်သူတစ်ဦးက ကန့်ကွက်လိုလျှင် ကော်မရှင်သို့ သတ်မှတ်ထားသည့်အတိုင်း ကန့်ကွက်လွှာတင်သွင်းနိုင် သည်။

(ခ) ကော်မရှင်၌ အယူခံမှု မပြီးပြတ်သေးသော်လည်း မဲစာရင်းတွင် အမည်ပါရှိပြီးဖြစ်သော သူအား မဲမပေးရဟု တားမြစ်ခွင့် မရှိစေရ။ ယင်းအခွင့်အရေးအရ ပေးပြီးဖြစ်သော ဆန္ဒမဲသည်လည်း တရားဝင်ဖြစ်စေရမည်။

၃၃။ ကော်မရှင်သည် မဲစာရင်းပြုစုရာတွင်-

(က) မဲစာရင်းတွင် ပါဝင်ခွင့်ရှိလျက်နှင့် ပါဝင်ခြင်းမရှိကြောင်း တွေ့ရှိလျှင် ထိုအမည်များကို နောက်ဆက် တွဲမဲစာရင်းတွင် ထည့်သွင်းရမည်။

(ခ) မဲစာရင်းတွင် ပါဝင်ခွင့်မရှိဘဲ ပါဝင်ကြောင်းတွေ့ရှိလျှင် ထိုအမည်များကို မဲစာရင်းမှ ပယ်ဖျက် ရမည်။

၃၄။ မဲစာရင်းများကို သတ်မှတ်ထားသော ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်က သတ်မှတ်ထား သည့်အတိုင်း ထိန်းသိမ်းရမည်။

၃၅။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သက်တမ်းတစ်ခုအတွင်း အကြောင်းတစ်စုံတစ်ရာကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန်ရှိလျှင် မူလမဲစာရင်းကို အခြေခံ၍ ကြေညာခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်းနှင့် ပြင်ဆင်ခြင်းတို့ကို သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ရမည်။

အခန်း (၇)

ရွေးကောက်ပွဲကျင်းပခြင်း

၃၆။ ကော်မရှင်သည်-

(က) ရွေးကောက်ပွဲကို ဖြစ်နိုင်သရွေ့ တစ်နေ့တည်းတွင် တစ်ပြိုင်နက် ကျင်းပရမည်။

(ခ) ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို ဥက္ကဋ္ဌကြေညာသည့်ရက်အား ကြိုတင်၍ ထပ်လောင်းအတည်ပြု ကြေညာရမည်။

၃၇။ အလုပ်အမှုဆောင်ဒါရိုက်တာကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက လျှို့ ဝှက်ဆန္ဒမဲဖြင့် တိုက်ရိုက်ရွေး ကောက်တင်မြှောက်ရမည်။

၃၈။ ကော်မရှင်သည် ဆ္ဒမဲပေးနိုင်သည့် ပလက်ဖောင်းကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေနှင့် အခြေအနေကို မူတည်၍ သင့်လျော်သလို သတ်မှတ်နိုင်သည်။

၃၉။ ရွေးကောက်တင်မြှောက်ခံမည့် ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိလျှင် ယင်းရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကျင်းပခြင်းမပြုတော့ဘဲ ထိုပုဂ္ဂိုလ်အား ရွေးကောက်ခံရသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း ကော်မရှင်က ကြေညာရမည်။

၄၀။ ရွေးကောက်တင်မြှောက်ခံမည့် ကိုယ်စားလှယ်လောင်း တစ်ဦးထက်ပို၍ ရှိခဲ့လျှင် မဲပုံးနှင့် ဆန္ဒမဲ လက်မှတ်များကို နည်းမူဝါဒများဖြင့် သတ်မှတ်ထားသည့်အတိုင်း ပြုလုပ်စီစဉ်၍ ဆန္ဒမဲပေးစေရမည်။

၄၁။ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံပလက်ဖောင်းများကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထား ရမည်။ သို့ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးပြီးပါက မဲရုံများကို ညနေ ၆ နာရီထက်စော၍ ပိတ်နိုင်သည်။

၄၂။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးသည် အလုပ်အမှုဆောင်ဒါရိုက်တာ ရွေးကောက်ပွဲတစ်ခုတွင် ရွေးကောက်ခံသော ကိုယ်စားလှယ်လောင်းများအနက် မိမိဆန္ဒပြုလိုသော ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် ဆန္ဒမဲတစ်မဲသာ ပေးခွင့်ရှိသည်။ တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခွင့် မရှိစေရ။

အခန်း(၈)

ဆန္ဒမဲရေတွက်ခြင်းနှင့် အတည်ပြုကြေညာခြင်း

၄၃။ ဆန္ဒမဲပေးခြင်း ပြီးပြတ်လျှင် ပြီးပြတ်ချင်း ကော်မရှင်က အဖွဲ့ဝင်တို့၏ ရှေ့မှောက်၌ ဆန္ဒမဲလက်မှတ်များကို နည်းပညာအရ ရေတွက်ထားသည်ကို ရေတွက်ခြင်းလုပ်ငန်းအနေဖြင့် ပြသရမည်။ 

၄၄။ ကော်မရှင်သည် ရွေးကောက်တင်မြှောက်ခံမည့် ကိုယ်စားလှယ်လောင်းတစ်ဦးထက် ပို၍ရှိခဲ့လျှင် ယင်းကိုယ်စားလှယ်လောင်း အသီးသီးရရှိသည့် ခိုင်လုံသော ဆန္ဒမဲအရေအတွက်ကို ကြေညာရမည်။ ခိုင်လုံသော ဆန္ဒမဲအများဆုံး ရရှိသူကို ရွေးကောက်တင်မြှောက်ခံရသူအဖြစ် သတ်မှတ်ကြေညာနိုင်ရန်လည်းကောင်း၊ အများဆုံးရရှိ သည့်ခိုင်လုံသော ဆန္ဒမဲအရေအတွက် တူညီနေလျှင် ရွေးကောက်ပွဲ ထပ်မံကျင်းပနိုင်ရေးအတွက် လည်းကောင်း ကြေညာရမည်။

၄၅။ ယင်းသို့ ထပ်မံကျင်းပသော ရွေးကောက်ပွဲ၌ ထိုဆန္ဒမဲ တူညီနေသူများသာလျှင် ယှဉ်ပြိုင်ရွေးကောက်ခံပိုင်ခွင့်ရှိ သည်။

၄၆။ မဲစာရင်းအရ မဲဆန္ဒရှင်အားလုံး၏ ၅၁ ရာခိုင်နှုန်းက ဆန္ဒမဲပေးပြီးဖြစ်လျှင် ထမြောက်သောရွေးကောက်ပွဲအဖြစ် သတ်မှတ်နိုင်သည်။ 

၄၇။ ကိုယ်စားလှယ်လောင်း တစ်ဦးသာရှိသည့် ရွေးကောက်ပွဲ မကျင်းပမီ ယင်းကိုယ်စားလှယ်လောင်းကွယ်လွန်လျှင်ဖြစ်စေ၊ ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်မရှိကြောင်း တွေ့ရှိလျှင်ဖြစ်စေ ယင်းရွေးကောက်ပွဲကျင်းပရေးနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသည့်အဆင့်မှစ၍ ပြန်လည်ဆောင်ရွက်ရမည်။

၄၈။ ရွေးကောက်ပွဲကိစ္စအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ကော်မရှင်သည် မိမိ၏ ဆန္ဒအလျောက် သက်ဆိုင်ရာ အမှုတွဲ၊ စာရွက်စာတမ်းများကို ကြည့်ရှု၍ လိုအပ်သလို အဆုံးအဖြတ် ချမှတ်နိုင်သည်။ ယင်းဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

အခန်း (၉)

ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ

၄၉။ မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်တို့ကို ကျင့်သုံးခြင်းမပြုနိုင်စေရန်အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်ဩဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း၊ လာဘ်ယူခြင်းသို့မဟုတ် အခြားတနည်းနည်းဖြင့် ရွေးကောက်ပွဲပျက်ပြားအောင် ပြုလုပ်ကြောင်း ထင်ရှားလျှင် ထိုသူအား ကြီးလေးသောပြစ်မှုကို ကျူးလွန်သည်ဟု မှတ်ယူရမည်။

အခန်း (၁၀)

အထွေထွေ

၅၀။ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် တာဝန်ဝတ္တရားများကို ထမ်းဆောင်သောပုဂ္ဂိုလ်သည် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည်-

(က) ရွေးကောက်ပွဲနှင့် သက်ဆိုင်သော စာရင်းဇယားများနှင့် မှတ်တမ်းများကို တိကျစွာ ပြုစုထိန်းသိမ်း ခြင်း၊

(ခ) လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို ကူညီစောင့်ရှောက်ခြင်း၊

(ဂ) ကော်မရှင်က ထုတ်ပြန်ခွင့်ပြုသော စာရင်းအချက်အလက်များမှတစ်ပါး အခြားကိစ္စများနှင့် စပ်လျဉ်း၍ ပေါက်ကြားခြင်း မရှိစေရန် စောင့်ထိန်းခြင်း၊

(ဃ) ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း တစ်ဦးဦးအတွက် မှန်မှန်ကန်ကန်ဆောင် ရွက်ခြင်း၊ မည်သည့်ကိုယ်စားလှယ်လောင်းအတွက်မျှ မဲမဆွယ်ရခြင်း၊ ဘက်မလိုက်ရခြင်း။

၅၁။ ကော်မရှင်သည် ရွေးကောက်ပွဲကျင်းပရေးနှင့်စပ်လျဉ်း၍ လိုအပ်သော အကူအညီများကို ဌာန၊ အဖွဲ့အစည်းများ ထံမှသော်လည်း​ကောင်း၊ ပုဂ္ဂိုလ်များထံမှသော်လည်းကောင်း ရယူဆောင်ရွက် နိုင်သည်။

၅၂။ ကော်မရှင်နှင့် ရွေးကောက်ပွဲခုံအဖွဲ့တို့၏ ဤမူဝါဒပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ချက် သို့မဟုတ် ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ စည်းကမ်းထိန်းသိမ်းရေးကော်မတီတွင် စစ်ဆေးပိုင်ခွင့် မရှိစေရ။

၅၃။ ကော်မရှင်သည် ဤမူဝါဒပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သော လုပ်ထုံးလုပ်နည်းများ၊ ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။


မြန်မာ့သစ်ခွဖွဲ့စည်းပုံအခြေခံမူအရ အဖွဲ့အစည်းအတွင်းလိုက်နာရမည့်မူဝါဒအဖြစ် ကြေငြာသည်။




×
Notice Alert !

Please disable VPN while submitting forms at Burmese Orchid websites.

The Burmese Orchid is youth-led non-profit organisation based in the Republic of the Union of Myanmar. 

One of the Burmese Orchid Official Websites.


Follow us

Contact Us

enquiries@burmeseorchid.org

+95 9 964 512890

  • Home
  • •
  • About us
  • •
  •  
  • Privacy Policy
  • •
  • Forum
Copyright © Burmese Orchid 2022 - 2024
Powered by Odoo - The #1 Open Source eCommerce
Website Logo




Respecting your privacy is our priority.

Allow the use of cookies from this website on this browser?

We use cookies to provide improved experience on this website. You can learn more about our cookies and how we use them in our Cookie Policy.

Allow all cookiesOnly allow essential cookies