Table of Contents
Related Agencies & Policies
Enforcing Agencies

Related Policies
- Meetings Manual
Related Rules & Procedures
The Policy
မြန်မာ့သစ်ခွအဖွဲ့
ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး
မူဝါဒအမှတ် (ည)
“အထွေထွေအစည်းအဝေးကျင်းပခြင်းဆိုင်ရာမူဝါဒ”
၁၃၈၆ ခု တပို့တွဲလပြည့်ကျော် ၁ရက်
၁၆ရက် ဇွန်လ ၂၀၂၄ခုနှစ်
မူဝါဒအမှတ် (၆/၂၀၂၄)
အဖွဲ့အစည်းအတွင်း အထွေထွေအစည်းအဝေးကျင်းပရာတွင် လိုက်နာဆောင်ရွက်ရမည့်၊ လုပ်ထုံလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပေးသည့် မူဝါဒ။
ဤမူဝါဒကို မြန်မာ့သစ်ခွ နာယကအဖွဲ့၏ အကြံပြုချက်နှင့် သဘောတူညီချက်ဖြင့် ကျွန်ုပ်အတည်ပြု၍ အောက်ပါအတိုင်း ချမှတ်လိုက်သည်။
၁။ အမည်
ဤမူဝါဒကို အထွေထွေအစည်းအဝေးကျင်းပခြင်းဆိုင်ရာမူဝါဒ ဟု ခေါ်တွင်စေရမည်။
၂။ မိတ်ဆက်
မြန်မာ့သစ်ခွအဖွဲ့၏ အဓိကမဏ္ဍိုင်ကြီးဖြစ်သော အဖွဲ့ဝင်အားလုံးပါဝင်ဆွေးနွေးနိုင်သည့် အထွေထွေအစည်းအဝေး ကျင်းပပြုလုပ်ရာ၌ စည်းကမ်းတကျ ဖြစ်စေရန် နာယကအဖွဲ့မှ ဤစည်ကမ်းသတ်မှတ်ချက်များကို သတ်မှတ်သည်။
၃။ အထွေထွေအစည်းအဝေး ဖွဲ့စည်းခြင်း
(က) အထွေထွေအစည်းအဝေးသည် အဖွဲ့အစည်း၏ အမြင့်ဆုံးဆုံးဖြတ်မှုပြုအဖွဲ့အစည်းဖြစ်သည်။
(ခ) အထွေထွေအစည်းအဝေးကို ဤဖွဲ့စည်းပုံအခြေခံမူနှင့်အညီ
(၁) နာယကအဖွဲ့ဝင်များ၊
(၂) ပါဝင်သင့်သောပုဂ္ဂိုလ်များနှင့်
(၃) မြန်မာ့သစ်ခွအဖွဲ့ဝင်အားလုံးတို့ဖြင့် ဖွဲ့စည်းရမည်။
မှတ်ချက် ။ ။ ပါဝင်သင့်သောပုဂ္ဂိုလ်များဟုဆိုရာတွင် နာယကအဖွဲ့ သို့မဟုတ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့က အခါအားလျော်စွာသတ်မှတ်သော ပုဂ္ဂိုလ်များကိုဆိုလိုသည်။
၄။ သဘာပတိ တာဝန်ထမ်းဆောင်ခြင်း
(က) သဘာပတိသည် အထွေထွေအစည်းအဝေး အစည်းအဝေးမှူးအကြီးအကဲဖြစ်သည်။
(ခ) မြန်မာ့သစ်ခွ၏ ဒုတိယဥက္ကဋ္ဌသည် သဘာပတိဖြစ်သည်။ သဘာပတိသည် ၎င်းနေရာ၏ နောက်ဆက်ခံရမည့်သူကို ရွေးချယ်ခြင်းမပြုမီ (၎င်း၏သက်တမ်းကုန်ဆုံးသော်ငြားလည်း) ဆက်လက်ဆောင်ရွက်ခွင့်ရှိသည်။ (ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပြင်ဆင်ချက်အရ ပြင်ဆင်)
(ဂ) သဘာပတိ၏ လုပ်ငန်းတာဝန်
အထွေထွေအစည်းအဝေးသဘာပတိသည်-
(၁) အထွေထွေအစည်းအဝေးများကိုကြီးကြပ် ကွပ်ကဲရမည်။
(၂) အစည်းအဝေးတွင် အဖွဲ့ဝင်တစ်ဦးဦးမှ အဖွဲ့၏ ဆောင်ရွက်ချက်၊ ဆောင်ရွက်ပြီး သို့မဟုတ် ဆောင်ရွက်ဆဲ အကြောင်းအရာတစ်ရပ်ရပ်နှင့် စပ်လျင်း၍ လိုအပ်ပါက သက်ဆိုင်ရာ အဖွဲ့တွင်း ဌာန၊ အဖွဲ့အစည်း၏ တာဝန်ရှိသူ တစ်ဦးဦးကို ရှင်းလင်းတင်ပြစေရန် ဆင့်ခေါ်ရမည်။
(၃) ဖွဲ့စည်းပုံအခြေခံမူနှင့် အခြားမူဝါဒများမှ အပ်နှင်းထားသော တာဝန်များ၊ လုပ်ပိုင်ခွင့်များကို ထမ်းဆောင်ရမည်။
၅။ အထွေထွေအစည်းအဝေးအဖွဲ့အစည်းများ
(က) သဘာပတိသည် အထွေထွေအစည်းအဝေး၏သဘောတူညီချက်ဖြင့် လိုအပ်သော ဆပ်ကော်မတီ၊ ကော်မရှင်နှင့် လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းရာ၌ ယင်းတို့၏ အမည်၊ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို သတ်မှတ်ပေးရမည်။
(ခ) ဆပ်ကော်မတီ၊ ကော်မရှင်နှင့် လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းသည့်အခါ၌ အဖွဲ့ဝင်များဖြင့်လည်းကောင်း၊ သင့်လျော်သည့် အဖွဲ့ဝင်မဟုတ်သူများဖြင့်လည်းကောင်း ဖွဲ့စည်းနိုင်သည်။
(ဂ) အထွေထွေအစည်းအဝေးက ဖွဲ့စည်းသည့် ဆပ်ကော်မတီ၊ ကော်မရှင်နှင့် လုပ်ငန်းအဖွဲ့များ တို့သည် အဖွဲ့အာဏာပိုင်တို့နှင့် တိုက်ရိုက်ဆက်သွယ်ပြီး သက်ဆိုင်ရာလုပ်ငန်းကိစ္စရပ်များကို တာဝန်ခံဖြေကြားနိုင်သည့် ပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့်ဆက်စပ်သော အကြောင်းအရာများကိုသိရှိနားလည်သည်ဟု ယူဆရသူများအားလည်းကောင်း မေးမြန်းခြင်း၊ ဆွေးနွေးခြင်းနှင့်လိုအပ်သည့် အချက်အလက်များကို တင်ပြစေခြင်းပြုနိုင်သည်။
(ဃ) ဆပ်ကော်မတီ၊ ကော်မရှင်နှင့် လုပ်ငန်းအဖွဲ့များသည် အထွေထွေအစည်းအဝေးကို တာဝန်ခံရမည်။
၆။ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
(က) အဖွဲ့ဝင်အားလုံးတွင် အဖွဲ့၏ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တရားမဝင်လုပ်ဆောင်မှု၊ အဂတိလိုက်စားမှု စသည်တို့ မရှိစေရန် အဖွဲ့ဝင်များသည် အာမခံ၍ ရှိလာပါကလည်း အထွေထွေအစည်းအဝေးနှင့် လုပ်ထုံးလုပ်နည်းများမှ တဆင့် အရေးယူဆောင်ရွက်ရန် တာဝန်ရှိသည်။
(ခ) အခြားကန့်သတ်ချက်မရှိလျှင် သဘာပတိ၏ ဖိတ်ကြားခြင်းကိုခံရပါက အဖွဲ့ဝင်ဟောင်းများသည်လည်း အထွေထွေအစည်းအဝေးတွင် ပါဝင်နိုင်ခွင့်ရှိသည်။ သို့ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရ။ ဥက္ကဋ္ဌ သို့မဟုတ် အလုပ်အမှုဆောင်ဒါရိုက်တာ သို့မဟုတ် နာယကအဖွဲ့ သို့မဟုတ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် သဘာပတိအား အဖွဲ့ဝင်ဟောင်းများကို အထွေထွေအစည်းအဝေးသို့ ဖိတ်ကြားရန် တောင်းဆိုနိုင်သည်။
(ဂ) အထွေထွေအစည်းအဝေး၌ အောက်ပါကိစ္စရပ်များကိုဆောင်ရွက်သည်-
(၁) မူဝါဒမူကြမ်း တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(၂) အလုပ်အမှုဆောင်ဘုတ်အဖွဲ့က အတည်ပြုထားသည့် မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများ၊ ပရောဂျက်များနှင့် ပက်သက်၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(၃) အထွေထွေအစည်းအဝေးက ဆောင်ရွက်ရမည့်၊ ဆောင်ရွက်သင့်သည့် အရေးကြီး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(၄) အထွေထွေအစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာများကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊
(၅) အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(၆) မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်းတို့ကိုလွတ်လပ်စွာဆောင်ရွက်ခြင်း၊
(၇) အထွေထွေအစည်းအဝေး သဘာပတိကခွင့်ပြုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍
ဆောင်ရွက်ခြင်း။
(ဃ) အထွေထွေအစည်းအဝေးသည် အဖွဲ့အစည်း၏ အရေးကြီးကိစ္စရပ်အားလုံးကို ဆုံးဖြတ်ရမည်။
(င) အထွေထွေအစည်းအဝေးသည် အဖွဲ့အစည်း၏ အထွေထွေကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ အဖွဲ့အစည်းတစ်ခုလုံး အတွက်သော်လည်းကောင်း၊ အဖွဲ့အစည်း၏ တစ်စိတ်တစ်ဒေသ အတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဤဖွဲ့စည်းပုံအခြေခံမူနှင့်အညီ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ ချမှတ်ခွင့်ရှိသည်။
(စ) အထွေထွေအစည်းအဝေးသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ၏ လုပ်ငန်းများကို ကြီးကြပ်ရန်အတွက် အမြဲတမ်း၊ လုပ်ငန်း၊ ဆပ် စသည့် ကော်မတီများကို တည်ထောင်နိုင်သည်။
(ဆ) အထွေထွေအစည်းအဝေးသည် အဖွဲ့ဝင်များ၏ သုံးပုံနှစ်ပုံ၏ ဆန္ဒမဲဖြင့် အောက်ပါအကြောင်းများကြောင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ သို့မဟုတ် ဌာန၊ အဖွဲ့အစည်း၊ ကော်မတီများကို ဖျက်သိမ်းရန် ဥက္ကဋ္ဌအား အကြောင်းကြားနိုင်သည်။ ဥက္ကဋ္ဌသည် အထွေထွေအစည်းအဝေး၏ သဘောဆန္ဒအတိုင်း (၃) ရက်အတွင်း ၎င်းအား အရေးယူဆောင်ရွက်ဖျက်သိမ်းပေးရမည်။ ဥက္ကဋ္ဌအရေးယူဖျက်သိမ်းခြင်းမရှိပါက အထွေထွေအစည်းအဝေး၏ သဘောဆန္ဒ (၅) ရက်ပြည့်မြောက်သော ကာလတွင် နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့်သာ ၎င်းအား ဖျက်သိမ်းပြီးဖြစ်သည်ဟုမှတ်ယူရမည်။
(၁) ဤဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ချိုးဖောက်ခြင်း၊
(၂) အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေသော လုပ်ဆောင်ချက်များလုပ်ဆောင်ခြင်း၊
(၃) အဖွဲ့အစည်း၏ တည်ငြိမ်မှုကို ထိခိုက်စေခြင်း၊
(၄) အထွေထွေအစည်းအဝေးမှ ချမှတ်ထားသော မည်သည့်ဆုံးဖြတ်ချက်များကိုမဆို မလိုက်နာ၊ ဆန့်ကျင်ခြင်း၊
(၅) တာဝန်ကျေပွန်မှု အားနည်းခြင်း။
(ဇ) ဖွဲ့စည်းပုံအခြေခံမူပြင်ဆင်ချက်နှင့် အရေးကြီးသောမူဝါဒများကို အထွေထွေအစည်းအဝေး မစတင်မီ (၇) ရက်ထက် နောက်မကျစေဘဲ အဖွဲ့ဝင်များက တင်ပြရမည်ဖြစ်ပြီး နာယကအဖွဲ့ သို့မဟုတ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အထွေထွေအစည်းအဝေးမစတင်မီ (၃) ရက်အလိုတွင် ပြင်ဆင်ချက်မူကြမ်းများအား နာယကအဖွဲ့ သို့မဟုတ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ တင်သွင်းရမည်ဖြစ်သည်။
(ဈ) အထွေထွေအစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းပုံအခြေခံမူကို ပြုပြင်ပြောင်းလဲနိုင်သည်။
(ည) အဖွဲ့အစည်းအတွင်း အရေးကြီးမူဝါဒများနှင့် လုပ်ပိုင်ခွင့်များ အပြောင်းအလဲများကို အထွေထွေအစည်းအဝေးတွင်တက်ရောက်သူ ထက်ဝက်ကျော်ထောက်ခံမဲဖြင့်သာ အတည်ပြုရမည်ဖြစ်သည်။
(ဋ) ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အဖွဲ့အစည်း၏အုပ်ချုပ်မှု အာဏာသည် ဥက္ကဋ္ဌ၌တည်ရှိသည်။ ဤစကားရပ်ကြောင့် အထွေထွေအစည်းအဝေးသည် တာဝန်ရှိသူအဖွဲ့အစည်းတစ်ရပ်ရပ်အားလည်းကောင်း၊ တာဝန်ရှိသူပုဂ္ဂိုလ်တစ်ဦးဦးအားလည်းကောင်း တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင်ယင်းစကားရပ်ကြောင့် မူဝါဒများအရ သက်ဆိုင်ရာ တာဝန်ရှိသူအဖွဲ့အစည်း တစ်ရပ်ရပ်အားဖြစ်စေ၊ သက်ဆိုင်ရာတာဝန်ရှိသူ ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဥက္ကဋ္ဌအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရ။
(ဌ) အထွေထွေအစည်းအဝေးမှ ချမှတ်သော ဆုံးဖြတ်ချက်များသည် ပြဋ္ဌာန်းချက်များတွင် အကျိုးသက်ရောက်သည့် အချိန်သတ်မှတ်ထားခြင်းရှိသည်များမှလွဲ၍ အခြားပြဋ္ဌာန်းချက်များ မရှိလျှင် ၎င်းကိစ္စရပ်သည် အတည်ပြုသည့်နေ့အချိန်တွင်ပင် အကျိုးသက်ရောက်မှုရှိမည်။
၇။ ကျင့်ဝတ်နှင့် စည်းကမ်းများ
အဖွဲ့ဝင်များသည် အောက်ပါကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာရမည်-
(က) အဖွဲ့ ရည်ရွယ်ချက်၊ အခြေခံမူများအပေါ် အခြေပြု၍ အဖွဲ့အကျိုးစီးပွား၊ လူမှုရေးနနှင့် သဘာဝပတ်ဝန်ကျင်အကျိုး တို့ကို ဆောင်ရွက်ခြင်း၊
(ခ) ဖွဲ့စည်းပုံအခြေခံမူ၊ ဤမူဝါဒနှင့် အခြားမူဝါဒများပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းခြင်း၊
(ဂ) အဖွဲ့ဝင်ကောင်းတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်လျော်ညီစွာ ပြုမူပြောဆိုဆက်ဆံနေထိုင်ခြင်း၊
(ဃ) အဖွဲ့ဝင်များ၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်း၊
(င) အဖွဲ့ဝင်များအဖြစ် ပေးအပ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် ခြိမ်းခြောက်မှုတို့ကို ရှောင်ကြဉ်ခြင်း၊
(စ) အထွေထွေအစည်းအဝေး၏ အစည်းအဝေးများတွင် သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း။
၈။ ပုံမှန်အစည်းအဝေးများ
(က) အထွေထွေအစည်းအဝေးကို သုံးလလျှင် တစ်ကြိမ်ကျစီ သို့မဟုတ် အရေးပေါ်ကိစ္စများတွင် ခေါ်ဆိုရမည်။ သို့ရာတွင် အစည်းအဝေးတစ်ခုတွင် အရှေ့အစည်းအဝေးနှင့် ၎င်း၏နောက်လာမည့် အစည်းအဝေးကြားတွင် အများဆုံး ရက် (၉၀) ခြား၍မရှိစေရ။
(ခ) အထွေထွေအစည်းအဝေး၏ အရေးပေါ် သို့မဟုတ် အထူးအစည်းအဝေးကို ဥက္ကဋ္ဌက သို့မဟုတ် အဖွဲ့ဝင်များ၏ လေးပုံတစ်ပုံက အစည်းအဝေးခေါ်ယူရန် တောင်းဆိုသည့်အခါတွင် သဘာပတိက ခေါ်ယူနိုင်သည်။
(ဂ) နာယကအဖွဲ့ သို့မဟုတ် အလုပ်အမှုဆောင်ဒါရိုက်တာသည် ဥက္ကဋ္ဌအား အထွေထွေအစည်းအဝေး၏ အရေးပေါ် သို့မဟုတ် အထူးအစည်းအဝေးကို ခေါ်ယူရန် တောင်းဆိုနိုင်သည်။ ထိုအခါတွင် ဥက္ကဋ္ဌမှ အစည်းအဝေးခေါ်ယူရန် သဘာပတိကို တောင်းဆိုပေးရမည်။
(ဃ) အခြားစည်းမျဉ်းမူဝါဒပြဌာန်းချက်များမရှိပါက အဖွဲ့ဝင်အရေအတွက် စုစုပေါင်း၏ အနည်းဆုံး သုံးပုံတစ်ပုံသည် သာမာန်အထွေထွေအစည်းအဝေး ကျင်းပရန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးရန်အတွက် လိုအပ်သည်။ အရေးပေါ်အစည်းအဝေး သို့မဟုတ် အထူအစည်းအဝေးကို ကျင်းပရန်နှင့် ၎င်းအစည်းအဝေး၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံးရန် အဖွဲ့ဝင်အရေအတွက် စုစုပေါင်း၏ အနည်းဆုံး လေးပုံတစ်ပုံ လိုအပ်သည်။
(င) သဘာပတိသည် အရေးပေါ် သို့မဟုတ် အထူးအစည်းအဝေးကိုခေါ်ယူရန် တောင်းဆိုချက်ကို လက်ခံရရှိပါက ၎င်းတို့တောင်းဆိုချက်ကို လက်ခံရရှိပြီး (၂) ရက်အတွင်း အထွေထွေအစည်းအဝေး ကျင်းပမည့်ရက်ကို စီစဉ်ရမည်။ တောင်းဆိုချက်ကို လက်ခံရရှိပြီး (၅)ရက်အတွင်း အထွေထွေအစည်းအဝေးကို ကျင်းပရမည်ဖြစ်သည်။
(စ) ပုံမှန်အထွေထွေအစည်းအဝေး ကျင်းပမည့်ရက်မတိုင်မီ (၃) ရက်ထက် နောက်မကျစေဘဲ အထွေထွေအစည်းအဝေး ခေါ်ယူခြင်းနှင့်ပတ်သက်၍ အဖွဲ့ဝင်များအား အကြောင်းကြားရမည်။ အကြောင်းကြားစာတွင် အစည်းအဝေးကျင်းပမည့်ရက်စွဲ၊ အချိန်နှင့်နေရာ နှင့် အစီအစဉ်မူကြမ်းပါရှိရမည်။
(ဆ) အထွေထွေအစည်းအဝေးကို လိုအပ်သလို စီစဉ်ကျင်းပနိုင်သည်။
(ဇ) အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာန သည် အဖွဲ့ဝင်တိုင်းအတွက် ရရှိသင့်သည့် အထွေထွေအစည်းအဝေး မှတ်တမ်းများကို မှတ်တမ်းတင်ခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို ထိန်းသိမ်းတင်ပြရမည်။
(ဈ) အထွေထွေအစည်းအဝေးသို့ တက်ရောက်လာသော အဖွဲ့ဝင်များစိစစ်ရေးအတွက် သဘာပတိသည် အစည်းအဝေးသို့ တက်ရောက်လာသော အဖွဲ့ဝင်များအား စိစစ်အတည်ပြုရန် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနကို တာဝန်ပေးအပ်ရမည်။
၉။ ဆန္ဒမဲပြုခြင်း
(က) နာယကအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်အားလုံးသည် အထွေထွေအစည်းအဝေးတွင် ပါဝင်ခွင့်နှင့် မဲပေးပိုင်ခွင့်ရှိသည်။
(ခ) အဖွဲ့ဝင်တစ်ဦးလျှင် ဆန္ဒမဲတစ်ခုစီဖြင့် ကိုယ်စားမှုပြုသည်။
(ဂ) အဖွဲ့ဝင်များသည် အထွေထွေအစည်းအဝေးတွင် သဘာပတိ၏ လမ်းညွှန်ချက်ဖြင့် အောက်ပါနည်းများအတိုင်း ဆန္ဒမဲပေးနိုင်သည်။
(ဃ) သဘာပတိသည် ကိစ္စရပ်တိုင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိရမည်။ ဆန္ဒမဲများ တူညီသောအခါတွင် ကိစ္စရပ်သည် ပယ်ချခြင်းသဘောဆောင်ရမည်။
(င) အထွေထွေအစည်းအဝေးသည် ဖွဲ့စည်းပုံအခြေခံမူပြင်ဆင်ရေးမှလွဲ၍ အခြား ကိစ္စရပ်များအားလုံးကို အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်။
၁၀။ အစည်းအဝေးနေ့ရက်၊ အချိန်သတ်မှတ်ခြင်းနှင့်အထမြောက်ခြင်း
(က) အထွေထွေအစည်းအဝေးအစည်းအဝေးများကို သဘာပတိက သတ်မှတ်သည့်နေ့ရက်နှင့် အချိန်တွင် ကျင်းပရမည်။
(ခ) ပုံမှန်အစည်းအဝေးများတွင် အထွေထွေအစည်းအဝေး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အဖွဲ့ဝင်များ စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံတစ်ပုံတက်ရောက်လျှင် ယင်းအစည်းအဝေးများ အထမြောက်သည်။ အကယ်၍ အထမ မြောက်ပါက အစည်းအဝေးကို ရွှေ့ဆိုင်းကျင်းပရမည်။
(ဂ) အထွေထွေအစည်းအဝေးအထူးအစည်းအဝေးကို ဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကိုဖြစ်စေ ကျင်းပရာတွင် အထွေထွေအစည်းအဝေး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အဖွဲ့ဝင်များ စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံပုံတစ်ပုံတက်ရောက်လျှင် ယင်းအစည်းအဝေးများ အထမြောက်သည်။ အကယ်၍ အထမ မြောက်ပါက အစည်းအဝေးကို ရွှေ့ဆိုင်းကျင်းပရမည်။
၁၁။ အစည်းအဝေး၌ ဆောင်ရွက်ရမည့်ကိစ္စရပ်များ
အထွေထွေအစည်းအဝေး၏ အဆုံးအဖြတ်ရယူမည့်ကိစ္စရပ်များ၊ သဘောတူညီချက်ရယူမည့်ကိစ္စရပ်များနှင့် အတည်ပြုချက်ရယူမည့်ကိစ္စရပ်များကို အောက်ပါအတိုင်းဆောင်ရွက်ရမည်-
(က) အထွေထွေအစည်းအဝေးအစည်းအဝေး ကျင်းပရန်ကာလဖြစ်လျှင် ယင်းအစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည်။
(ခ) အထွေထွေအစည်းအဝေးအစည်းအဝေး ကျင်းပရန်ကာလမဟုတ်လျှင် အနီးကပ်ဆုံးအထွေထွေအစည်းအဝေးအစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည်။
(ဂ) အဖွဲ့အစည်း၊ ရည်ရွယ်ချက်နှင့် အခြေခံမူများ၏ အကျိုးငှာ အလျင်အမြန် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အထူးအစည်းအဝေး သို့မဟုတ် အရေးပေါ်အစည်းအဝေးခေါ်ယူကျင်းပ၍ ဆွေးနွေးဆုံးဖြတ်ရမည်။
(ဃ) သဘာပတိသည် အထွေထွေအစည်းအဝေး၏ အစည်းအဝေးများတွင် အဆုံးအဖြတ်ရယူရာ၌ စက်ခလုတ်အသုံးပြု၍ လျှို့ဝှက်စွာဆန္ဒပြုသည့် နည်းလမ်းဖြင့် သော်လည်းကောင်း၊ အွန်လိုင်းဆန္ဒမဲလက်မှတ်အသုံး ပြု၍ လျှို့ဝှက်စွာ ဆန္ဒမဲပေးသည့်နည်းလမ်းဖြင့် သော်လည်းကောင်း၊ သင့်လျော်သည့် အခြားနည်းလမ်းတစ်ခုခု ဖြင့်သော်လည်းကောင်း ဆောင်ရွက်နိုင်သည်။
၁၂။ ဆုံးဖြတ်ချက်နှင့်မူဝွဒများချမှတ်ခြင်း
(က) အထွေထွေအစည်းအဝေးအစည်းအဝေးများတွင် အဆုံးအဖြတ်ပြုရမည့် အကြောင်းအရာတစ်ရပ်နှင့်စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံအခြေခံမူတွင် အခြားနည်း ပြဋ္ဌာန်းထားခြင်းမရှိလျှင် ဖွဲ့စည်းပုံအခြေခံမူပြင်ဆင်ရေးမှလွဲ၍ အခြား ကိစ္စရပ်များအားလုံးကို အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်။ အခြားအရေးကြီးမူဝါဒများနှင့် လုပ်ပိုင်ခွင့်များ အပြောင်းအလဲများကို အထွေထွေအစည်းအဝေး တွင် ထက်ဝက်ကျော်ထောက်ခံမဲဖြင့် အတည်ပြုရမည်ဖြစ်သည်။
(ခ) မူဝါဒများကို ဤမူဝါဒ၏ စာပိုဒ်အမှတ် (၁၅)နှင့် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း စာပိုဒ်အမှတ် (၃၇) နှင့် (၃၈) တို့၏ လုပ်ထုံးလုပ်နည်းအတိုင်းဖြင့်သာ ချမှတ်ဆောင်ရွက်နိုင်သည်။
၁၃။ လွတ်လပ်စွာပြောဆိုခွင့်နှင့် ဆန္ဒမဲပေးပိုင်ခွင့်
အဖွဲ့ဝင်များသည် အထွေထွေအစည်းအဝေး သို့မဟုတ် အထွေထွေအစည်းအဝေးက ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များတွင် ဆွေးနွေးပြောဆိုရာ၌ အဖွဲ့အစည်း၏ဂုဏ်သိက္ခာကို ထိခိုက်ခြင်း၊ နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီ သို့မဟုတ် ဘာသာသာသနာကို ပုတ်ခတ်ပြောဆိုခြင်း၊ အခြာအဖွဲ့အစည်း တစ်ခုခုကို ထိခိုက်ပုတ်ခတ်ပြောဆိုခြင်း၊ အဖွဲ့အစည်း၏ အကျိုးစီးပွားကို ထိခိုက်စေခြင်း၊ အဖွဲ့အစည်း၏ လျှို့ဝှက်ချက်ကို တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပေါက်ကြားစေခြင်း၊ ပုဂ္ဂိုလ်တစ်ဦးဦး၏ အကျင့်စာရိတ္တ သို့မဟုတ် အပြုအမူနှင့် စပ်လျဉ်း၍ ပြောဆိုခြင်း၊ ဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ခြင်း စသည့် ဆွေး နွေးပြောဆိုခြင်းမှအပ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ ထိုသို့ အထွေထွေအစည်းအဝေး သို့မဟုတ် အထွေထွေအစည်းအဝေးက ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့တွင် တင်ပြဆွေးနွေးခြင်း၊ မေးခွန်း များမေးမြန်းခြင်းတို့နှင့် စပ်လျဉ်း၍ ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။
၁၄။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် လက်အောက်ခံ ရုံး၊ ဌာန၊ ကော်မတီ၊ ကောင်စီများ၏ တင်ပြခွင့်
(က) အလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် လက်အောက်ခံ ရုံး၊ ဌာန၊ ကော်မတီ၊ ကောင်စီများ တစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့ အစည်းဝင်များသည်-
(၁) သဘာပတိ၏ခွင့်ပြုချက်ဖြင့် အထွေထွေအစည်းအဝေးသို့ တက်ရောက်သည့်အခါ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော မူဝါဒမူကြမ်းများ၊ အဆိုများ၊ မေးခွန်းများ သို့မဟုတ် အခြားကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောဆိုဆွေးနွေးခွင့်ရှိသည်။
(၂) အထွေထွေအစည်းအဝေးက ဖွဲ့စည်းသည့် ဆပ်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တစ်ရပ်ရပ်၏ အစည်းအဝေးသို့ ယင်းကော်မတီအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် တက်ရောက်သည့်အခါ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော မူဝါဒမူကြမ်းများ သို့မဟုတ် အခြားကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောဆိုဆွေးနွေးခွင့်ရှိသည်။
(၃) အထွေထွေအစည်းအဝေးနှင့် ဆပ်ကော်မတီများက မိမိအဖွဲ့အစည်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို မေးမြန်းလာပါက ဆောင်ရွက်မှုအခြေအနေ၊ ပြီးစီးမှု အခြေအနေနှင့် သတ်မှတ်ကာလအတွင်းမူလသတ်မှတ်ချက်အတိုင်း ပြီးစီးခြင်းမရှိပါက ထိုသို့ ပြီးစီးခြင်းမရှိသည့် အကြောင်းရင်းကို ပြန်ကြားခွင့် ရှိသည်။
(၄) ကော်မတီများက လုပ်ငန်းတာဝန်နှင့် ဆက်စပ်သောကိစ္စအတွက် ဆွေးနွေးတင်ပြရန်ဖိတ်ကြားပါ က လာရောက်ရှင်းလင်း ဖြေကြားခွင့်ရှိသည်။
(ခ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် လက်အောက်ခံ ရုံး၊ ဌာန၊ ကော်မတီ၊ ကောင်စီများသည် အထွေထွေအစည်းအဝေးအစည်းအဝေးသို့ တင်ပြသင့်သော မိမိအဖွဲ့ အစည်းနှင့် သက်ဆိုင်သည့် အခြေအနေအရပ်ရပ်ကို သဘာပတိ (သို့မဟုတ်) ဒုတိယသဘာပတိ၏ခွင့်ပြုချက်ဖြင့် တင်ပြနိုင်သည်။
(ဂ) အထွေထွေအစည်းအဝေးအစည်းအဝေးသို့ဖြစ်စေ၊ အထွေထွေအစည်းအဝေးက ဖွဲ့စည်းသည့် ဆပ်ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တစ်ရပ်ရပ်၏ အစည်းအဝေးသို့ဖြစ်စေ တက်ရောက်ရန်ဖိတ်ကြားခြင်းခံရသော အလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် လက်အောက်ခံ ရုံး၊ ဌာန၊ ကော်မတီ၊ ကောင်စီ တစ်ရပ်ရပ်ကိုကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် အထွေထွေအစည်းအဝေး သို့မဟုတ် အထွေထွေအစည်းအဝေးကဖွဲ့စည်းသည့် ဆပ်ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့များတွင် ဆွေးနွေးပြောဆိုရာ၌ အဖွဲ့အစည်း၏ဂုဏ်သိက္ခာကို ထိခိုက်ခြင်း၊ နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီ သို့မဟုတ် ဘာသာသာသနာကို ပုတ်ခတ်ပြောဆိုခြင်း၊ အခြာအဖွဲ့အစည်း တစ်ခုခုကို ထိခိုက်ပုတ်ခတ်ပြောဆိုခြင်း၊ အဖွဲ့အစည်း၏ အကျိုးစီးပွားကို ထိခိုက်စေခြင်း၊ အဖွဲ့အစည်း၏ လျှို့ဝှက်ချက်ကို တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပေါက်ကြားစေခြင်း၊ ပုဂ္ဂိုလ်တစ်ဦးဦး၏ အကျင့်စာရိတ္တ သို့မဟုတ် အပြုအမူနှင့် စပ်လျဉ်း၍ ပြောဆိုခြင်း၊ ဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ခြင်း စသည့် ဆွေး နွေးပြောဆိုခြင်းမှအပ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိသည်။ ထိုသို့ အထွေထွေအစည်းအဝေး သို့မဟုတ် အထွေထွေအစည်းအဝေးက ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့တွင် တင်ပြဆွေးနွေးခြင်း၊ မေးခွန်း များမေးမြန်းခြင်းတို့နှင့် စပ်လျဉ်း၍ ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။
(ဃ) အဖွဲ့ဝင်များသည် အထက်ပါအခွင့်အရေးများကို ကျင့်သုံးကြရာ တွင်ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ရှိခဲ့ပါက ယင်းတို့သည် အထွေထွေအစည်းအဝေး၏ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တည်ဆဲမူဝါဒများအရလည်းကောင်း အရေးယူခြင်းခံရမည်။
၁၅။ မူဝါဒပြုခွင့်
(က) ဥက္ကဋ္ဌ၊ နာယကအဖွဲ့၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ နှင့် အထွေထွေအစည်းအဝေးများသည် မူဝါဒ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများကို ဤဖွဲ့စည်းပုံအခြေခံမူပါ သတ်မှတ်နည်းလမ်းများအတိုင်း ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းများပြုလုပ်နိုင်သည်။
(ခ) အတည်ပြုထုတ်ပြန်သော မူဝါဒများသည် ဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များနှင့်သော် လည်းကောင်း၊ အခြားမူဝါဒများပါ ပြဋ္ဌာန်းချက်များနှင့်သော် လည်းကောင်း၊ အဖွဲ့အစည်း၏ ရည်ရွယ်ချက်များနှင့်သော် လည်းကောင်း ညီညွတ်မှုရှိရမည်။
(ဂ) ပုံမှန်အားဖြင့် မူဝါဒပြုခြင်း
(၁) အထွေထွေအစည်းအဝေးတွင် တက်ရောက်သူအဖွဲ့ဝင်များ၏ထက်ဝက်ကျော်က အတည်ပြုလျှင် ယင်းမူဝါဒမူကြမ်းကို မြန်မာ့သစ်ခွ၏ မူဝါဒအဖြစ် အတည်ပြုသည်ဟု မှတ်ယူရမည်၊
(၂) မူဝါဒမူကြမ်းတစ်ရပ်နှင့် စပ်လျဉ်း၍ နာယကအဖွဲ့နှင့် ဥက္ကဋ္ဌ (သို့မဟုတ်) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့တို့ သဘောထား ကွဲလွဲပါက အထွေထွေအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည်။
(ဃ) ဥက္ကဋ္ဌ သို့မဟုတ် နာယကအဖွဲ့က ချမှတ်သည့်မူဝါဒနှင့် အထွေထွေအစည်းအဝေးက ချမှတ်သည့်မူဝါဒ မကိုက်ညီပါက အထွေထွေအစည်းအဝေးမှ ချမှတ်သည့်မူဝါဒကိုသာ အတည်ဖြစ်သည်ဟုမှတ်ယူရမည်။ ဤပြဋ္ဌာန်းချက်သည် ဤဖွဲ့စည်းပုံအခြေခံမူပါ အခြားစပ်လျဉ်းသော ဥက္ကဋ္ဌနှင့် နာယကအဖွဲ့၏လုပ်ပိုင်ခွင့်များကို မထိခိုက်စေရ။
(င) အထွေထွေအစည်းအဝေးမှ ချမှတ်ထားသော မူဝါဒနှင့် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း မကိုက်ညီပါက ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းသာလျှင် အတည်ဖြစ်သည်။
(စ) အထွေထွေအစည်းအဝေးသည် မူဝါဒတစ်ရပ်ပြဋ္ဌာန်းသည့်အခါ-
(၁) မြန်မာ့သစ်ခွအမှုဆောင်အဆင့်အဖွဲ့အစည်း တစ်ရပ်ရပ်အား ယင်းမူဝါဒနှင့် သက်ဆိုင်သည့် စည်းမျဉ်းနှင့် စည်းကမ်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်၊
(၂) သက်ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်အား ယင်းမူဝါဒနှင့် သက်ဆိုင်သည့် ကြေငြာချက်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်။
(ဆ) မူဝါဒတစ်ရပ်က အပ်နှင်းသည့် လုပ်ပိုင်ခွင့်အရပြုလုပ်သော စည်းမျဉ်း၊ စည်းကမ်း၊ ကြေငြာချက်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း၊ သက်ဆိုင်ရာမူဝါဒပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း ညီညွတ်မှုရှိရမည်။
(ဇ) အထွေထွေအစည်းအဝေးသည် မူဝါဒ၊ စည်းကမ်းတစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် ဆုံးဖြတ်နိုင်သည်။
(ဈ) အထက်ပါစာပိုဒ်ခွဲအရ မူဝါဒ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များတို့ သဘောထားကွဲလွဲပါက အထွေထွေအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည်၊
(ည) မူဝါဒ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် စာပိုဒ်ခွဲ (၉) သို့မဟုတ် (၁၀) အရ ဆုံးဖြတ်ပါက ထိုသို့ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်စေခြင်း မပြုမီ ယင်း စည်းမျဉ်း သို့မဟုတ် စည်းကမ်းအရ ဆောင်ရွက်ခဲ့ပြီးသော အမှုကိစ္စများကို ထိခိုက်ခြင်းမရှိစေရ။
(ဋ) မူဝါဒမူကြမ်းတင်သွင်းခြင်း
(၁) နာယကအဖွဲ့ဝင်များနှင့် မြန်မာ့သစ်ခွအဖွဲ့ဝင်မည်သူမဆို အဖွဲ့အစည်း၏ ရည်ရွယ်ချက်၊ အခြေခံဦးတည်ချက်၊ အထွေထွေစီမံခန်ခွဲမှု စသည်တို့နှင့် စပ်လျဉ်းသည့် မူဝါဒမူကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ အထွေထွေအစည်းအဝေးသို့တင်သွင်းခွင့်ရှိသည်။
(၂) ဖွဲ့စည်းပုံအခြေခံမူအရ ဖွဲ့စည်းသည့် မြန်မာ့သစ်ခွ ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီများသည် မူဝါဒပြုစာရင်းတွင် ပါရှိသောကိစ္စရပ်များ အနက်မိမိတို့ စီမံခန့်ခွဲသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် မူဝါဒမူကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ မူဝါဒဖုတ်ပြန်ခွင့်ရှိသောအမှုဆောင်ရုံးအဖွဲ့တစ်ရပ်ရပ်သို့တင်သွင်းခွင့်ရှိသည်။
(၃) သက်ဆိုင်ရာဌာနများကသာ တင်သွင်းခွင့်ရှိသော အဖွဲ့အစည်း၏ စီမံကိန်းမူဝါဒမူကြမ်းများ၊ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းများနှင့် အလှူငွေဆိုင်ရာမူမူဝါဒကြမ်းများကို သတ်မှတ်ထားသည့်နည်းလမ်းများနှင့်အညီ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၌ ဆွေးနွေးပြီးမှ နာယကအဖွဲ့သို့တင်ပြဆုံးဖြတ်ခံယူရမည်။
(ဌ) အထွေထွေအစည်းအဝေး၌သာ ဆောင်ရွက်ချမှတ်ခွင့်ရှိသည့် မူဝါဒများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ အထွေထွေအစည်းအဝေး၌သာ ဆွေးနွေးဆုံးဖြတ်ရမည်။
(ဍ) ဥက္ကဋ္ဌသည် အထွေထွေအစည်းအဝေးမှ ပေးပို့လာသည့် အထွေထွေအစည်းအဝေးက အတည်ပြုသော သို့မဟုတ် အထွေထွေအစည်းအဝေးက အတည်ပြုသည်ဟု မှတ်ယူရမည် ဖြစ်သော မူဝါဒမူကြမ်းများကို လက်ခံရရှိသည့်နေ့၏ နောက်တစ်နေ့မှ (၇) ရက်အတွင်း လက်မှတ်ရေး ထိုး၍ မူဝါဒအဖြစ် ထုတ်ပြန်ကြေညာရမည်။
(ဎ) ဥက္ကဋ္ဌသည် မူဝါဒမူကြမ်းတစ်ရပ်ကို လက်မှတ်ရေးထိုး၍ မူဝါဒအဖြစ် ထုတ်ပြန်ကြေညာရန် သတ်မှတ်ထားသည့် ကာလအတွင်း မိမိ၏သဘောထား မှတ်ချက်နှင့်အတူ မူကြမ်းကို အထွေထွေအစည်းအဝေး (သို့မဟုတ်) နာယကအဖွဲ့သို့ ပြန်လည်ပေးပို့နိုင်သည်။
(ဏ) ဥက္ကဋ္ဌထံ ပေးပို့ထားသော မူဝါဒမူကြမ်းကို ဥက္ကဋ္ဌက မိမိ၏ သဘောထား မှတ်ချက်များနှင့်အတူ သတ်မှတ်ကာလအတွင်း အထွေထွေအစည်းအဝေးပြန်လည် ပေးပို့လျှင် အထွေထွေအစည်းအဝေးသည် ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်များကို ဆွေးနွေး သုံးသပ်ပြီးနောက် ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်ကို လက်ခံ၍ မူဝါဒမူကြမ်းကိုပြင်ဆင်ရန် ဆုံးဖြတ်နိုင်သည် သို့မဟုတ် ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ မူဝါဒမူကြမ်းကို မူလအတိုင်း အတည်ပြုရန် ဆုံးဖြတ်နိုင်သည်။
(တ) ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ထားသောမူဝါဒမူကြမ်း သို့မဟုတ် ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ မူလအတိုင်းအတည်ပြုသော မူဝါဒမူကြမ်းအား အထွေထွေအစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့်အခါ ဥက္ကဋ္ဌသည် မူဝါဒမူကြမ်း ပြန်လည်ရရှိသည့်နေ့၏ နောက်တစ်နေ့မှ (၂) ရက်အတွင်း လက်မှတ်ရေးထိုး၍မူဝါဒ အဖြစ် ထုတ်ပြန်ကြေညာရမည်။
(ထ) အထွေထွေအစည်းအဝေးမှ ပေးပို့လာသော (သို့မဟုတ်) ပြန်လည်ပေးပို့သော မူဝါဒမူကြမ်းကို သတ်မှတ်ကာလအတွင်း ဥက္ကဋ္ဌက လက်မှတ်ရေးထိုးခြင်း မပြုလျှင်သတ်မှတ်ကာလ ပြည့်မြောက်သည့် နေ့ရက်တွင် မူဝါဒမူကြမ်းသည် ဥက္ကဋ္ဌ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ မူဝါဒအတည်ဖြစ်လာရမည်။
(ဒ) ဥက္ကဋ္ဌက လက်မှတ်ရေးထိုးပြီးသော မူဝါဒများ သို့မဟုတ် ဥက္ကဋ္ဌ၏ လက်မှတ် ရေးထိုးချက် ရရှိပြီးသကဲ့သို့ မှတ်ယူရမည်ဖြစ်သော မူဝါဒများကို အဖွဲ့အတွင်း ထုတ်ပြန်ကြေညာရမည်။ ထိုမူဝါဒတွင် သီးခြားဖော်ပြချက် မပါလျှင် ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ စတင်အကျိုးသက်ရောက်ရမည်။
၁၆။ အထွေထွေအစည်းအဝေးမှ ချမှတ်နိုင်သောမူဝါဒများ
(က) အထွေထွေအစည်းအဝေးသည် မြန်မာ့သစ်ခွ အဖွဲ့အစည်း၏ အောက်ပါကိစ္စရပ်များတွင် မူဝါဒပြုပိုင်ခွင့်ရှိသည်။
(၁) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ (နာယကအဖွဲ့၏သဘောတူညီချက်ဖြင့်သာ)
(၂) အခြားအဖွဲ့အစည်းများနှင့်ဆက်ဆံရေး
(၃) ဘဏ္ဍာရေး
(၄) အဖွဲ့ဝင်ခြင်း
(၅) စီမံကိန်း
(၆) ပြည်သူလူထုဆက်ဆံရေး
(၇) ရွေးကောက်တင်မြှောက်ခြင်း
(၈) ဆက်သွယ်ရေးနှင့် နည်းပညာ
(၉) လေ့ကျင့်ရေးသင်တန်းများ
(၁၀) အဖွဲ့အစည်း၏စီးပွားရေးလုပ်ငန်းများ (နာယကအဖွဲ့၏သဘောတူညီချက်ဖြင့်သာ)
(ခ) နာယကအဖွဲ့သည် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် အထွေထွေအစည်းအဝေးကသာပြုပိုင်ခွင့်ရှိသော မူဝါဒများတွင်လည်းမူဝါဒပြုပိုင်ခွင့်ရှိသည်။
(ဂ) အဖွဲ့အစည်းအတွင်း အတည်ပြုလိုက်သည့် မည်သည့်မူဝါဒကိုမဆို ဥက္ကဋ္ဌမှ လက်မှတ်ရေးထိုးအတည်ပြုရမည်။
၁၇။ ဖွဲ့စည်းပုံအခြေခံမူပြင်ဆင်ခွင့်
(က) နာယကအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်မည်သူမဆို တစ်ဦးတည်းဖြစ်စေ၊ အစုအဖွဲ့ဖြင့်ဖြစ်စေ၊ ဤဖွဲ့စည်းပုံအခြေခံမူကို ပြင်ဆင်ဖြည့်စွက်ရန် အထွေထွေအစည်းအဝေးတွင် ပြင်ဆင်ဖြည့်စွက်ချက်မူကြမ်း အဆိုပြုချက်ကို ယှဉ်ပြစာဖြင့် အထွေထွေအစည်းအဝေး၌သာ တင်သွင်းနိုင်သည်။
(ခ) ၎င်းအခြေခံမူပြင်ဆင်ဖြည့်စွက်ချက်မူကြမ်းကိုဆွေးနွေးပြီး ၎င်းမူကြမ်းအတည်ဖြစ်ရန်အလို့ငှာ နာယကအဖွဲ့ဝင်များ၏ သုံးပုံနှစ်ပုံသဘောတူညီချက်အပြင် အထွေထွေအစည်းအဝေးတွင် အဖွဲ့ဝင်များ၏ သုံးပုံနှစ်ပုံထောက်ခံချက်လိုအပ်သည်။ ထိုပြင်ဆင်ချက်ဖြည့်စွက်ချက်မူကြမ်းကို အထွေထွေအစည်းအဝေးမှ အတည်ပြုပြီးပါက ထိုပြင်ဆင်ဖြည့်စွက်ချက်မူကြမ်းတွင် အခြားနည်းဖြင့်ဖော်ပြထားခြင်းမရှိပါက ဥက္ကဋ္ဌ လက်မှတ်ရေးထိုးပြီးသည်နှင့်တစ်ပြိုင်နက် ပြင်ဆင်ချက်အားလုံးချက်ချင်းအကျိုးသက်ရောက်ရမည်။
၁၈။ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းကိုဖျက်သိမ်းခြင်း
ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းကို ဖျက်သိမ်းလိုပါက နာယကအဖွဲ့ဝင်များ၏ သုံးပုံနှစ်ပုံသဘောတူညီချက်အပြင် အထွေထွေအစည်းအဝေးတွင် အဖွဲ့ဝင်များ၏ ထက်ဝက်ကျော် ထောက်ခံချက်လိုအပ်သည်။ ထိုသို့ဖျက်သိမ်းရာတွင် ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းကိုဆက်ခံမည့် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းအသစ်အကျိုးသက်ရောက်ရမည်။
၁၉။ အထွေထွ
(က) အထွေထွေအစည်းအဝေး၏ ဆောင်ရွက်ချက်နှင့်မှတ်တမ်းများကို အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ရမည်။ သို့ရာတွင် မူတစ်ရပ်ရပ်အရဖြစ်စေ၊ အထွေထွေအစည်းအဝေး၏ဆုံးဖြတ်ချက်အရဖြစ်စေ တားမြစ်ထားသည့် လျှို့ဝှက်ဆောင်ရွက်ချက်များနှင့် မှတ်တမ်းများကိုထုတ်ပြန်ခြင်းမပြုရ။
(ခ) အထွေထွေအစည်းအဝေးသည် အထွေထွေအစည်းအဝေးရေးရာကိစ္စများနှင့်စပ်လျဉ်း၍ အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်သည်။
(ဂ) ဤမူဝါဒကို အထွေထွေအစည်းအဝေးက ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။
(ဃ) ဤမူဝါဒပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထွေထွေအစည်းအဝေးသည် လိုအပ်ေသာ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
(င) ဤမူဝါဒကို ယခင် မူဝါဒ - (ည) အထွေထွေအစည်းအဝေးကျင်းပခြင်းဆိုင်ရာမူဝါဒ နှင့်အစားထိုးပြောင်းလဲလိုက်သည်
မြန်မာ့သစ်ခွဖွဲ့စည်းပုံအခြေခံမူအရ အဖွဲ့အတွင်းလိုက်နာရမည့်မူဝါဒအဖြစ် ကြေငြာသည်။
