Skip to Content
  • An Official Website of Burmese Orchid. How to identify?
Burmese Orchid
  • 0
    My Cart
  • Sign in
  • Home
  • Alumni
  • Contact us
  •  My Tasks
Burmese Orchid
  • 0
    • Home
    • Alumni
    • Contact us
  • An Official Website of Burmese Orchid. How to identify?
  • Sign in
  •  My Tasks


Secretariat Manual

Table of Contents

​ Related Agencies & Policies
​ Related Rules & Procedures
​ The Policy

​ Print

Related Agencies & Policies

Enforcing Agencies
  •  
Related Policies
  • Volunteer Evaluation Policy

Related Rules & Procedures

​ Procedures on Membership Admission
​ Procedures on Volunteer Recruitment
​ Volunteer Application Form
​ Volunteer Registration Form
Rules & Procedures on Membership Certificates 
​ Procedures on Membership Fees 
Rule & Procedures on Trainings
​Rules & Procedures on Volunteer Completion Certificate 
​ Procedures on Temporary Leave of Absence
​ Procedures on Resignation
​ Volunteer (NDA) Agreement

The Policy

မြန်မာ့သစ်ခွအဖွဲ့

ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး

မူဝါဒအမှတ် ( ဂ )

“ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့လက်စွဲမူဝါဒ”

၂၂ရက် ဧပြီလ ၂၀၂၄ခုနှစ်


၁။ အမည်

ဤမူဝါဒကို မြန်မာ့သစ်ခွဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့လက်စွဲမူဝါဒ ဟု ခေါ်တွင်စေရမည်။


၂။ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ ဖွဲ့စည်းခြင်း

​​(က) မြန်မာ့သစ်ခွတွင် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ကို အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းသည် -

(၁) ဥက္ကဋ္ဌ၊

(၂) ဒုတိယဥက္ကဋ္ဌ၊

(၃) အလုပ်အမှုဆောင်ဒါရိုက်တာ၊

(၄) အထွေထွေအတွင်းရေးမှူး၊

(၅) ဘဏ္ဍာရေးမှူး

(၆) ဒါရိုက်တာများ၊

(၇) ကောင်စီ၊ ကော်မတီ၊ ရုံးအကြီးအကဲများ

(၈) ဥက္ကဋ္ဌမှ အခြားခန့်အပ်သူများ၊

(၉) ညှိနှိုင်းကွပ်ကဲရေးမှူးချုပ်။

​(ခ) မူဝါဒ၊ စည်းမျဥ်းစည်းကမ်းများမှ သီးခြားခွင့်ပြုထားခြင်းမရှိလျှင် အဖွဲ့အစည်း၏ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ၏ အရေအတွက်သည် (၂၀) ဦးထက် မပိုစေရ။ 

​(ဂ) အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသော အဖွဲ့ဝင်များသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင် အဖြစ်တင်မြှောက်ခန့်အပ်ခံပိုင်ခွင့်ရှိသည်-

(၁) တင်မြှောက်ခံနိုင်ရေးအတွက် အဆိုပြုအမည်စာရင်း တင်သွင်းလွှာတင်သွင်းချိန်တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဤဖွဲ့စည်းပုံအခြေခံမူပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သူ၊

(၂) မြန်မာ့သစ်ခွအဖွဲ့ဝင်ဖြစ်သူ။ အဖွဲ့ဝင်အရည်အချင်းများနှင့်လည်း ပြည့်စုံသူ၊

(၃) အဖွဲ့အစည်းအပေါ်သစ္စာရှိသူ၊

(၄) တည်ဆဲဥပဒေဖြင့် တရားစွဲဆိုခြင်းခံရခြင်းမရှိသူ၊

(၅) မြန်မာ့သစ်ခွ၏ ပရဟိတဆိုင်ရာကိစ္စများ အကြောင်းကို ကောင်းစွာသိရှိသူ

(၆) ဖွဲ့စည်းပုံအခြေခံမူပါပြဋ္ဌာန်းချက်များတွင် သတ်မှတ်ထားသည့် အခြားအရည်အချင်းများနှင့် ပြည့်စုံသူ။


၃။  ရာထူးသက်တမ်း

ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့် မူဝါဒ၊ စည်းမျဥ်းစည်းကမ်းများမှ သီးခြားခွင့်ပြုထားခြင်းမရှိလျှင် အဖွဲ့အစည်း၏ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် အလုပ်အမှုဆောင်ဒါရိုက်တာ၏သက်တမ်းအတိုင်းဖြစ်သည်။


၄။  ရာထူးခန့်အပ်ခြင်း

ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ အခြားပြဋ္ဌာန်းချက်များကို ဆန့်ကျင်ခြင်းမရှိလျှင် ဥက္ကဋ္ဌသည် အလုပ်အမှုဆောင်ဒါရိုက်တာ အဆိုပြုသူကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ကြောင်းကြေညာပေးရမည်။ ၎င်းသည် ဥက္ကဋ္ဌ ရှေ့မှောက်တွင် မြန်မာ့သစ်ခွအဖွဲ့၏ လုပ်ငန်းတာဝန်၊ ရည်ရွယ်ချက်များ၊ စံတန်ဖိုးများ၊ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၊ မူဝါဒများနှင့် စည်းမျဉ်းစည်းများကို လိုက်နာမည်ဖြစ်ကြောင်း ခန့်အပ်လွှာတွင် အောက်ပါပုံစံအတိုင်း လက်မှတ်ရေးထိုး ကတိပြုရမည်။

“ကျွန်ုပ်သည် မြန်မာ့သစ်ခွ၏ [ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်ဒါရိုက်တာ၊ အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ ဒါရိုက်တာ၊ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်] အဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရပြီးဖြစ်ပါ၍ ကျွန်ုပ်၏လုပ်ငန်းတာဝန်များကို မြန်မာ့သစ်ခွအဖွဲ့၏ ဖွဲစည်းပုံအခြေခံမူစည်းမျဉ်း၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျွန်ုပ်အားခန့်အပ်ထားသည့် ရာထူးတာဝန်အတွက် ကျွန်ုပ်ရှိ အသိပညာနှင့် စွမ်းရည်၏ အကောင်းဆုံးအတိုင်းအတာဖြင့် တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာဖြင့် ကတိသစ္စာပြုပါသည်။”


၅။  ရာထူးမှအနားယူ၊ နုတ်ထွက်ခြင်းနှင့်ဖယ်ရှားခြင်း 

ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ အခြားပြဋ္ဌာန်းချက်များကို ဆန့်ကျင်ခြင်းမရှိလျှင်-

(က) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဦးသည် မိမိ၏ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျောက် သို့မဟုတ် အောက်ပါ စာပိုဒ်ခွဲ (ဂ) အရ နုတ်ထွက်လိုပါက ဥက္ကဋ္ဌက နုတ်ထွက်ခွင့်ပြုရမည်။

(ခ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သော ကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ အအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဦး၏ရာထူးနေရာ လစ်လပ်လျှင် ကျန်သက်တမ်းအား အလုပ်အမှုဆောင်ဒါရိုက်တာက ဥက္ကဋ္ဌအား ထပ်မံအဆိုပြု၍ ဥက္ကဋ္ဌကအတည်ပြုသော နာမည်စာရင်းပါပုဂ္ဂိုလ်က ထမ်းဆောင်ရမည်။

(ဂ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဦးသည် နာယကအဖွဲ့ဝင် သို့မဟုတ် အဖွဲ့ဝင် များရာ၏ ထောက်ခံမှုကို မရသောအခါ၊ ရာထူးမှနုတ်ထွက်ရမည်။ 

(ဃ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များကိုလည်း ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း စာပိုဒ် (၁၀၀) ပါ ပြဋ္ဌာန်းချက်များအတိုင် စွပ်စွဲပြစ်တင်ဖယ်ရှားနိုင်သည်။ 



၆။  အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ တာဝန်များ

(က) ဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များနှင့် မူဝါဒများနှင့် မဆန့်ကျင်လျှင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ စီမံခန့်ခွဲပိုင်ခွင့်သည် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် ဖွဲ့စည်းပုံအခြေခံမူ နှင့်အညီတည်ရှိနေသော မူဝါဒများပါ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များအားလုံး တွင် သက်နှံ့ပြန့်ရောက်အကျုံးဝင်သည်။  

(ခ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များနှင့် မူဝါဒများနှင့်အညီ ၎င်း၏ လက်အောက်ရှိ ရုံး၊ ဌာနများ၏ လုပ်ငန်းတာဝန်များ၊ ရုံးလုပ်ငန်း ရေးရာကိစ္စများနှင့် အဖွဲ့အစည်းများ၊ စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို အညီအညွတ် ဆောင်ရွက်ခြင်း စသည့်တို့ကိုထမ်းဆောင်ရမည်။

(ဂ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များသည် အလုပ်အမှုဆောင်ဒါရိုက်တာမှ တစ်ဆင့် ဥက္ကဋ္ဌအား တာဝန်ခံရမည်။

(ဃ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များသည် အလုပ်အမှုဆောင်ဒါရိုက်တာ၏ လမ်းညွှန် ညွှန်ကြားချက်များကို ထမ်းဆောင်ရမည်။

(င) အဖွဲ့အစည်းအတွင်း ဤဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် မြန်မာ့သစ်ခွ၏အမြင့်ဆုံး အဖွဲ့အစည်းရေးရာစီမံခန့်ခွဲရေး အဖွဲ့အစည်းအဖြစ် ထမ်းဆောင်ရမည်။

(စ) အထွေထွေအစည်းအဝေးနှင့် နာယကအဖွဲ့တို့မှ ချမှတ်ထားသောရည်မှန်းချက်များ၊ မူဝါဒများ၊ လမ်း ညွှန်ချက်များအရ မြန်မာ့သစ်ခွ၏ အဖွဲ့အစည်းရေးရာ စီမံခန့်ခွဲရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ စီမံကိန်းနှင့် လုံခြုံရေး စသည့်လုပ်ငန်းကိစ္စအဝဝကို တာဝန်ယူဆောင် ရွက်ရမည်။

(ဆ) အထွေထွေအစည်းအဝေးနှင့် နာယကအဖွဲ့၏ ဆုံးဖြတ်ချက်များနှင့် ညွှန်ကြားချက်များကို အကောင်အထည်ဖော်ရမည်။

(ဇ) အဖွဲ့အစည်း၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းများကို လိုအပ်သလို ညှိနှိုင်းရေးဆွဲ၍ နာယကအဖွဲ့သို့ တင်ပြရမည်။

(ဈ) အဖွဲ့အစည်းရေးရာစီမံခန့်ခွဲရေးနှင့် ပတ်သက်၍ အဆင့်ဆင့်သော ဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများကို ပေါင်းစပ်ညှိနှိုင်းလမ်းညွှန် ဆက်သွယ်ပေးရမည်။

(ည) အဖွဲ့အစည်းရေးရာစီမံခန့်ခွဲရေးနှင့် ပတ်သက်၍အခြားလိုအပ်သော မူဝါဒစည်းမျဉ်း များကို နာယကအဖွဲ့သို့တင်ပြနိုင်သည်။

(ဋ) နာယကအဖွဲ့သို့ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ တင်ပြရန်ရှိသော အရေးကိစ္စများကို ဥက္ကဋ္ဌမှတဆင့်တင်ပြနိုင်သည်။

(ဌ) စီမံကိန်းများကို အကောင်အထည်ဖော်ရာ၌ အကျိုးသက်ရောက်မှုကို အထွေထွေအစည်းအဝေးနှင့် နာယကအဖွဲ့သို့ အစီရင်ခံတင်ပြရမည်။

(ဍ) အဖွဲ့အစည်းရေးရာစီမံခန့်ခွဲရေးနှင့်ပတ်သက်၍ အထွေထွေအစည်းအဝေးအတွင်း မေးမြန်းချက်များကို သတ်မှတ်ထားသောစည်းကမ်းနည်းလမ်းများနှင့်အညီ ဖြေကြားရမည်။

(ဎ) အဖွဲ့အစည်းရေးရာစီမံခန့်ခွဲရေး ဌာနအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပေါင်းစပ်ခြင်း၊ လိုအပ်ပါကဖျက်သိမ်းခြင်းများ ဆောင်ရွက်ရန် အလုပ်အမှုဆောင်ဒါရိုက်တာ၏ သဘောတူညီချက်ဖြင့် ဥက္ကဋ္ဌအားတင်ပြဖွဲ့စည်းရမည်။ ထိုသို့ဖွဲ့စည်းရာတွင် ၎င်းတို့ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ရမည်။  လိုအပ်သောအဖွဲ့ဝင်များကိုလည်း ခန့်ထားနိုင်သည်။

(ဏ) သီးသန့်ရန်ပုံငွေဖြင့်ဖွဲ့စည်းဆောင်ရွက်သော စီးပွားရေးအဖွဲ့အစည်းများဖွဲ့စည်းရေးနှင့် ပတ်သက်၍ နာယကအဖွဲ့သို့တင်ပြနိုင်သည်။

(တ) ဂုဏ်ထူးဆောင်ဆု၊ တံဆိပ်များ၊ ပြဋ္ဌာန်းရန်၊ အပ်နှင်းရန်၊ ရုပ်သိမ်းရန်ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဥက္ကဋ္ဌက စဉ်းစားဆုံးဖြတ်နိုင်ရန် တင်ပြနိုင်သည်။

(ထ) မြန်မာ့သစ်ခွနှင့် ၎င်း၏မျော်မှန်းချက်၊ လုပ်ငန်းတာဝန်၊ ရည်ရွယ်ချက်များအတွက် အကျိုးရှိစေမည့် အကြံပေးချက်များကို ဥက္ကဋ္ဌ သို့မဟုတ် နာယကအဖွဲ့ သို့မဟုတ် အထွေထွေအစည်းအဝေးသို့ တင်ပြရမည်။

(ဒ) ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီများ လိုက်နာဆောင်ရွက်ရမည့် အထွေထွေအစည်းအဝေး၊ သို့မဟုတ် နာယကအဖွဲ့၏ဆုံးဖြတ်ချက်များ၊ လမ်းညွှန်ချက်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီများ အားဆောင်ရွက်စေခြင်းပြုရမည်။

(ဓ) ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီများ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် အစီရင်ခံစာများကို စိစစ်၍ ယင်းသို့ဆောင်ရွက်ချက်များသည်၊ အထွေထွေအစည်းအဝေး၊ နာယကအဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့တို့မှချမှတ်ထားသည့် ဆုံးဖြတ်ချက်များ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီခြင်းရှိ မရှိ ဆုံးဖြတ်ရမည်။

(န) ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီများမှ သက်ဆိုင်ရာကိစ္စများအတွက်ထုတ်ပြန်သော  ညွှန်ကြားချက်များနှင့်လုပ်ထုံးလုပ်နည်းများသည် နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့တို့မှ ထုတ်ပြန်ထားသည့်စည်းမျဉ်းများ၊ စည်းကမ်းများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီ ခြင်းရှိ မရှိ စိစစ်ဆုံးဖြတ်ရမည်။

(ပ) ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီများမှ တင်ပြသည့် ကိစ္စများနှင့် အဖွဲ့အစည်း အကျိုးပြုအကြံပေးချက်များအနက်၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် သက်ဆိုင်သောကိစ္စရပ်များကိုစိစစ်ဆောင် ရွက်ပေးခြင်း၊ ဆောင်ရွက်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များကို နာယကအဖွဲ့သို့ တင်ပြခြင်း ပြုလုပ်ရမည်။

(ဖ) လုပ်ငန်းသဘောအရလည်းကောင်း၊ အခြေအနေအရလည်းကောင်း မည်သည့် အဖွဲ့အစည်းနှင့်မဆို တိုက်ရိုက်ဆက်သွယ်ခြင်း။

(ဗ) ရုံး၊ ဌာနများ၊ ကောင်စီ၊ ကော်မတီ၊ အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့်စပ်လျဉ်း၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(၁) ရုံး၊ ဌာနများ၊ ကောင်စီ၊ ကော်မတီ၊ အဖွဲ့ဝင်များ၊ ဝန်ထမ်းများ ဖွဲ့စည်းရေးနှင့်ယင်းအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံများကိုရေးဆွဲခြင်း၊

(၂) ရုံး၊ ဌာနများ၊ ကောင်စီ၊ ကော်မတီ၊ အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များကိုသတ်မှတ်ခြင်း၊

(၃) ရုံး၊ ဌာနများ၊ ကောင်စီ၊ ကော်မတီ၊ အဖွဲ့ဝင်များ၊ ဝန်ထမ်းများကို လမ်းညွှန်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ပေးခြင်း၊

(၄) ရုံး၊ ဌာနများ၊ ကောင်စီ၊ ကော်မတီ၊ အဖွဲ့ဝင်များ၊ ဝန်ထမ်းများအတွက် ရသုံးခန့်မှန်းခြေငွေစာရင်းခွင့်ပြုချက်များဆောင်ရွက်ခြင်း၊

(၅) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကိုလည်းကောင်း၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများ၊ ဆုံးဖြတ်ချက်များကိုလည်းကောင်း မဆန့်ကျင်စေပဲ ရုံး၊ ဌာနများ၊ ကောင်စီ၊ ကော်မတီ၊ အဖွဲ့ဝင်များ၊ ဝန်ထမ်းများအတွက် လိုအပ်သောစည်းမျဉ်းများ၊ စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများ ကိုထုတ်ပြန်ခြင်း။

(ဘ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များသည် အောက်ပါကျင့်ဝတ်နှင့်စည်းကမ်းများကို လိုက်နာစောင့် ထိန်းရမည် -

(၁) မြန်မာ့သစ်ခွဖွံ့ဖြိုးတိုးတက်ရေးနှင့် အဖွဲ့အစည်း၏ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်၊ ရည်မှန်းချက်များကို ရှေးရှုဦးတည်၍ဆောင်ရွက်ရမည်၊

(၂) မိမိတို့၏လုပ်ဆောင်ချက်များကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့အစီရင်ခံရမည်၊

(၃) အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ဆုံးဖြတ်ချက်များနှင့် အစည်းအဝေးမှတ်တမ်းများကို ထုတ်ပြန်ကြေညာခြင်း မပြုသေးသရွေ့ လျှို့ဝှက်ချက်များအဖြစ် ထိန်းသိမ်းစောင့်ရှောက်ရမည်။

(မ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင် တဦးဦးကိုဖြစ်စေ၊ အခြားပုဂ္ဂိုလ်တဦးဦးကိုဖြစ်စေ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါပြဋ္ဌာန်းချက်များ၊ မူဝါဒများ၊ အထွေထွေအစည်းအဝေး၏ဆုံးဖြတ်ချက်များ၊ နာယကအဖွဲ့၏ ဆုံးဖြတ်လမ်းညွှန်ချက်များနှင့်အညီ၊ အဖွဲ့အစည်းနှင့်ချုပ်ဆိုသော သဘောတူစာချုပ်များနှင့် သဘောတူညီချက် များကိုချုပ်ဆိုစေခြင်း၊ ရပ်စဲစေခြင်းတို့ကို ပြုလုပ်ရန်တာဝန်ပေးနိုင်သည်။

(ယ) အဖွဲ့အစည်း၏စီမံခန့်ခွဲရေး ကိစ္စများကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ကိုယ်စား တာဝန်ယူ ဆောင်ရွက်ရန် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များအား ယင်းတို့တာဝန်ယူသော ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီအလိုက်၊ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အဖွဲ့အစည်းအတွင်းအခြား ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီများ အပြင် အခြားအဖွဲ့အစည်းများနှင့် လိုအပ်သလို ဆက်သွယ်ဆောင်ရွက်ရန် မူဝါဒများ၊ ပြဋ္ဌာန်းချက်များ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးနိုင်သည်။

(ရ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် မြန်မာ့သစ်ခွ၏ ရည်မှန်းချက်များကို ရှေးရှု၍ ဤဖွဲ့စည်းပုံ အခြေခံမူနှင့် အခြားမူဝါဒများဖြင့် သတ်မှတ်သည့် အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်အား မှန်ကန်စွာ စီမံရမည်။  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်ရေးရာများတွင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် လူငယ်အခွင့်အရေးနှင့် အခွင့်အလမ်းများကို ထိန်းသိမ်းရန် ဦးတည်လုပ်ဆောင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တတ်နိုင်သမျှ အခြားအဖွဲ့အစည်းများနှင့် ကြိုးပမ်းရမည်။

(လ) မူဝါဒတစ်ရပ်ရပ်အရ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

(ဝ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များသည် ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အဖွဲ့မှ သဘောတူညီထားသည့် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စသည့်တို့ကို ထုတ်ပြန်ကြေညာနိုင်သည်။

(သ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်အားလုံးကို အလုပ်အမှုဆောင်ဒါရိုက်တာ၏ အမည်ဖြင့် အရေးယူဆောင်ရွက်ရမည်။

(ဟ) ဥက္ကဋ္ဌသည် မိမိ၏သဘောအတိုင်းဆောင်ရွက်ရန် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းက ပြဋ္ဌာန်းထားသည့်ကိစ္စရပ်များမှအပ အလုပ်အမှုဆောင်ဒါရိုက်တာ သို့မဟုတ် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ ကဆောင်ရွက်ခွင့်ရှိသော ကိစ္စရပ်များအတွက် လည်းကောင်း၊ အဆိုပါကိစ္စရပ်များကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များအား ခွဲဝေအပ်နှင်းရန်လည်းကောင်း၊ မူဝါဒတစ်ရပ်ရပ်အရ ဆောင်ရွက်ရန် တာဝန်ရှိသော ပုဂ္ဂိုလ်အား ခွဲဝေအပ်နှင်းရန်လည်းကောင်း လိုအပ်သည့်လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းခွင့် ရှိသည်။

(ဠ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည်-

(၁) ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ အထွေထွေအစည်းအဝေးက မူဝါဒချမှတ်နိုင်သော ကိစ္စရပ် များနှင့် စပ်လျဉ်း၍ လိုအပ်သည့် မူဝါဒမူကြမ်းကို အထွေထွေအစည်းအဝေးသို့တင်သွင်းနိုင်သည်။

(၂) ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ နာယကအဖွဲ့က မူဝါဒချမှတ်နိုင်သော ကိစ္စရပ် များနှင့် စပ်လျဉ်း၍ လိုအပ်သည့် မူဝါဒမူကြမ်းကို နာယကအဖွဲ့သို့တင်သွင်းနိုင်သည်။

(အ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အထွေထွေအစည်းအဝေးနှင့် ယင်းတို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များက ရှင်းလင်းတင်ပြရန် ဖိတ်ကြားလျှင် ရုံး၊ ဌာနအကြီးအကဲ သို့မဟုတ် တာဝန်ရှိသူအား တာဝန်ပေးခြင်းနှင့် ယင်းကော်မတီများသို့ လိုအပ်သော အချက်အလက်ပေးပို့ခြင်းများ ပြုနိုင်သည်။ အဖွဲ့ဝင်များ၏ မေးမြန်းချက်များကို သတ်မှတ်ထားသည့် စည်းကမ်း၊ နည်းလမ်း များနှင့် အညီ ဖြေကြားနိုင်သည်။

(ကက) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ သို့မဟုတ် ၎င်းကတာဝန်ခွဲဝေပေးထားသော တာဝန်ရှိ၊ ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီ၊ ပုဂ္ဂိုလ်များသည် စီမံကိန်းများကို မူဝါဒပါလုပ်ထုံးလုပ်နည်းများနှင့်အညီ စပ်လျဥ်း၍  မိတ်ဆက်အကောင်အထည်ဖော်ရမည်။

(ကခ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များ၏ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် တာဝန်ရှိသည်။

(ကဂ) ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၊ အခြားမူဝါဒများနှင့်အညီ လျှောက်ထားလာသော စေတနာ့ဝန်ထမ်းများကို မြန်မာ့သစ်ခွအဖွဲ့ဝင်အဖြစ် အတည်ပြုခြင်းများ ပြုလုပ်ပေးရမည်။ သို့ရာတွင် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် ဤလုပ်ငန်းကို လူ့စွမ်းအင်အရင်းအမြစ်ဆိုင်ရာ ဌာနသို့ လွှဲအပ်‌နိုင်သည်။

(ကဃ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များသည် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဒါရိုက်တာတို့၏ ညွှန်ကြားချက်များ၊ ပြဋ္ဌာန်းထားသည့် မူဝါဒနှင့် စည်းမျဉ်းများအတိုင်း ရာထူးတာဝန်များကို ထမ်းဆောင်ရမည်။


၇။  လုပ်ပိုင်ခွင့်အာဏာအပ်နှင်းခြင်း

(က) အလုပ်အမှုဆောင်ဒါရိုက်တာနှင့် အထွေထွအတွင်းရေးမှူးတို့သည် မြန်မာ့သစ်ခွ၏ အထွေထွေ နေ့စဉ်လုပ်ငန်းများစီမံခန့်ခွဲခြင်းနှင့် မူဝါဒအကောင်အထည်ဖော်ခြင်း တို့ကို တာဝန်ခံ ဆောင်ရွက်ရမည်။

(ခ) ဘဏ္ဍာရေးမှူးသည် မြန်မာ့သစ်ခွ၏ လုပ်ငန်းများဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ အုပ်ချုပ်ခြင်း ကိစ္စရပ်များကို ဆောင်ရွက်ရာမှ ပေါ်ပေါက်လာသည့် အသုံးစရိတ်များအားလုံးကို ပေးချေရန်အလို့ငှာ မြန်မာ့သစ်ခွ၏ ရန်ပုံငွေများသုံးစွဲခြင်းကို တာဝန်ခံဆောင်ရွက်ရမည်။

(ဂ) ဒါရိုက်တာများနှင် ကောင်စီ၊ ကော်မတီအကြီးအကဲများသည် မိမိတို့၏သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းတာဝန်များနှင့်သက်ဆိုင်သော မြန်မာ့သစ်ခွ၏ လုပ်ငန်းများဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ အုပ်ချုပ်ခြင်း ကိစ္စရပ်များကို ဆောင်ရွက်ရမည်။ 



၈။  လက်အောက်ခံ ရုံး၊ဌာနများ

(က) အလုပ်အမှု‌ဆောင်ဘုတ်အဖွဲ့သည် ၎င်းကိုယ်စား လုပ်ပိုင်ခွင့်ကဏ္ဍများခွဲဝေရန် လက်အောက်ခံ ရုံးဌာနများထားရှိရမည်။

(ခ) ထို့အပြင် ဖွဲ့စည်းပုံအခြေခံမူ၊ ဤမူဝါဒ၊ သက်ဆိုင်ရာမူဝါဒ၊ စည်းမျဉ်းများနှင့် ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်ဒါရိုက်တာ၊ အထွေထွေအတွင်းရေးမှူး၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ညွှန်ကြားချက်များ အရ ခွင့်ပြုထားသည့် လုပ်ပိုင်ခွင့်များနှင့် တာဝန်များအရ လက်အောက်ခံရုံးဌာနများသည်-

(၁) မြန်မာ့သစ်ခွ၏ ချမှတ်ထားသော မူဝါဒများနှင့် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ညွှန်ကြားချက်များ၊ လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊

(၂) ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ရယူဖြည့်တင်းခြင်း၊ မြန်မာ့သစ်ခွ၏ ဝန်ထမ်းများနှင့် အဖွဲ့ဝင်များခန့်ထားခြင်းအပါအဝင် ၎င်း၏ သက်ဆိုင်ရာအလိုက် အထွေထွေ စီမံခန့်ခွဲခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်ပေးခြင်း။ 

တို့ကိုဆောင်ရွက်ခွင့်ရှိသည်။



၉။ လက်အောက်ခံ ကော်မတီများ

(က) အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် သက်ဆိုင်ရာကဏ္ဍအလိုက် အကြံဉာဏ်ပေးနိုင်ရန် ကော်မတီများကို ဖွဲ့စည်းနိုင်သည်။ ယင်းကော်မတီတွင် မြန်မာ့သစ်ခွ အဖွဲ့ဝင်ဖြစ်သူက ဦးဆောင်ရမည်ဖြစ်ပြီး၊ ကျန်ကော်မတီဝင်များ (အဖွဲ့ဝင်ဖြစ်သူဖြစ်စေ မဖြစ်သူဖြစ်စေ) ပါဝင်နိုင်သည်။ 

(ခ) ကော်မတီများသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ကို ကဏ္ဍအသီးသီးအလိုက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အကြံပြုရမည်။ အဖွဲ့နှင့် အများပြည်သူကို အကျိုးသက်ရောက်မှုရှိစေနိုင်သော အရေးကြီးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကော်မတီ၏ ရပ်တည်ချက်ကို လက်ခံအတည်ပြုပေးရန်အတွက် ကော်မတီသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြရမည်။

(ဂ) ကော်မတီသည် ယင်းတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အတွက် လိုအပ်ပါက အခါအားလျော်စွာ အစည်းအ​ဝေးခေါ်ယူရမည်။ အစည်းအဝေး၌ ဆုံးဖြတ်သည့် ယင်းတို့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အစီရင်ခံစာအား အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ ချက်ချင်း တင်ပြရမည်။

(ဃ) သီးခြားကော်မတီလုပ်ထုံးလုပ်နည်းများအတွက် လုပ်ငန်း၊ တာဝန်များကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့က သတ်မှတ်ပေးရမည်။ 

(င) ကော်မတီသည် အစည်းအဝေး၌ ဆွေးနွေးရန် တင်ပြထားသည့်ကိစ္စရပ်များနှင့် သတ်မှတ်ဆုံးဖြတ်ချက်များကို မှတ်တမ်းပြု သိမ်းဆည်းထားရမည်။


၁၀။ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးများ

(က) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် ယင်း၏ပုံမှန်အစည်းအဝေးများကို အနည်းဆုံး သီတင်းပတ် တစ်ပတ်လျှင်တစ်ကြိမ် ကျင်းပရမည်။ လိုအပ်ပါက ဥက္ကဋ္ဌ သို့မဟုတ် အလုပ်အမှုဆောင်ဒါရိုက်တာ သို့မဟုတ် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင် ၃ပုံ၁ပုံ၏ ဆန္ဒဖြင့် အထူးအစည်းအဝေး ပြုလုပ်နိုင်သည်။

(ခ) ဥက္ကဋ္ဌသည် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးများတွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်။

(ဂ) ဥက္ကဋ္ဌ မရှိသည့်အခါ အလုပ်အမှုဆောင်ဒါရိုက်တာက အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ရမည်။

(ဃ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးသည် အစည်းအဝေးသို့တက်ရောက်ရန် ခိုင်လုံသော အကြောင်း မရှိဘဲ ပျက်ကွက်ခြင်းမရှိစေရ။ အစည်းအဝေးသို့ မတက်ရောက်နိုင်ပါက ခိုင်လုံသော အကြောင်းပြချက်ဖြင့် သဘာပတိထံ ကြိုတင်ခွင့်ပန်ရမည်။

(င) အစည်းအဝေးမှတ်တမ်းများကို အထွေထွေအတွင်းရေးမှူးရုံးက မှတ်တမ်းတင်ထားရမည်။

(စ) ထုတ်ပြန်ကြေညာခြင်းမပြုသေးသော ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ဆုံးဖြတ်ချက်များနှင့် အစည်းအဝေးမှတ်တမ်းများသည် အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များ ဖြစ်သည်။

(ဆ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးအထမြောက်ရန်အတွက် အနည်းဆုံး ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အဖွဲ့ဝင်ဦးရေ ထက်ဝက်တက်ရောက်ရမည်။

(ဇ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အထူးအစည်းအဝေး ကျင်းပသည့်မည့်သည့် အချိန်တွင်မဆို အစည်းအဝေးအထမြောက်ရန် လိုအပ်သည့်ဦးရေတက်ရောက်ခြင်းမရှိသည့်အခါ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေး၏ သဘာပတိအဖြစ်ဆောင်ရွက်သည့် ပုဂ္ဂိုလ်က အစည်းအဝေးအထမြောက်ရန် လိုအပ်သည့်ဦးရေကို အလေးထားရန်မလိုဘဲ ထူးခြားသည့် အခြေအနေပေါ်မူတည်၍ ဆန္ဒမဲပေး၍ အထူးဆုံးဖြတ်ချက်တစ်ရပ်ကို ဆုံးဖြတ်နိုင်သည်။

(ဈ) အစည်းအဝေးအထမြောက်ရန် လိုအပ်သည့်ဦးရေ အပြည့်အ​ဝတက်ရောက်သည့်အနီးဆုံး ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ပုံမှန်အစည်းအဝေးတွင် ထူးခြားသည့်အခြေအနေကြောင့် ဆန္ဒမဲပေး၍ ချမှတ်ခဲ့သည့် အထူးဆုံးဖြတ်ချက်အား အတည်ပြုလက်မှတ်ရေးထိုးရမည်။


၁၁။ အစည်းအဝေးအစီအစဉ်များ

(က) အထွေထွေအတွင်းရေးမှူးသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ရုံးလုပ်ငန်းတာဝန်များအား အထွေထွေအတွင်းရေးမှူးရုံး၏ အကူအညီဖြင့် တာဝန်ခံအဖြစ် ထမ်းဆောင်ရမည်။ 

(ခ) အထွေထွေအတွင်းရေးမှူးသည် အစည်းအဝေးကျင်းပနိုင်ရန် အောက်ပါတို့ကို စီစဉ်ဆောင် ရွက်ပေးရမည်-

(၁) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ ပုံမှန်အစည်းအဝေးများကို ပြက္ခဒိန်နှစ်၏ အစတွင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ကြိုတင်သတ် မှတ်ထားသော ပုံမှန်အစည်းအဝေးကျင်းပရန် အချိန်ဇယားအတိုင်း စီစဉ်ကျင်းပပေးရမည်။

(၂) အရေးပေါ်အခြေအနေကြောင့် အထူးအစည်းအဝေးများ ကျင်းပရသည့် ကိစ္စရပ်တွင် ကြိုတင်အကြောင်းကြားရန် မလိုဘဲ လိုအပ်သလို အစည်းအဝေးစီစဉ်ကျင်းပနိုင်သည်။

 

၁၂။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးအထမြောက်ရန် လိုအပ်သည့် အနည်းဆုံးဦးရေ

(က) အလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးအထမြောက်ရန်အတွက် အနည်းဆုံး အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အဖွဲ့ဝင်ဦးရေ ထက်ဝက်တက်ရောက်ရမည်။

(ခ) အထက်ပါလိုအပ်ချက်အပြင် အမှုဆောင်အရာရှိ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်နှစ်ဦးနှင့် အမှုဆောင်အရာရှိ မဟုတ်သည့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်နှစ်ဦး အနည်းဆုံး ပါဝင်တက်ရောက်မှသာ အစည်းအဝေးအထမြောက် သည်။

ရှင်းလင်းချက် ။         ။ အမှုဆောင်အရာရှိဆိုရာတွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်ဒါရိုက်တာ၊ အထွေထွေအတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးများဖြစ်ကြပြီး ကျန်အလုပ်အမှု‌ဆောင်ဘုတ်အဖွဲ့ဝင်များမှာ အမှုဆောင်အရာရှိ မဟုတ်သူများဖြစ်ကြသည်။


၁၃။  အလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေး၏ သဘာပတိ

(က) အလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးများတွင် ဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ရမည်။ ဥက္ကဋ္ဌတက်ရောက်ခြင်းမရှိသောအခါ အလုပ်အမှုဆောင်ဒါရိုက်တာက အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ရမည်။

(ခ) ဥက္ကဋ္ဌက သီတင်းပတ် (၄) ပတ်နှင့်အထက် ဆောင်ရွက်နိုင်ခြင်းမရှိသည့် ခွင့်ယူသည့်အခါမျိုးတွင် ဥက္ကဋ္ဌတာဝန် ခေတ္တယူထားသည့် ဒုတိယဥက္ကဋ္ဌက အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ရမည်။

(ခ) ဥက္ကဋ္ဌ သို့မဟုတ် ခေတ္တဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သည့် ဒုတိယဥက္ကဋ္ဌ သို့မဟုတ် အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်သည့် အလုပ်အမှုဆောင်ဒါရိုက်တာသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ပုံမှန် အစည်းအဝေးနှင့် အထူးအစည်းအဝေးများအတွက် အစည်းအဝေး အစီအစဉ်အားဆုံးဖြတ်ရမည်။ ယင်းကိစ္စကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များအား ကြိုတင်အကြောင်းကြားရမည်။


၁၄။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ခြင်း

(က) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တိုင်း တစ်ဦးလျှင် ဆန္ဒမဲတစ်မဲ ပေးပိုင်ခွင့်ရှိသည်။

(ခ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးတစ်ခုတွင် ဆုံးဖြတ်ချက်တစ်ခုချမှတ်ရာ၌ အစည်းအဝေးတက်ရောက်သော ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်အများစု၏ ဆန္ဒမဲဖြင့် ဆုံးဖြတ်ချက်ချမှတ်ရမည်။ 

(ဂ) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဒါရိုက်တာတို့သည် အစည်းအဝေးများတွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်ဖြစ်သော်လည်း အစည်းအဝေးများတွင်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။

(ဃ) အလုပ်အမှုဆောင်ဒါရိုက်တာသည် ၎င်းစီမံခန့်ခွဲမှု မူဝါဒ၏ ဦးတည်ချက်ကွဲလွဲနေသည်ဟုယူဆပါက ဆုံးဖြတ်ချက်များအား လိုအပ်ပါက ဗီတိုဖြင့် ပယ်ဖျက်နိုင်မည်ဖြစ်သည်။

(ဃ) ဆန္ဒမဲအရေအတွက် တူညီနေလျှင် သဘာပတိ၏ အဆုံးအဖြတ်မဲဖြင့် ဆုံးဖြတ်ချက်ချမှတ်ရမည်။

(င) ဆွေးနွေးခြင်းများနှင့် ဆန္ဒမဲပေးခြင်းကို ဆက်သွယ်ရေးနည်းပညာသုံးကိရိယာဖြင့်ညှိနှိုင်းဆွေးနွေး ခြင်း သို့မဟုတ် စာဖြင့်ရေးသားဆွေးနွေးဖြင့် သို့မဟုတ် အီလက်ထရောနစ်နည်းလမ်းဖြင့် ဆွေးနွေးခြင်း သို့မဟုတ် ကိုယ်စားလှယ်ဖြင့် မဲပေးခြင်းကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့က စီစဉ်ဆောင်ရွက်ထားသည့် အထူးလုပ်ထုံး လုပ်နည်းများနှင့် အညီဆောင်ရွက်နိုင်သည်။

(စ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဦး၏ အကျိုးစီးပွားပဋိပက္ခဖြစ်လာနိုင်ခြေရှိသော သို့မဟုတ် အကျိုး စီးပွားပဋိပက္ခဆိုင်ရာ ကိစ္စရပ်တစ်ခုခုနှင့် စပ်လျဉ်း၍ အစည်းအဝေး မစတင်မီ အစည်းအဝေး သဘာပတိက အဆိုပါကိစ္စကို ဆွေးနွေးမည်ဖြစ်ကြောင်း ကြေညာရမည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ အဆိုပါ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်သည် ဝင်ရောက်ဆွေးနွေးခြင်းနှင့် မဲပေးခြင်းမပြုရ။

(ဆ) အဆိုပါ အကျိုးစီးပွားပဋိပက္ခအား ဆွေးနွေးမည်ဖြစ်ကြောင်း ကြေညာပြီး အစည်းအဝေးတွင် ဝင်ရောက်ဆွေးနွေးခြင်းနှင့် မဲပေးခြင်းမပြုသည့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်အား အစည်းအဝေးအထမြောက်ရန် လိုအပ်သည့် အဖွဲ့ဝင်စာရင်းတွင် ပါဝင်သကဲ့သို့ မှတ်ယူရမည်။


၁၅။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်မဟုတ်သူများ အစည်းအဝေးတက်ရောက်ခြင်း

လုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အဖွဲ့အစည်း၏အဖွဲ့ဝင်များ သို့မဟုတ် ဧည့်သည်များအား အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ပုံမှန်အစည်းအဝေးသို့ ဖိတ်ကြားနိုင်သည်။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင် ကိုယ်စား ၎င်း၏လက်ထောက်လည်း တက်ရောက်နိုင်သည်။ အစည်းအဝေးသဘာပတိသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်မဟုတ်သူများ အစည်းအဝေးတက်ရောက်ခြင်းကို ခွင့်ပြုနိုင်သည်။ သို့သော် အဆိုပါတက်ရောက်သူများသည် မဲပေးခြင်းမပြုရ။


၁၆။  အလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးမှတ်တမ်းများ

(က) အလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေး တစ်ခုချင်းစီ၏ မှတ်တမ်းများကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးက ပြုစုထိန်းသိမ်းရမည်။

(ခ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးတစ်ခုချင်းစီ၏ မှတ်တမ်းများကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေး၏ သဘာပတိနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့အထွေထွေအတွင်းရေးမှူးတို့က လက်မှတ်ရေးထိုးထားရမည်။

(ဂ) အစည်းအဝေးကျင်းပစဉ်အတွင်း အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များမှ ယင်းတို့၏ သဘောမတူကြောင်း ဆွေးနွေးချက်ကို တရားဝင်တင်ပြခြင်းမရှိပါက အလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးသို့ တက်ရောက်သော အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များမှ အစည်းအဝေးမှတ်တမ်းတွင် မှတ်တမ်းတင်ထားသော ကိစ္စရပ်များအားလုံးကို သဘောတူပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(ဃ) ဥက္ကဋ္ဌ သို့မဟုတ် အလုပ်အမှုဆောင်ဒါရိုက်တာ သို့မဟုတ် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်အများစု၏ ထောက်ခံချက်ဖြင့် ထုတ်ပြန်ခွင့်ပြုသည့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးမှတ်တမ်းကို ရက်သတ္တတစ်ပတ်အတွင်း ထုတ်ပြန်ရမည်။


၁၇။ လျှို့ဝှက်ထားရှိခြင်း

(က) ဆွေးနွေးဆုံးဖြတ်ချက်များကို ထုတ်ပြန်ရန် တရားဝင်အတည်မပြုမီ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးမှတ်တမ်းပါ ကိစ္စရပ်များအားလုံးကို လျှို့ဝှက်ထားရမည်။

(ခ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ဆုံးဖြတ်ချက်ချမှတ်ခြင်းမပြုမီ အလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးမှတ်တမ်းတွင် ရေးသားထားသော မှတ်တမ်းမှတ်ရာများအားလုံးကို လျှို့ဝှက်ထားရမည်။


၁၈။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ကြေငြာချက်များ

  အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် ဘုတ်အဖွဲ့ဝင်အများစု၏ သဘောတူညီချက်ဖြင့် ကြေငြာချက်၊ ထုတ်ပြန်ချက်၊ ညွှန်ကြားချက်၊ သဝဏ်လွှာများကို အထွေထွေအတွင်းရေးမှူးမှတစ်ဆင့် ထုတ်ပြန်ရမည်။


၁၉။ မူဝါဒပြုခြင်း

(က) (၁) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များသည် မိမိအဆိုပြုမည့် မူဝါဒမူကြမ်းများကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ တဆင့် နာယကအဖွဲ့သို့ အပြည့်အစုံတင်ပြရမည်။ အခြားသာမာန်အဖွဲ့ဝင်များသည်လည်း အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များမှတဆင့် ဖြစ်စေ၊ ပေးစာဖြင့်ဖြစ်စေ၊ မိမိအဆိုပြုမည့် မူဝါဒမူကြမ်းများကို နာယကအဖွဲ့သို့ အပြည့်အစုံတင်ပြနိုင်သည်။

(၂) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က အရေးပေါ်အခြေအနေအရချမှတ်ပိုင်ခွင့်ရှိသည့် မူဝါဒများဖြစ်ပါက အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များသည် မိမိအဆိုပြုမည့် မူဝါဒမူကြမ်းများကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ အရေးပေါ်အစည်းအဝေးသို့ အပြည့်အစုံတင်ပြရမည်။

(ခ) အထက်ပါ စာပိုဒ်ခွဲ (က)၊ စာပိုဒ်ခွဲငယ် (၂) အရ အရေးပေါ်အစည်းအဝေး တက်ရောက်သူ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ အားလုံး၏ ထက်ဝက်ကျော်က အတည်ပြုလျှင် ယင်းမူဝါဒမူကြမ်းကို မြန်မာ့သစ်ခွ၏ မူဝါဒအဖြစ် အတည်ပြုသည်ဟု မှတ်ယူရမည်။

(ဂ) ဥက္ကဋ္ဌသည် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ပေးပို့လာသည့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က အတည်ပြုသော သို့မဟုတ် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က အတည်ပြုသည်ဟု မှတ်ယူရမည် ဖြစ်သော ၎င်းမူဝါဒမူကြမ်းများကို လက်ခံရရှိသည့်နေ့၏ နောက်တစ်နေ့မှ (၃) ရက်အတွင်း လက်မှတ်ရေး ထိုး၍ မူဝါဒအဖြစ် ထုတ်ပြန်ကြေညာရမည်။

(ဃ) ဥက္ကဋ္ဌသည် ၎င်းမူဝါဒမူကြမ်းတစ်ရပ်ကို လက်မှတ်ရေးထိုး၍ မူဝါဒအဖြစ် ထုတ်ပြန်ကြေညာရန် သတ်မှတ်ထားသည့် ကာလအတွင်း မိမိ၏သဘောထား မှတ်ချက်နှင့်အတူ မူကြမ်းကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ ပြန်လည်ပေးပို့နိုင်သည်။

(င) ဥက္ကဋ္ဌထံ ပေးပို့ထားသော မူဝါဒမူကြမ်းကို ဥက္ကဋ္ဌက မိမိ၏ သဘောထား မှတ်ချက်များနှင့်အတူ သတ်မှတ်ကာလအတွင်း ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ ပြန်လည် ပေးပို့လျှင် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်များကို ဆွေးနွေး သုံးသပ်ပြီးနောက် ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်ကို လက်ခံ၍ မူဝါဒမူကြမ်းကိုပြင်ဆင်ရန် ဆုံးဖြတ်နိုင်သည် သို့မဟုတ် ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ မူဝါဒမူကြမ်းကို မူလအတိုင်း အတည်ပြုရန် ဆုံးဖြတ်နိုင်သည်။

(စ) ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ထားသော ၎င်းမူဝါဒမူကြမ်း သို့မဟုတ် ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ မူလအတိုင်းအတည်ပြုသော မူဝါဒမူကြမ်းအား ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့်အခါ ဥက္ကဋ္ဌသည် မူဝါဒမူကြမ်း ပြန်လည်ရရှိသည့်နေ့၏ နောက်တစ်နေ့မှ (၁) ရက်အတွင်း လက်မှတ်ရေးထိုး၍မူဝါဒ အဖြစ် ထုတ်ပြန်ကြေညာရမည်။

(ဆ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က ပေးပို့လာသော (သို့မဟုတ်) ပြန်လည်ပေးပို့သော မူဝါဒမူကြမ်းကို သတ်မှတ်ကာလအတွင်း ဥက္ကဋ္ဌက လက်မှတ်ရေးထိုးခြင်း မပြုလျှင်သတ်မှတ်ကာလ ပြည့်မြောက်သည့် နေ့ရက်တွင် မူဝါဒမူကြမ်းသည် ဥက္ကဋ္ဌ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ မူဝါဒအတည်ဖြစ်လာရမည်။


၂၀။ အဖွဲ့ဝင်များ၏အထွေထွေ

အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ၏ ရာထူးခန့်ထားခြင်း၊ နှုတ်ထွက်ခြင်း၊ ရာထူးဖယ်ရှားခြင်း၊ လုပ်ပိုင်ခွင့် တာဝန်များနှင့် လိုအပ်သောအရည်အချင်းများကို ဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောက်ရွက်ရမည်။


၂၁။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ရုံးတံဆိပ်

(က) ဥက္ကဋ္ဌသည် မြန်မာ့သစ်ခွ ရုံးတံဆိပ်ကို လုံခြုံစွာ ထိန်းသိမ်းထားရမည်။

(ခ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်များတွင် မြန်မာ့သစ်ခွ ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌမရှိပါက ဒုတိယဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့အတွင်းရေးမှူး ရှေ့မှောက်၌ ​မြန်မာ့သစ်ခွ တံဆိပ်ကို ရိုက်နှိပ်ရမည်။

(ဂ) မြန်မာ့သစ်ခွ တံဆိပ်ရိုက်နှိပ်ရန် လိုအပ်သော စာရွက်စာတမ်းများတွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (သို့မဟုတ်) အလုပ်အမှုဆောင်ဘုတ်အဖွဲ့အတွင်းရေးမှူးတို့က တံဆိပ်ကို အတည်ပြုပေးရမည်။


၂၂။ အထွေထွေ

        ယခင်တည်ရှိခဲ့သော “မြန်မာ့သစ်ခွ အလုပ်အမှုဆောင်ဘုတ်အဖွဲ့လက်စွဲမူဝါဒ” ကို ဤစည်းမျဉ်းဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။


မြန်မာ့သစ်ခွဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းအရ အဖွဲ့အတွင်းလိုက်နာရမည့်မူဝါဒအဖြစ် ကြေငြာသည်။




ဖြိုးမြတ်မောင်

ဥက္ကဋ္ဌ

မြန်မာ့သစ်ခွ


မြန်မာ့သစ်ခွဖွဲ့စည်းပုံအခြေခံမူအရ အဖွဲ့အတွင်းလိုက်နာရမည့်မူဝါဒအဖြစ် ကြေငြာသည်။


မမူမူဆွေ

အထွေထွေအတွင်းရေးမှူး

မြန်မာ့သစ်ခွ



×
Notice Alert !

Please disable VPN while submitting forms at Burmese Orchid websites.

The Burmese Orchid is youth-led non-profit organisation based in the Republic of the Union of Myanmar. 

One of the Burmese Orchid Official Websites.


Follow us

Contact Us

enquiries@burmeseorchid.org

+95 9 964 512890

  • Home
  • •
  • About us
  • •
  •  
  • Privacy Policy
  • •
  • Forum
Copyright © Burmese Orchid 2022 - 2024
Powered by Odoo - The #1 Open Source eCommerce
Website Logo




Respecting your privacy is our priority.

Allow the use of cookies from this website on this browser?

We use cookies to provide improved experience on this website. You can learn more about our cookies and how we use them in our Cookie Policy.

Allow all cookiesOnly allow essential cookies