Table of Contents
Related Agencies & Policies
Enforcing Agencies
Related Policies
Related Rules & Procedures
The Policy
မြန်မာ့သစ်ခွအဖွဲ့
ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့
မူဝါဒအမှတ် (စ)
“စီမံကိန်း စီမံခန့်ခွဲရေးမူဝါဒ”
၆ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်
၁။ ဤမူဝါဒကို “စီမံကိန်း စီမံခန့်ခွဲရေးမူဝါဒ” ဟုခေါ်တွင်စေရမည်။
၂။ မြန်မာ့သစ်ခွအဖွဲ့ စီမံကိန်းများကို တိကျသေချာစွာဆောင်ရွက်စေနိုင်ရန် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ဤမူဝါဒကို သတ်မှတ်သည်။
၃။ အဖွဲ့၏စီမံကိန်းများသည် အဖွဲ့ဖွဲ့စည်းပုံအခြေခံမူပါ ရည်ရွယ်ချက်၊ ရည်မှန်ချက်များ၊ နှင့် နှစ်စဉ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်နှင့်ရည်မှန်းချက်များကြေငြာချက်တို့နှင့် အညီဖြစ်စေရမည်။
၄။ စီမံရေးနှင့် ထုတ်လုပ်ရေးဌာနနှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့်သုတေသနဌာနသည် သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများတို့နှင့် နှစ်စဉ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်နှင့်ရည်မှန်းချက်များကြေငြာချက် တို့တွင် ဖော်ပြထားသော စီမံကိန်းရည်မှန်းချက်များကို အဆက်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်းအကောင်အထည်ဖော်ကြရန်ဖြစ်သည်။ စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် လိုအပ်သော လုပ်ငန်းအစီအစဉ်များကို နောက်ဆက်တွဲ့ပုံစံ (က) ပါပုံစံအတိုင်း ကဏ္ဍအလိုက်၊ ဒေသအလိုက် အသေးစိတ်ရေးဆွဲ ဆောင်ရွက် တင်ပြနိုင်သည်။ ညွှန်ကြားချက်များကိုလိုအပ်သလိုထုတ်ပြန်နိုင်သည်။
၅။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍနှင့် လူငယ်ကဏ္ဍတို့၏ အကျိုးစီးပွားအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ရမည်။ သို့ရာတွင် တင်ပြလာသောစီမံကိန်းများသည် အကျိုးစီးပွားဖြစ်ထွန်းမှုမရှိသော စီမံကိန်းများဖြစ်ကြောင်း အလုပ်အမှုဆောင်ဘုတ်အဖွဲ့က စိစစ်တွေ့ရှိပါက အဆိုပါစီမံကိန်းအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများဆောင်ရွက်ရမည်။
၆။ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဖွဲ့ဖွဲ့စည်းပုံအခြေခံမူပါ ရည်ရွယ်ချက်၊ ရည်မှန်းချက် တို့နှင့်အညီ ဆောင်ရွက်ရမည်။
၇။ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်ဌာနသည် အဖွဲ့အစည်းအတွက် လက်ငင်း၊ ရေတိုနှင့် ရေရှည်အကျိုးဖြစ်ထွန်းစေရန် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထားဆောင်ရွက် ရမည်။
၈။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ တင်ပြဆောင်ရွက်ရာတွင် သတ်မှတ်ထားသော အင်္ဂါရပ်များ၊ ဆန်းစစ်ချက်များပြည့်စုံမှသာလျှင် ဆောင်ရွက်ရမည်။ ၎င်းကို ဤနောက်ဆက်တွဲ ဇယား၊ ပုံစံများအပြင် အခြားလိုအပ်သလို အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ သတ်မှတ်ပေးနိုင်သည်။
၉။ စီမံကိန်များကို စီမံခန့်ခွဲခြင်း အခြားအဖွဲ့အစည်း၏ စီမံကိန်များတွင်ပါဝင်ခြင်းတို့အတွက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ လျာထားဆဲ၊ တင်ပြဆဲ စီမံကိန်းများကို ကဏ္ဍအလိုက် စီမံရေးနှင့် ထုတ်လုပ်ရေးဌာန ဒါရိုက်တာမှတာဝန်ပေးအပ်ခြင်းခံရသူသည် ၎င်းတို့၏အခြေအနေများနှင့်တကွ စီမံကိန်းဘဏ်တွင် စာရင်းတင်ထားရှိရမည်။ စီမံကိန်းဘဏ်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ဤမူဝါဒနှင့်အညီ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ထုတ်ပြန်ကြေငြာရမည်။
၁၀။ စီမံကိန်းများကို ဆောင်ရွက်ရာတွင် အခြားအဖွဲ့အစည်းများ၏ ငွေကြေး၊ ပူပေါင်းဆောင်ရွက်မှု၊ လူအင်အား၊ နည်းပညာအင်အား၊ စသည့် အရင်းအမြစ်များကို ဖိတ်ခေါ်၊ လက်ခံ ဆောင်ရွက်နိုင်သည်။
၁၁။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် အဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းများအတွက် ရေတို၊ ရေရှည် တိုးတက်ဖွံ့ဖြိုးလာစေရန် စီမံကိန်းများအဖြစ် ထည့်သွင်းရေးဆွဲရမည်။
၁၂။ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများသည် ဖြစ်မြောက်နိုင်စွမ်း ရှိ မရှိ၊ အဖွဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့်ကိုက်ညီမှုရှိ မရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ မရှိ၊ ပြည်သူများအတွက် အကျိုးရှိ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြု မပြု၊ ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိ မရှိ စသည်တို့ကို ဘက်စုံ လေ့လာဆန်းစစ်ပြီး ဖြစ်ရမည့်အပြင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူခွင့်ပြုချက်ရရှိပြီးသော လုပ်ငန်းစီမံကိန်းများ လည်းဖြစ်ရမည်။ အဖွဲ့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ အကျိုးစီးပွားအတွက် အရေးကြီးလိုအပ်ချက်အရ ဆောင်ရွက်ရသည့် အထူးစီမံကိန်းများနှင့် စီမံကိန်းစာရင်းအတွင်း ထည့်သွင်းစိစစ် အတည်ပြုထားသည့် ဗျူဟာမြောက် စီမံကိန်းများကို နှစ်စဉ် အဖွဲ့စီမံကိန်းတွင် ထည့်သွင်းဖော်ပြရမည်။
၁၃။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများအတွက် လျာထားခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ဘဏ္ဍာရေးဌာနအပါအဝင် အဖွဲ့တွင်းတာဝန်ရှိပုဂ္ဂိုလ်၊ အခြားအဖွဲ့အစည်းများနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရမည်။ အဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်သည့် ပုဂ္ဂိုလ်၊ ဌာနများကို စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ရမည်။
၁၄။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင်ပါရှိသော ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် နှစ်စဉ် နှစ်စဉ်အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်နှင့်ရည်မှန်းချက်များကြေငြာချက်ကို ထုတ်ပြန်ကြေငြာရမည်။
နောက်ဆက်တွဲပုံစံ (က)
စီမံကိန်းအချက်အလက်အဆိုပြုလွှာ
(အင်္ဂလိပ်ဘာသာဖြင့်သာ) လိုအပ်ပါက မြန်မာပြန်ရေးဆွဲနိုင်သည်။ လိုအပ်သလိုစီစဉ် ထပ်မံရေးဖြည့်၍ ရေးဆွဲနိုင်သည်။
- အဖွဲ့အစည်းအကြောင်းမိတ်ဆက်
- စီမံကိန်းနောက်ခံအကြောင်းအရာနှင့် ဖြစ်ပေါ်လာပုံ
- စီမံကိန်းမိတ်ဆက်
- စီမံကိန်းကာလနှင့် လုပ်ထုံးလုပ်နညးအဆင့်ဆင့်
- စီမံကိန်းရည်မှန်းလူမှုအဖွဲ့အစည်း၊ ဦးရေ
- ပူပေါင်းအဖွဲ့အစည်း
- မီဒီယာပူးပေါင်းဆောင်ရွက်ခြင်း
- လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်
- အဆိုပြုတောင်းဆိုချက်
- စီမံကိန်းတစ်ခုလုံး၏ကာလအပိုင်းအခြား
- အကျိုးအမြတ်
- ကြေငြာခြင်းဆိုင်ရာလုပ်ငန်းများ
- အီဗန့်၊ ပရိုဂရမ် အစီအစဉ်
- အခြား လိုအပ်သည့်ကိစ္စရပ်များ
- ဆက်သွယ်ရန်
၄ရက် ဇူလိုင်လ ၂၀၂၃ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အတည်ပြု၍ကြေငြာသည်။
