Skip to Content

အခန်း (၁) - အဓိပ္ပါယ်ဖွင့်ဆိုချက်

အဓိပ္ပါယ်ဖွင့်ဆိုခြင်း

၁။ အဓိပ္ပါယ်ဖွင့်ဆိုချက်များ

ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် ဤအခြေခံမူစည်းမျဉ်းနှင့်အညီထုတ်ပြန်သော အဖွဲ့အစည်း၏ မူဝါဒများ၊ ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ သတိပေးစာများ၊ နှင့် အကြောင်းကြားစာများတွင် အခြားနည်းဖြင့်ပြဋ္ဌာန်းထားခြင်းမရှိလျှင် အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုသည်။ 

(က) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ဆိုသည်မှာ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စာပိုဒ်အမှတ် (၆၂) နှင့်အညီ ဖွဲ့စည်းထားသော ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ ကိုဆိုလိုသည်။

(ခ) နာယကအဖွဲ့ ဆိုသည်မှာ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စာပိုဒ်အမှတ် (၅၃) နှင့်အညီ ဖွဲ့စည်းထားသော မြန်မာ့သစ်ခွ၏ နာယကအဖွဲ့ ကိုဆိုလိုသည်။

(ဂ) ဖွဲ့စည်းပုံအခြေခံမူ ဆိုသည်မှာ ဤမြန်မာ့သစ်ခွ၏ ဖွဲ့စည်းအခြေခံမူစည်းမျဉ်းကို ဆိုလိုသည်။

(ဃ) မူဝါဒ ဆိုသည်မှာ ဤဖွဲ့စည်းအခြေခံမူစည်းမျဉ်းအရ မြန်မာ့သစ်ခွတွင် မူဝါဒ ထုတ်ပြန်ပိုင်ခွင့်ရှိသော အဖွဲ့အစည်း သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဖွဲ့စည်းအခြေခံမူစည်းမျဉ်း နှင့်အညီ ထုတ်ပြန်သော အဖွဲ့အစည်းအတွင်း မူဝါဒကိုဆိုလိုသည်။

(င) အထွေထွေအစည်းအဝေး ဆိုသည်မှာ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စာပိုဒ်အမှတ် (၃၁) နှင့်အညီ ဖွဲ့စည်းထားသော မြန်မာ့သစ်ခွအဖွဲ့ဝင်များ ပါဝင်သည့် ညီလာခံအစည်းအဝေးကြီးကို ဆိုလိုသည်။

(စ) ဥက္ကဋ္ဌ ဆိုသည်မှာ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စာပိုဒ်အမှတ် (၄၆) နှင့်အညီ ခန့်အပ်ခြင်းခံထားရသော မြန်မာ့သစ်ခွ၏ ဥက္ကဋ္ဌကိုဆိုလိုသည်။

(ဆ) အလုပ်အမှုဆောင်ဒါရိုက်တာ ဆိုသည်မှာ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စာပိုဒ်အမှတ် (၇၆) နှင့်အညီ ခန့်အပ်ခြင်းခံထားရသော မြန်မာ့သစ်ခွ၏ အလုပ်အမှုဆောင်ဒါရိုက်တာကိုဆိုလိုသည်။

(ဇ) ဘဏ္ဍာရေးမှူး ဆိုသည်မှာ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စာပိုဒ်အမှတ် (၉၄) နှင့်အညီ ခန့်အပ်ခြင်းခံထားရသော မြန်မာ့သစ်ခွ၏ ဘဏ္ဍာရေးမှူးကိုဆိုလိုသည်။

(ဈ) ဒါရိုက်တာ ဆိုသည်မှာ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စာပိုဒ်အမှတ် (၉၉) နှင့်အညီ ခန့်အပ်ခြင်းခံထားရသော မြန်မာ့သစ်ခွ၏ သက်ဆိုင်ရာဌာနအကြီးအမှူးများကိုဆိုလိုသည်။

(ည) အထွေထွေအတွင်းရေးမှူး ဆိုသည်မှာ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စာပိုဒ်အမှတ် (၈၂) နှင့်အညီ ခန့်အပ်ခြင်းခံထားရသော မြန်မာ့သစ်ခွ၏ အထွေထွေအတွင်းရေးမှူးကိုဆိုလိုသည်။

(ဋ) အဖွဲ့ဝင် ဆိုသည်မှာ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စာပိုဒ်အမှတ် (၁၈) နှင့်အညီ အတည်ပြုခြင်းခံထားရသော မြန်မာ့သစ်ခွ၏ အဖွဲ့ဝင်တစ်ဦး တစ်ယောက်စီတိုင်းကိုဆိုလိုသည်။

(ဌ) မျှော်မှန်းချက်များ ဆိုသည်မှာ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စာပိုဒ်အမှတ် (၁၁) ပါ မြန်မာ့သစ်ခွ၏ မျှော်မှန်းချက်များကိုဆိုလိုသည်။

(ဍ) လုပ်ငန်းတာဝန်များ ဆိုသည်မှာ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စာပိုဒ်အမှတ် (၁၂) ပါ မြန်မာ့သစ်ခွ၏ လုပ်ငန်းတာဝန်များကိုဆိုလိုသည်။

(ဎ) ရည်ရွယ်ချက်များ ဆိုသည်မှာ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စာပိုဒ်အမှတ် (၁၃) ပါ မြန်မာ့သစ်ခွ၏ ရည်ရွယ်ချက်များကိုဆိုလိုသည်။

(ဏ) ကျင့်ဝတ်များ ဆိုသည်မှာ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စာပိုဒ်အမှတ် (၁၅) ပါ မြန်မာ့သစ်ခွအဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်များကိုဆိုလိုသည်။

(တ) စံတန်ဖိုးများ ဆိုသည်မှာ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စာပိုဒ်အမှတ် (၁၄) ပါ မြန်မာ့သစ်ခွ၏ လိုက်နာရမည့် စံတန်ဖိုးများကိုဆိုလိုသည်။

(ထ) ဆန္ဒမဲ ဆိုသည်မှာ သက်ဆိုင်ရာ မြန်မာ့သစ်ခွ၏ အဖွဲ့အစည်းများ သို့မဟုတ် အထွေထွေအစည်းအဝေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ သဘောထားဆန္ဒမဲများကို ဆိုလိုသည်။

(ဒ) ဆုံးဖြတ်ချက် ဆိုသည်မှာ သက်ဆိုင်ရာ မြန်မာ့သစ်ခွ၏ ဆုံးဖြတ်ပိုင်ခွင့်ရှိသူ၏ သဘောထား သို့မဟုတ် အဖွဲ့အစည်း သို့မဟုတ် အထွေထွေအစည်းအဝေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ သတ်မှတ်ချက်များအတိုင်း ဆုံးဖြတ်သော သဘောထားဆန္ဒကို ဆိုလိုသည်။

(ဓ) ညွှန်ကြားချက် ဆိုသည်မှာ သက်ဆိုင်ရာ မြန်မာ့သစ်ခွ၏ ညွှန်ကြားပိုင်ခွင့်ရှိသူ၏ မည်သို့မည်ပုံလုပ်ရမည်ဟုပါရှိသော ညွှန်ကြားချက် သို့မဟုတ် အဖွဲ့အစည်း သို့မဟုတ် အထွေထွေအစည်းအဝေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ သတ်မှတ်ချက်များအတိုင်း ဆုံးဖြတ်သော ညွှန်ကြားချက်ကို ဆိုလိုသည်။

(န) ကြေညာချက် ဆိုသည်မှာ သက်ဆိုင်ရာ မြန်မာ့သစ်ခွ၏ တာဝန်ရှိသူက ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ သတ်မှတ်ချက်များအတိုင်း ချမှတ်သော ဖြစ်ရပ်တစ်ခုချင်းစီကို အခြေခံ၍ အသိပေးထုတ်ပြန်ခြင်းကို ဆိုလိုသည်။

(ပ) စည်းမျဉ်းစည်းကမ်းများ ဆိုသည်မှာ သက်ဆိုင်ရာ မြန်မာ့သစ်ခွ၏ စည်းမျဉ်းစည်းကမ်းများချမှတ်ပိုင်ခွင့်ရှိသည့် တာဝန်ရှိသူက ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ သတ်မှတ်ချက်များအတိုင်း ချမှတ်သော စည်းမျဉ်းစည်းကမ်းများကို ဆိုလိုသည်။

(ဖ) လုပ်ထုံးလုပ်နည်းများ ဆိုသည်မှာ သက်ဆိုင်ရာ မြန်မာ့သစ်ခွ၏ တာဝန်ရှိသူက ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ သတ်မှတ်ချက်များအတိုင်း ချမှတ်သော လုပ်ထုံးလုပ်နည်းကို ဆိုလိုသည်။

(ဗ) အထူးဆုံးဖြတ်ချက် ဆိုသည်မှာ သက်ဆိုင်ရာ မြန်မာ့သစ်ခွ၏ ဆုံးဖြတ်ပိုင်ခွင့်ရှိသူ၏ သဘောထား သို့မဟုတ် အဖွဲ့အစည်း သို့မဟုတ် အထွေထွေအစည်းအဝေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ သတ်မှတ်ချက်များအတိုင်း အရေးပေါ် သို့မဟုတ် အထူးအခြေအနေတွင် ဆုံးဖြတ်သော သဘောထားဆန္ဒကို ဆိုလိုသည်။

(ဘ) ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး ဆိုသည်မှာ ဥက္ကဋ္ဌ၏ တာဝန်၊ လုပ်ငန်းနှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ရာတွင် ဥက္ကဋ္ဌအား ကူညီထောက်ပံ့ပေးသော ရုံးအဖွဲ့ကို ဆိုလိုသည်။

(မ) အလုပ်အမှုဆောင်ဒါရိုက်တာရုံး ဆိုသည်မှာ အလုပ်အမှုဆောင်ဒါရိုက်တာ၏ တာဝန်၊ လုပ်ငန်းနှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ရာတွင် အလုပ်အမှုဆောင်ဒါရိုက်တာအား ကူညီထောက်ပံ့ ပေးသော ရုံးအဖွဲ့ကို ဆိုလိုသည်။

(ယ) အထွေထွေအတွင်း‌ရေးမှူးရုံး ဆိုသည်မှာ နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ရုံးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အထွေထွေအတွင်းရေးမှူးအား ကူညီထောက်ပံ့ပေးသော ရုံးအဖွဲ့ကို ဆိုလိုသည်။

(ရ) ဌာန ဆိုသည်မှာ မြန်မာ့သစ်ခွ၏ ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် မူဝါဒများနှင့်အညီ မြန်မာ့သစ်ခွ၏ ယန္တရားလည်ပတ်မှုကို အထောက်အကူဖြစ်စေရန် ဖွဲ့စည်းထားသည့် သက်ဆိုင်ရာ ဒါရိုက်တာဦးဆောင်သော၊ ၎င်းဒါရိုက်တာ၏ တာဝန်၊ လုပ်ငန်းနှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ရာတွင် ၎င်းဒါရိုက်တာအား ကူညီထောက်ပံ့ပေးသော ရုံးအဖွဲ့ဌာနကို ဆိုလိုသည်။

(လ) ကောင်စီ ဆိုသည်မှာ  မြန်မာ့သစ်ခွ၏ ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် မူဝါဒများနှင့်အညီ မြန်မာ့သစ်ခွ၏ ယန္တရားလည်ပတ်မှုကို အထောက်အကူဖြစ်စေရန် သီးခြားလုပ်ငန်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ‌ပေး၍ ဖွဲ့စည်းထားသည့် တာဝန်ရှိသူလုပ်ငန်းအဖွဲ့ကို ဆိုလိုသည်။

(ဝ) ကော်မတီ ဆိုသည်မှာ မြန်မာ့သစ်ခွ၏ ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် မူဝါဒများနှင့်အညီ မြန်မာ့သစ်ခွ၏ ယန္တရားလည်ပတ်မှုကို အထောက်အကူဖြစ်စေရန် လုပ်ပိုင်ခွင့် အချို့ကိုခွဲပေး၍ ဖွဲ့စည်းထားသည့် ရုံးလုပ်ငန်းအဖွဲ့ကို ဆိုလိုသည်။

(သ) ဆပ်ကော်မတီ ဆိုသည်မှာ မြန်မာ့သစ်ခွ၏ ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် မူဝါဒများနှင့်အညီ မြန်မာ့သစ်ခွ၏ ယန္တရားလည်ပတ်မှုကို အထောက်အကူဖြစ်စေရန် လုပ်ပိုင်ခွင့်အချို့ကိုခွဲပေး၍ ဖွဲ့စည်းထားသည့် ကော်မတီကို အထောက်အကူပြုရန် ဖွဲ့စည်းထားသည့် ရုံးလုပ်ငန်းအဖွဲ့ကို ဆိုလိုသည်။

(ဟ) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုလိုသည်။

(ဠ) ဖွဲ့စည်ပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆိုလိုသည်။  ဖွဲ့စည်ပုံအခြေခံဥပဒေဆိုရာတွင် ဖွဲ့စည်ပုံအခြေခံဥပဒေကဲ့သို့ အာဏာတည်သော ကွန်ဗန်းရှင်း၊ ပဋိညာဉ်၊ စာချုပ်စာတမ်း၊ စသည်တို့လည်း ပါဝင်သည်။

(အ) ဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သက်ဆိုင်ရာတည်ဆဲ ဥပဒေကိုဆိုလိုသည်။ ဥပဒေဟုဆိုရာတွင် နိုင်ငံတော်အစိုးရမှ ဥပဒေအရ ပြဋ္ဌာန်းသော နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ စသည်တို့လည်းပါဝင်သည်။

(ကက) အဖွဲ့စာရင်းစစ် ဆိုသည်မှာ အဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာငွေစာရင်းများကို စစ်ဆေးရန်  သတ်မှတ်ထားသော အရည်အချင်းများနှင့်အညီ တာဝန်ပေးအပ်ခြင်းခံရသူကို ဆိုလိုသည်။

(ကခ) ရန်ပုံငွေ ဆိုသည်မှာ အဖွဲ့၏ လိုအပ်ချက်များတွင် သုံးစွဲရန် ခွင့်ပြုထားသော အသားတင်ငွေသားကိုဆိုလိုသည်။

(ကဂ) ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်း ဆိုသည်မှာ မြန်မာ့သစ်ခွ၏ ကာလအပိုင်းအခြားအလိုက် ရငွေနှင့် သုံးငွေတို့ကို စီမံခန့်ခွဲသည့်ငွေစာရင်းကိုဆိုလိုသည်။ 

(ကဃ) ဘတ်ဂျက် ဆိုသည်မှာ မြန်မာ့သစ်ခွ၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းကို ဆိုလိုသည်။

(ကင) လိုဂို ဆိုသည်မှာ မြန်မာ့သစ်ခွ၏ အမှတ်အသားတံဆိပ်ကို ဆိုလိုသည်။

(ကစ) တည်ထောင်သူ ဆိုသည်မှာ မြန်မာ့သစ်ခွအဖွဲ့ကို တည်ထောင်ခဲ့သူအားဆိုလိုသည်။

(ကဆ) လုပ်ငန်း ဆိုသည်မှာ အဖွဲ့အတွင်း လုပ်ဆောင်ရန်ရှိသည့် သက်ဆိုင်ရာအလိုက် အလုပ်များကိုဆိုလိုသည်။

(ကဇ) ဆောင်ရွက်ချက် ဆိုသည်မှာ အဖွဲ့အတွင်း လုပ်ဆောင်ရန်ရှိသည့် သက်ဆိုင်ရာအလိုက် အလုပ်များကို ဆောင်ရွက်ထားမှုကို ဆိုလိုသည်။

(ကဈ) နာယက (သို့မဟုတ်) နာယကအဖွဲ့ဝင် ဆိုသည်မှာ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စာပိုဒ်အမှတ် (၅၃) နှင့်အညီ ဖွဲ့စည်းထားသော မြန်မာ့သစ်ခွ ဥက္ကဋ္ဌ ဦးဆောင်သည့် နာယကအဖွဲ့၏ အဖွဲ့ဝင် ကိုဆိုလိုသည်။

(ကည) စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် ဆိုသည်မှာ ကမ္ဘ့ာကုလသမ္မဂ္ဂ၏ စီးပွားရေးနှင့်လူမှုရေးဌာနကြီးမှ ၂၀၃၀ ခုနှစ် အတွက် ထားရှိသော စဉ်ဆက်မပြတ်လုပ်ငန်းတာဝန်ပန်းတိုင်များ ကိုဆိုလိုသည်

၂။ အခြားစာကားလုံးများအား အဓိပ္ပါယ်ဖွင့်ဆိုခြင်း

(က) ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် ဤအခြေခံမူစည်းမျဉ်းနှင့်အညီထုတ်ပြန်သော အဖွဲ့အစည်း၏ မူဝါဒများ၊ ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ သတိပေးစာများ၊ နှင့် အကြောင်းကြားစာများတွင် စကားလုံးများကို အခြားနည်းဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိပါက ၎င်းပြဋ္ဌာန်းချက် တရပ်ရပ်တွင် ပါဝင်သောစကားရပ်များသည် သာမန်နေ့စဉ်သုံး အနက်အဓိပ္ပါယ် ကိုဆောင်စေရမည်။

သို့ရာတွင် ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်အညီ သီးခြားအဓိပ္ပါယ်ဖွင့်ဆိုပေးရန် လိုအပ်သောစကားရပ်သည် ယင်းသီးခြား အနက်အဓိပ္ပါယ်ကို ဆောင်စေရမည်။

(ခ) ပြဋ္ဌာန်းချက် တရပ်ရပ်၏ အနက်အဓိပ္ပါယ်ကို ယင်းပြဋ္ဌာန်းချက်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီအောင် ဖွင့်ဆိုရမည်။

(ဂ) ပြဋ္ဌာန်းချက်တရပ်ရပ်တွင် နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှုရှိစေရမည်ဟု အတည့်အလင်း ပြဋ္ဌာန်းထားခြင်းမရှိလျှင် ယင်းပြဋ္ဌာန်းချက်သည်နောက်ကြောင်းပြန် အာဏာသက်ရောက်မှုမရှိစေရ။ သို့ရာတွင် မည်သည့် အရေးယူမှုဆိုင်ရာ ပြဋ္ဌာန်းချက်မျှ နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှုမရှိစေရ။ လုပ်ထုံးလုပ်နည်းနှင့်သာသက်ဆိုင်သော ပြဋ္ဌာန်းချက်တွင် အခြားနည်းဖော်ပြထားခြင်းမရှိလျှင် ယင်းပြဋ္ဌာန်းချက်သည် နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှုရှိစေရမည်။

(ဃ) ရှေးကျသော ပြဋ္ဌာန်းချက်တရပ်နှင့် နောက်ကျသော ပြဋ္ဌာန်းချက်တရပ်တို့ ကွဲလွဲ ဆန့်ကျင်နေပါက နောက်ကျသော ပြဋ္ဌာန်းချက်သည် အတည်ဖြစ်သည်။

အခန်း (၂) - အဖွဲ့အစည်း၏ အမည်၊ အ‌ခြေခံမူ၊ လုပ်ငန်းတာဝန်နှင့် ရည်ရွယ်ချက်များ 

အဖွဲ့အစည်း၏အမည်

၃။ အဖွဲ့အစည်းအမည်

(က) ဤဖွဲ့စည်းပုံအခြေခံမူအရ ဖွဲ့စည်းထားသော အဖွဲ့အစည်းအား မြန်မာဘာသာဖြင့် “မြန်မာ့သစ်ခွ”၊ အင်္ဂလိပ်ဘာသာဖြင့် “Burmese Orchid” ဟု ခေါ်တွင်စေရမည်။ 

(ခ) မြန်မာ့သစ်ခွဟုဆိုရာတွင် မြန်မာ့သစ်ခွ အမည်ဖြင့် ၎င်း၏ လက်အောက်ခံ ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီ၊ စင်တာ၊ လူမှုရေးလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းအားလုံးကိုဆိုလိုသည်။

အဖွဲ့အစည်း၏အခြေခံမူ

၄။ အဖွဲ့အစည်းအမျိုးအစား

(က) မြန်မာ့သစ်ခွသည် လွတ်လပ်၍ အကျိုးအမြတ်မယူသော နိုင်ငံရေးပါတီစွဲမရှိသည့် လူငယ်များဦးဆောင်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ 

(ခ) မြန်မာ့သစ်ခွသည် ၎င်း၏ လက်အောက်ခံ ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီ၊ စင်တာ၊ လုပ်ငန်းအားလုံးကို စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းစုဖြစ်သည်။

၅။ အကျိုးအမြတ်မယူခြင်း

        မြန်မာ့သစ်ခွအဖွဲ့သည်ရင်းနှီး မတည်သူများ၏ အကျိုးအမြတ်အတွက်  မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များအတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။ ဤပြဋ္ဌာန်းချက်သည် မြန်မာ့သစ်ခွပုံမှရန်ပုံငွေရရှိရန် ပြုလုပ်သောစီးပွားရေးလုပ်ငန်းများနှင့် ရန်ပုံငွေရှာသည့်အစီအစဉ်များအတွက် မသက်ဆိုင်စေရ။ 

၆။ နိုင်ငံရေးပါတီစွဲမရှိခြင်း

(က) မြန်မာ့သစ်ခွအဖွဲ့သည် မည်သည့်နိုင်ငံရေးကိစ္စကိုမျှဝင်ရောက်စွက်ဖက်ခြင်းမရှိစေရ။ 

(ခ) အဖွဲ့ဝင်များသည်လည်း အဖွဲ့၏လှုပ်ရှားမှုအစီအစဉ်များပြုလုပ်နေစဉ် မည်သူမျှ နိုင်ငံရေးကိစ္စနှင့်သက်ဆိုင်သော အကြောင်းအရာများမပြုလုပ်ရ။

(ဂ) မြန်မာ့သစ်ခွသည် နိုင်ငံတော်တိုးတက်ကောင်းစားရေးအတွက်သာ ရှေးရှုမျှော်မှန်းသည်။ 

(ဃ) ဤပြဋ္ဌာန်းချက်သည် မြန်မာ့သစ်ခွ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေခံမူနှင့် လူငယ်ရေးရာအခြေခံမူများ၏ မူဝါဒများအပေါ် လွှမ်းမိုးခြင်းမရှိစေရ။

၇။ အဖွဲ့အစည်းအတွင်းအခြေခံမူ

(က) မြန်မာ့သစ်ခွအဖွဲ့အစည်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်ရေးရာ ကိစ္စများကို ဦးစားပေးဆောင်ရွက်သောအဖွဲ့အစည်းဖြစ်သည်။ 

(ခ) ဤဖွဲ့စည်းပုံအခြေခံမူများနှင့် အခြားမူဝါဒများတွင်ပါရှိသော “အဖွဲ့အစည်း” ဆိုသည်မှာ ရှေ့နောက်စကားရပ်တို့၏ အဓိပ္ပာယ် ကိုထောက်၍ ဤဖွဲ့စည်းပုံအခြေခံမူအရ အုပ်ချုပ်မှု လုပ်ပိုင်ခွင့် ကိုကျင့်သုံးသော အဖွဲ့အစည်းသို့မဟုတ် ပုဂ္ဂိုလ်ကိုဆိုလိုသည်။

(ဂ) မြန်မာ့သစ်ခွ၏ မူဝါဒများသည် ဤဖွဲ့စည်းပုံအခြေခံမူ၏ အဖွဲ့အစည်းအခြေခံမူ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေခံမူနှင့် လူငယ်ရေးရာအခြေခံမူ တို့ကိုအခြေခံရမည်။

(ဃ) မြန်မာ့သစ်ခွကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဖြင့် တိုးတက်သော လူငယ်အဖွဲ့အစည်း အတွက်ဦးစားပေးဆောင်ရွက်လိုစိတ်ရှိသော လူငယ်များဖြင့်ဖွဲ့စည်းတည်ထောင်သည်။

(င) အဖွဲ့ဝင်တိုင်းသည် ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှ အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့်ရှိသည်။

(စ) အခြားပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ အဖွဲ့ဝင်တစ်ဦးဦးအား ၎င်း၏သဘောဆန္ဒ မပါဘဲ အကြောင်းမဲ့ ထုတ်ပယ်ခြင်း၊ ရာထူမှနှိမ့်ချခြင်း မရှိစေရ။

(ဆ)  မြန်မာ့သစ်ခွ ဖွံ့ဖြိုးတိုးတက်ရေးသည် အဖွဲ့ဝင်တိုင်း၏ တာဝန် ဖြစ်သည်၊

(ဇ)  အဖွဲ့ဝင်အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် အဖွဲ့ဝင်တိုင်းက ကူညီဆောင်ရွက်ရမည်။

(ဈ) မြန်မာ့သစ်ခွသည် လုပ်ငန်းဆောင်ရွက်ချက်များ လုပ်ကိုင်ရာတွင် မြန်မာ့သစ်ခွ၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များအပြင် ကမ္ဘ့ာကုလသမ္မဂ္ဂ၏ စီးပွားရေးနှင့်လူမှုရေးဌာနကြီးမှ ၂၀၃၀ ခုနှစ် အတွက် ထားရှိသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များနှင့်အညီ လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ရမည်။

(ည) မြန်မာ့သစ်ခွသည် လူငယ်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အတူ ပူးပေါင်း၍ နိုင်ငံတော်နှင့် သဘာဝပတ်ဝန်းကျင်အကျိုးကို ကူညီဆောင်ရွက်မည်။

(ဋ) မြန်မာ့သစ်ခွသည် သဘာဝပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည်။

(ဌ) မြန်မာ့သစ်ခွသည် လူငယ်များ၏ ပညာရေးတိုးတက်စေရေးတို့အတွက် အလေးထား ဆောင်ရွက် ရမည်။

(ဍ) မြန်မာ့သစ်ခွသည် နိုင်ငံတော်အတွင်းလူငယ်များ ပညာရေးနှင့် သက်မွေးပညာရပ်များ တတ်မြောက်စေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်ရမည်။

(ဎ) အဖွဲ့ဝင်တိုင်းသည် ရွေးကောက်တင်မြှောက်ခွင့် နှင့်ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်ရှိသည်။

(ဏ) မြန်မာ့သစ်ခွသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သောဝါဒကိုကျင့်သုံးသည်။ 

(တ) မြန်မာ့သစ်ခွသည် မြန်မာ့သစ်ခွအဖွဲ့ဝင်များကို စောင့်ရှောက်ရန်တာဝန်သည်။

(ထ) မြန်မာ့သစ်ခွသည် နိုင်ငံတော်အတွင်း ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက် ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်ရမည်။

၈။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေခံမူ

မြန်မာ့သစ်ခွသည် မြန်မာ့သစ်ခွ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေခံမူကို နိုင်ငံတော်၏ ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒ၊ ဖွဲ့စည်းပုံအခြေခံခံဥပဒေနှင့် သက်ဆိုင်ရာဥပဒေများ တွင် ပါရှိသော မူဝါဒများနှင့် ပင်မတန်ဖိုးများကို အခြေပြုလျှက် အောက်ပါအတိုင်း သတ်မှတ်သည်။

(က) နိုင်ငံတော်၏ ကြွယ်ဝချမ်းသာမှုသည် နိုင်ငံတော်၏ ပြည်သူများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတပစ္စည်းများပင် ဖြစ်သည်။

(ခ) ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်များ၏အကျိုးငှာ သဘာဝသယံဇာတ ပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရန်သည် နိုင်ငံတော်နှင့် နိုင်ငံသားတိုင်း၏ တာဝန်သာ ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာ့သစ်ခွသည်လည်း နိုင်ငံတော်အခြေစိုက် အဖွဲ့အစည်းဖြစ်ပါ၍ ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပေသည်။

(ဂ) မြန်မာ့သဘာ၀သယံဇာတများ ရေရှည်ရှင်သန်တည်တန့်နိုင်စေရန်အတွက် စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်းလုပ်ငန်းတွင် ရေရှည်တည်တံ့သောအလေ့အကျင့်များကို အားပေးထောက်ခံသည်။

(ဃ) မြန်မာနိုင်ငံတွင် မျိုးသုဉ်းလုနီးပါးမျိုးစိတ်များနှင့် ၎င်းတို့နေထိုင်ကျက်စားရာ နေရာများကို ကာကွယ်ထိန်းသိမ်းရန် အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်ကာ မြန်မာနိုင်ငံရှိ ကြွယ်ဝသော ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ရမည်။

(င) ပိုမိုသန့်ရှင်းပြီး ကျန်းမာသောပတ်ဝန်းကျင်ကို ရရှိရန် လေ၊ ရေနှင့် မြေထု ညစ်ညမ်းမှုကို လျှော့ချပေးသည့် မူဝါဒများနှင့် အလေ့အကျင့်များအတွက် ထောက်ခံအားပေး မြှင့်တင်ရမည်။

(စ) ပညာရေး၊ အသိပညာပေးခြင်းနှင့် ရပ်ရွာလူထုပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအကြောင်း ပြည်သူများအား အသိပညာပေးခြင်းများ ပြုလုပ်ရမည်။

(ဆ) လူသားတို့၏ လုပ်ရပ်ကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု ကိုလျှော့ချရန် လူငယ်များနှင့် လူမှုအသိုင်းအဝိုင်းများကြား ရေရှည်တည်တံ့သော နေထိုင်စားသုံးမှု အလေ့အထကို အားပေးရမည်။

(ဇ) မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲ တောရိုင်းတိရစ္ဆာန်များ လွတ်လပ်စွာရှင်သန် နေထိုင်ရေး၊ တောရိုင်းတိရိစ္ဆာန်များ နေထိုင်ရာနေရာများ ကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည် ထူထောင်ရေး တို့အတွက် အားပေးကူညီရမည်။

(ဈ) တရားမဝင် တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှုနှင့်ပတ်သက်၍ အသိပညာပေးကာ မှောင်ခိုရောင်းဝယ်မှုနှင့် မှောင်ခိုလုပ်ငန်းများကို တိုက်ဖျက်ရန် ရပ်ရွာပြည်သူ လူထုနှင့် လက်တွဲဆောင်ရွက်ရမည်။

(ည) ထိခိုက်ဒဏ်ရာရရှိသော သို့မဟုတ် ပျောက်ကွယ်လုနီးပါးရှိသော တောရိုင်းတိရစ္ဆာန်များအတွက် ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးဝန်ဆောင်မှုများ ပံ့ပိုးပေးရန်အတွက် ဒေသခံအဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။

(ဋ) တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ နေထိုင်ကျတ်စားရာများကို လေ့လာနားလည်မှု တိုးတက်စေရန်နှင့် လူငယ်များနှင့် အသိုင်းအဝိုင်းများကြား တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ပညာပေးရေး သုတေသနပြုမှုများကို ပံ့ပိုးကူညီရမည်။

(ဌ) တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ ဥပဒေများကို ပိုမိုအားကောင်း အောင်တွန်းအားပေးရန်နှင့် တောရိုင်းတိရိစ္ဆာန်ကုန်ကူးမှုကွန်ရက်များကို ဖော်ထုတ်ရန်နှင့် ဖျက်သိမ်းရန် တာဝန်ရှိသူများနှင့် လက်တွဲဆောင်ရွက်ရမည်။

(ဍ) တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု၏ ဆိုးကျိုးများအကြောင်း စားသုံးသူပြည်သူများအကြား အသိပညာ တိုးပွားစေပြီး တရားဝင်နှင့် ရေရှည်တည်တံ့သော တိရစ္ဆာန်ထွက်ကုန်များ ဝယ်ယူမှုကို မြှင့်တင်ရေးကို ရှေးရှုသည်။

(ဎ) တောရိုင်းတိရစ္ဆာန်တရားမဝင်ရောင်းဝယ်ဖောက်ကားမှုအပေါ် မှီခိုအားထားမှု လျော့နည်းစေမည့် အစားထိုးအသက်မွေးဝမ်းကြောင်းအခွင့်အလမ်းများဖွံ့ဖြိုး တိုးတက်လာစေရန် ဒေသခံအသိုင်းအဝိုင်းများနှင့် ပူးပေါင်းလုပ်ဆောင်ရမည်။

(ဏ) တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် အိမ်နီးချင်းနိုင်ငံများရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။

(တ) တောရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှု၏ မူလဇစ်မြစ်ကို ထိထိရောက်ရောက် ဖြေရှင်းပေးမည့် နိုင်ငံတော်နှင့် နိုင်ငံတကာမူဝါဒများကို ထောက်ခံအားပေးသည်။

(ထ) ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုအားထားမှုကို လျှော့ချရန်အတွက် နေရောင်ခြည်၊ ရေ၊ လေနှင့် ဘူမိအပူစွမ်းအင်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ခံကျင့်သုံးမှုအတွက် ထောက်ခံရမည်။

(ဒ) စွမ်းအင်သုံးစွဲမှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရန် အိမ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများသူငှာ အဆောက်အဦများတွင် စွမ်းအင်သက်သာသော အလေ့အကျင့်များနှင့် နည်းပညာများကို မြှင့်တင်ရန် အားပေးရမည်။

(ဓ) စွမ်းအင်ထိန်းသိမ်းခြင်း၏ အရေးကြီးပုံကို လူငယ်များနှင့် လူမှုအသိုင်းအဝိုင်းများအား အသိပညာပေးကာ ၎င်းတို့၏နေ့စဉ်ဘဝတွင် စွမ်းအင်ချွေတာသည့်အလေ့အကျင့်များကို ကျင့်သုံးရန် ခွန်အားပေးရမည်။

(န) စွမ်းအင်ထိရောက်မှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များကို မြို့ပြဖွံ့ဖြိုး တိုးတက်မှုတွင် ပေါင်းစပ်ထားသည့် ရေရှည်တည်တံ့သော မြို့ပြစီမံကိန်းအလေ့အကျင့်များကို အားပေးသည်။

(ပ) သစ်တောထိန်းသိမ်းခြင်းနှင့် ဟန်ချက်ညီစေမည့် ရေရှည်တည်တံ့သော သစ်တောစီမံခန့်ခွဲမှုအလေ့အကျင့်များကို မြှင့်တင်ရန် အားပေးရမည်။

(ဖ) ပျက်စီးသွားသော သစ်တောများကို ပြန်လည်ထူထောင်ရန်နှင့် သစ်ပင်ဖုံးလွှမ်းမှုကို ချဲ့ထွင်ရန်အတွက် သစ်တောပြန်လည်ထူထောင်ရေးနှင့် သစ်တောပြုန်းတီးမှုတို့ကို ပံ့ပိုးကူညီရမည်။

(ဗ) ပိုမိုခိုင်မာသော သစ်တောကာကွယ်ရေးမူဝါဒများနှင့် ရပ်ရွာအခြေပြု သစ်တော စီမံခန့်ခွဲမှုအစပျိုးမှုများကို ပံ့ပိုးကူညီပံ့ပိုးပေးရမည်။

(ဘ) သစ်တောပြုန်းတီးမှု၏ အကျိုးသက်ရောက်မှုများအကြောင်း အသိပညာပေးခြင်း နှင့် ရေရှည်တည်တံ့သော သစ်တောထွက်ပစ္စည်းများ အသုံးပြုမှုကို မြှင့်တင်ရန် ဆောင်ရွက်ရမည်။

(မ) သစ်တောပြုန်းတီးမှုကို လျော့နည်းစေပြီး သစ်တောနည်းပညာများကို မြှင့်တင် ပေးသည့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များကို တွန်းအားပေးသည်။

၉။ လူငယ်ရေးရာအခြေခံမူ

မြန်မာနိုင်ငံတွင် လူဦးရေ၏ ၂၈ ရာခိုင်နှုန်းမှာ လူငယ်များဖြစ်သည့် အလျောက် လူငယ်တို့၏ အခွင့်အရေးအခွင့်အလမ်း၊ စိတ်ဓါတ်၊ စသည်တို့ကို မြှင့်တင်ပေးရေးသည် မြန်မာ့သစ်ခွ၏ပင်တိုင် လူငယ်ရေးရာအခြေခံမူ ဖြစ်သည်။ မြန်မာ့သစ်ခွသည် နိုင်ငံတော်အစိုးရ၏ လူငယ်ရေးရာမူဝါဒတွင် သတ်မှတ်ထားသည့် အသက်အရွယ်အပိုင်းအခြားကို လူငယ်အဖြစ်သတ်မှတ်သည်။ မြန်မာ့သစ်ခွသည် မြန်မာ့သစ်ခွ၏ လူငယ်ရေးရာအခြေခံမူကို နိုင်ငံတော်၏ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ၊ ဖွဲ့စည်းပုံအခြေခံခံဥပဒေနှင့် သက်ဆိုင်ရာဥပဒေများ တွင် ပါရှိသော မူဝါဒများနှင့် ပင်မတန်ဖိုးများကို အခြေပြုလျှက် အောက်ပါအတိုင်း သတ်မှတ်သည်။

(က) လူငယ်များအား ၎င်းတို့၏ ခေါင်းဆောင်မှုစွမ်းရည်များ ဖွံ့ဖြိုးလာစေရန် အခွင့်အလမ်းများနှင့် လေ့ကျင့်မှုများ ပေးဆောင်ကာ ၎င်းတို့၏ လူမှုအသိုက်အဝန်းနှင့် အဖွဲ့အစည်းများတွင် ခေါင်းဆောင်မှု အခန်းကဏ္ဍများကို ထမ်းဆောင်နိုင်ရန် မြှင့်တင်ရမည်။

(ခ) ဒေသန္တရရပ်ရွာများမှ နိုင်ငံတော်အစိုးရအထိ အဆင့်တိုင်းတွင် ဆုံးဖြတ်ချက် ချသည့်လုပ်ငန်းစဉ်များတွင် လူငယ်များ၏ အဓိပ္ပါယ်ရှိသော ပါဝင်ဆောင်ရွက်မှုအတွက် ထောက်ခံအားပေးသည်။

(ဂ) လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် အလုပ်အကိုင်ဖန်တီးမှုများကို ပံ့ပိုးပေးသည့် ၎င်းတို့၏ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို စတင်ကြီးထွားဖွံ့ဖြိုးလာစေရန်အတွက် အရင်းအမြစ်များနှင့် ပံ့ပိုးကူညီမှုများပြုရမည်။

(ဃ) အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်များနှင့် လူငယ်များကို ချိတ်ဆက်နိုင်ရန် လမ်းညွှန်မှုအစီအစဉ်များနှင့် ကွန်ရက်ချိတ်ဆက်မှုအခွင့်အလမ်းများကို လွယ်ကူချောမွေ့စေရန်နှင့် သက်ဆိုင်ရာနယ်ပယ်အလိုက်တိုးတက်မှုကို မြှင့်တင်ပေးရမည်။

(င) မြန်မာနိုင်ငံရှိ လူငယ်အားလုံးသည် ၎င်းတို့၏ နောက်ခံ သို့မဟုတ် လူမှုစီးပွားရေးအခြေအနေ မည်သို့ပင်ရှိစေကာမူ အရည်အသွေးနှင့် အားလုံးပါဝင်သည့် ပညာရေးကို ရရှိစေရေး ဆောင်ရွက်ပေးရေးကို ကူညီမြှင့်တင်ပေးရမည်။

(စ) လူငယ်များအား ကျောင်းနေပညာရေးကို လိုက်စားရန်နှင့် ဆန်းသစ်တီထွင်မှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ်ကို မွေးမြူရန် လူငယ်များအား တွန်းအားပေးပြီး ၂၁ ရာစု လုပ်သားအင်အားစု၏ လိုအပ်ချက်များအတွက် ပြင်ဆင်ပေးရန် အားပေးမြှင့်တင်ခြင်း ပြုလုပ်ရမည်။

(ဆ) လူငယ်များအတွက် ၎င်းတို့၏ဘဝတစ်လျှောက်လုံး ဆက်လက်သင်ယူနိုင်စေရန် အခွင့်အလမ်းများနှင့် ပံ့ပိုးကူညီမှုများပေးကာ ပြောင်းလဲနေသောအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန်နှင့် တစ်သက်တာအသက်မွေးဝမ်းကြောင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်လုပ်ဆောင်နိုင်စေရန် အားပေးရမည်။

(ဇ) ဝေဖန်ပိုင်းခြားတွေးခေါ်မှုနှင့် ပြဿနာဖြေရှင်းခြင်းစွမ်းရည်များကို ပညာရေး အစီအစဉ်များတွင် ပေါင်းစည်းကာ သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရန်၊ ပြဿနာများကို ဖြေရှင်းရန်နှင့် အသိဥာဏ်ရှိသော ဆုံးဖြတ်ချက်များချနိုင်ရန် လူငယ်များကို ခွန်အားပေးရမည်။

(ဈ) လူငယ်များအတွက် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများ၊ ထင်မြင်ယူဆချက်များနှင့် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုရန်၊ ၎င်းတို့၏ အနာဂတ်နှင့် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်း၏ အနာဂတ်ကို ပုံဖော်ရာတွင် ၎င်းတို့၏ အသံအား အရေးပေးသည့် ပလက်ဖောင်းများ ထုတ်ဖော်ပေးရမည်။

(ည) မူဝါဒချမှတ်ခြင်းလုပ်ငန်းစဉ်များတွင် လူငယ်အသံများပါ၀င်စေရန်အတွက် တာဝန်ရှိသူများက လူငယ်တို့၏အမြင်များကိုထည့်သွင်းစဉ်းစားပြီး တန်ဖိုးထားရန် တွန်းအား ပေးရမည်။

(ဋ) လူငယ်များအား အပြုသဘောဆောင်သော ပြောင်းလဲမှုများ ဆောင်ကြဉ်းရန်နှင့် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းနှင့် ကမ္ဘာကြီးကို ထိခိုက်စေသည့် ပြဿနာများကို ဖြေရှင်းရန်အတွက် တက်ကြွမှုနှင့် လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင်ရန် လူငယ်များအား တွန်းအားပေးရမည်။

(ဌ) လူငယ်ဦးဆောင်သော မီဒီယာပဏာမခြေလှမ်းများနှင့် ၎င်းတို့၏အသံများကို ချဲ့ထွင်ရန်နှင့် ၎င်းတို့၏အတွေ့အကြုံများကို မျှဝေရန် အားပေးကူညီရမည်။

(ဍ) လူငယ်များ၏ စိတ်ဓါတ်ခံနိုင်ရည်ရှိမှု၊ စိတ်ကျန်းမာရေးနှင့် မိမိကိုယ်ကို စောင့်ရှောက်ခြင်းတို့ကို မြှင့်တင်ရန် အရင်းအမြစ်များနှင့် ပံ့ပိုးကူညီမှုများ ပံ့ပိုးပေးရမည်။

(ဎ) လူငယ်များအား ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့နီတိ အသိတရားများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းနှင့် ယဉ်ကျေးမှုများအကြား နားလည်မှု၊ လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တွန်းအားပေးရမည်။

(ဏ) စေတနာ့ဝန်ထမ်း၊ ရပ်ရွာစည်းရုံးရေးနှင့် စည်းရုံးရေး ကဲ့သို့သော အရပ်ဘက် ဆိုင်ရာ လှုပ်ရှားမှုများတွင် လူငယ်များအား ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းနှင့် လူ့အဖွဲ့အစည်းအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်စေရန် တွန်းအားပေးရမည်။

၁၀။ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း

အဖွဲ့အစည်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းသည် အဖွဲ့၏အခြေခံမူဝါဒဖြစ်သည်နှင့်အညီ အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်ချက်အားလုံးသည် ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များ နှင့်အညီ သို့မဟုတ် ဤဖွဲ့စည်းပုံအခြေခံမူနှင့်အညီ ပေါ်ပေါက်လာသော မူဝါဒများ သို့မဟုတ် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ နှင့်အညီ ဖြစ်ရမည်။ အဖွဲ့အစည်းသည် မူဝါဒရေးဆွဲရာတွင်လည်းကောင်း အုပ်ချုပ်ရာတွင်လည်းကောင်း၊ အရေးယူရာတွင်လည်းကောင်း အဖွဲ့အစည်း၏ရည်ရွယ်ချက်နှင့် အခြေခံမူများနှင့်အညီ အလေး ဂရုပြုဆောင်ရွက်ရမည်။

မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်၊ ရည်ရွယ်ချက်၊ စံတန်ဖိုးကျင့်ဝတ်များ

၁၁။ မြန်မာ့သစ်ခွ၏ မျှော်မှန်းချက် (Vision)

မြန်မာ့သစ်ခွ၏ မျှော်မှန်းချက်များမှာ-

(က) စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် လူမှုရေး သာတူညီမျှမှုတို့နှင့်အတူ ဟန်ချက်ညီညီဖြင့် ဖွံ့ဖြိုးတိုးတက်ပြီး သဟဇာတရှိသော သာယာဝပြော သော မြန်မာ့အနာဂတ်မျိုးဆက်၏ အရင်းအမြစ်များအားလုံးသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရမည်။

(ခ) ဇီဝမျိုးစုံမျိုးကွဲများ ထွန်းကားရာ သဘာဝကမ္ဘာနှင့် လိုက်လျောညီထွေရှိသော လူသားများ၏ စားသုံးမှုသည် ဟန်ချက်ညီညီဖြင့် စဉ်းဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်သို့ ရောက်ရှိရမည်။

(ဂ) ကျွန်ုပ်တို့ကမ္ဘာမြေကြီး၏ သဘာဝအရင်းအမြစ်များကို စဉ်ဆက်မပြတ် စီမံခန့်ခွဲ နိုင်ရန် အနာဂတ်မျိုးဆက်သစ်များအတွက် အမွေအနှစ်တစ်ခုဖြစ်လာစေရမည်။

(ဃ) လူငယ်တိုင်းသည် ၎င်းတို့၏ အခွင့်အလမ်းများကို အပြည့်အ၀ရရှိရန် အခွင့်အရေးရှိပြီး ပိုမိုတရားမျှတပြီး တရားမျှတသော လူ့အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာတစ်ခု ဖြစ်လာစေရမည်။

(င) လူငယ်တိုင်းသည် အရည်အသွေးပြည့်မီသော ပညာရေးကို လက်လှမ်းမီ နိုင်ရမည်ဖြစ်ပြီး ၎င်းတို့အား အတွေးအမြင်နှင့် ထိတွေ့ဆက်ဆံမှုတို့သည် ကမ္ဘာပေါ်တွင် အရေးပါသောကဏ္ဍဖြစ်လာ ရမည်။

၁၂။ မြန်မာ့သစ်ခွ၏ လုပ်ငန်းတာဝန် (Mission)

မြန်မာ့သစ်ခွ၏ လုပ်ငန်းတာဝန်များမှာ-

(က) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုတန်းတူညီမျှမှုတို့ ပေါင်းစပ်ခြင်းဖြင့် သဟဇာတဖြစ်ပြီး ရေရှည်တည်တန့်ခိုင်မြဲနိုင်သော မြန်မာနိုင်ငံကို တည်ဆောက်ရန်နှင့် သာယာဝပြောပြီး သာတူညီမျှသော အနာဂတ်ကို ရရှိလာစေရန်။

(ခ) နိုးဆော်မှု၊ ပညာရေးနှင့် ရေရှည်တည်တံ့သော အလေ့အကျင့်များမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ကျန်းမာတည်တန့်သောကမ္ဘာမြေဖြစ်စေရန်။

(ဂ) ရေရှည်တည်တံ့ခိုင်မြဲသော အရင်းအမြစ်စီမံခန့်ခွဲမှုကို မြှင့်တင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်းဖြင့် လူမှုအသိုင်းအဝိုင်းများကို ၎င်းတို့၏ပတ်ဝန်းကျင်၏ ကောင်းကျိုးများကို သိရှိစေရန်။

(ဃ) လူငယ်များအား ၎င်းတို့၏အသိုင်းအဝိုင်းနှင့် ကမ္ဘာပေါ်တွင် အပြောင်းအလဲ ပြုလုပ်သူများ ဖြစ်လာစေရန် လိုအပ်သည့် ကျွမ်းကျင်မှုများ၊ အရင်းအမြစ်များနှင့် အခွင့်အလမ်းများ ကို ပံ့ပိုးပေးခြင်းဖြင့် လူငယ်တို့၏စွမ်းအားကို ဖော်ထုတ်ရန်။

(င) ပညာရေးကွာဟချက်ကို ပေါင်းကူးရန်နှင့် လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာကြီးတွင် ဆက်လက်ရှင်သန်ကြီးထွားရန် အသိပညာ၊ ကျွမ်းကျင်မှုနှင့် တန်ဖိုးများကို ဖြည့်ဆည်းပေးသည့် အရည်အသွေးပြည့်မီသော ပညာရေးမှတဆင့်လူငယ်များကို ခွန်အား ဖြစ်စေရန်။


၁၃။ မြန်မာ့သစ်ခွ၏ ရည်ရွယ်ချက် (Objectives)

မြန်မာ့သစ်ခွ၏ ရည်ရွယ်ချက်များမှာ-

(က) မြန်မာနိုင်ငံအနှံ့အပြားရှိ မတူကွဲပြားသော ဂေဟစနစ်များ၊ သဘာဝအရင်းအမြစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်း စောင့်ရှောက်ပြီး ပြန်လည်ထူထောင်ရန်။

(ခ) မြန်မာနိုင်ငံရှိ သဘာဝအရင်းအမြစ်များ၏ ရေရှည်တည်တံ့ရေးကို သေချာစေရန် ရေရှည်တည်တံ့သော သယံဇာတစီမံခန့်ခွဲမှုနှင့် အသုံးချမှုကိုမြှင့်တင်ရန်။

(ဂ) လူ့အသိုင်းအဝိုင်းများကို Eco-friendly အလေ့အကျင့်များ ချမှတ်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြိုးပမ်းမှုများတွင် တက်ကြွစွာ ပါဝင်သူများ ဖြစ်လာစေရန် တွန်းအားပေးရန်။

(ဃ) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အများပြည်သူ သိရှိနားလည်မှု မြှင့်တင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးယဉ်ကျေးမှုကို မြှင့်တင်ရန်။

(င) နိုင်ငံတော်နှင့် ဒေသအဆင့်တွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် မူဝါဒများနှင့် လှုပ်ရှားမှုများ၊ ကျင့်ထုံးများကို ထောက်ခံအားပေးရန်။

(စ) တက်ကြွပြီး အရေးကိစ္စများတွင် ပါဝင်ပတ်သက်သော နိုင်ငံ့သားကောင်းများဖြစ်လာစေရန် လူငယ်များအား လိုအပ်သည့် ကျွမ်းကျင်မှု၊ ဗဟုသုတနှင့် အရင်းအမြစ်များ ဖြည့်ဆည်းပေးရန်။

(ဆ) အဓိပ္ပာယ်ပြည့်ဝသော ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်များတွင် လူငယ်များအတွက် ပါဝင်ရန် အခွင့်အလမ်းများ ရရှိလာစေရန်။

(ဇ) လူငယ်ခေါင်းဆောင်များအကြား ၎င်းတို့၏ အကျိုးသက်ရောက်မှုကို ချဲ့ထွင်ရန်နှင့် အပြုသဘောဆောင်သော အပြောင်းအလဲများ ဖန်တီးရန် လူငယ်ခေါင်းဆောင်များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ကွန်ရက်ချိတ်ဆက်မှုကို မြှင့်တင်ရန်။

(ဈ) လူမှုအသိုင်းအဝိုင်းနှင့် နိုင်ငံတော်အတွက် ရင်ဆိုင်နေရသော စိန်ခေါ်မှုများအတွက် ဆန်းသစ်တီထွင်သော ဖြေရှင်းနည်းများကို ဖော်ဆောင်ရန် လူငယ်များအား စွမ်းအားမြှင့်ပေးရန်။

(ည) လူငယ်တို့၏ နောက်ခံ သို့မဟုတ် လူမှုစီးပွားရေး အခြေအနေ မည်သို့ပင်ရှိစေကာမူ လူငယ်တိုင်းအတွက် အရည်အသွေးနှင့် အရာအားလုံးပါဝင်သော ပညာရေးကို မြှင့်တင်ရန်။

(ဋ) ဘဝတစ်သက်တာသင်ယူမှုကို မြှင့်တင်ပြီး ပညာရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများရရှိရန် လူငယ်များအား တွန်းအားပေးရန်။

(ဌ) လူငယ်များ၏ ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ ပြဿနာဖြေရှင်းနိုင်မှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့ဖြင့် ၂၁ ရာစု၏ပြဿနာများကို အဖြေရှာပြင်ဆင်နိုင်ရန် တွန်းအားပေးရန်။

(ဍ) လူငယ်များကြားတွင် ပရဟိတစိတ်ဓာတ် ယဉ်ကျေးမှုကို ပြုစုပျိုးထောင်ပြီး ၎င်းတို့၏ လူမှုအသိုက်အဝန်းအား ပြန်လည်ကူညီရန်နှင့် ၎င်းတို့အလေးထားသော အကြောင်းတရားများကို ပံ့ပိုးကူညီလာရန် ခွန်အားပေးခြင်း။

၁၄။ မြန်မာ့သစ်ခွ၏ စံတန်ဖိုး (Core Values)

မြန်မာ့သစ်ခွ၏ အဓိကစံတန်ဖိုးများမှာ-

(က) လက်ရှိနှင့် အနာဂတ်မျိုးဆက်သစ်များအကျိုးအတွက် မြန်မာ့သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် ကျွန်ုပ်တို့ ကတိပြုပါသည်။

(ခ) ကျွန်ုပ်တို့သည် အပြုသဘောဆောင်သော ပြောင်းလဲမှုများကို ဖန်တီးရန် လူငယ်များ၏ စွမ်းအားကို ယုံကြည်ပြီး ၎င်းတို့၏ အလားအလာရှိသော ဆောင်ရွက်ချက်များ အပြည့်အ၀ရောက်ရှိစေရန် ၎င်းတို့အား ခွန်အားဖြစ်စေရန် ဆောင်ရွက်ပါမည်။

(ဂ) ကျွန်ုပ်တို့သည် လူငယ်များအား အောင်မြင်ရန် လိုအပ်သော အသိပညာ၊ ကျွမ်းကျင်မှုနှင့် တန်ဖိုးထားမှုများကို ဖြည့်ဆည်းပေးသည့် အရည်အသွေးရှိသော ပညာရေးကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပါမည်။

(ဃ) မိမိတို့၏ရပ်ရွာနှင့်နိုင်ငံတော်တိုးတက်ရေး အတွက် အထောက်အကူပြုသော တက်ကြွသောနိုင်ငံသားများဖြစ်လာစေရန် လူငယ်များအား ကျွန်ုပ်တို့ တိုက်တွန်းပါမည်။

(င) မြန်မာနိုင်ငံရင်ဆိုင်နေရသော စိန်ခေါ်မှုများအတွက် အဖြေရှာရန် လူငယ်များအကြား ဆန်းသစ်တီထွင်မှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ယဉ်ကျေးမှုကိုမွေးမြူရန် ကျွန်ုပ်တို့ တွန်းအားပေးပါသည်။

(စ) ကျွန်ုပ်တို့သည် ပူးပေါင်းဆောင်ရွက်မှု၏စွမ်းအားကိုယုံကြည်ပြီး လူငယ် ခေါင်းဆောင်များနှင့် ချိတ်ဆက်ကာ အတူတကွလုပ်ဆောင်နိုင်ရန်နှင့် အခွင့်အလမ်းများဖန်တီးရန် ကျွန်ုပ်တို့ ကြိုးပမ်းပါမည်။

(ဆ) လူမှုတရားမျှတမှုနှင့် သာတူညီမျှမှုကို မြှင့်တင်ခြင်းကို အားပေးကူညီရန် ကျွန်ုပ်တို့ ကတိပြုပါသည်။

(ဇ) မြန်မာနိုင်ငံရှိ ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များကို လေးစားတန်ဖိုးထားပြီး လူငယ်များအား စွမ်းဆောင်နိုင်စေရန် ကျွန်ုပ်တို့၏ လုပ်ငန်းများတွင် ပေါင်းစပ်ထည့်သွင်းထားပါမည်။

(ဈ) ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုကို လျော့နည်းစေပြီး ကျွန်ုပ်တို့၏အဖွဲ့အစည်း၏ရေရှည်တည်တံ့နိုင်မှုကို သေချာစေမည့် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သောပုံစံဖြင့် လည်ပတ်ရန် ကျွန်ုပ်တို့ကတိပြုပါသည်။

၁၅။ မြန်မာ့သစ်ခွ၏ ကျင့်ဝတ် (Ethics)

မြန်မာ့သစ်ခွ၏ ကျင့်ဝတ်များမှာ-

(က) စေတနာ့ဝန်ထမ်းများသည် အဖွဲ့အစည်း၊ ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့် ၎င်းတို့တာဝန်ထမ်းဆောင်နေသော နိုင်ငံတော်၊ ရပ်ရွာများနှင့် အပြန်အလှန်ဆက်ဆံမှုတိုင်းတွင် ရိုးသားဖြောင့်မှန်သော ကျင့်ဝတ်ရှိရမည်။

(ခ) စေတနာ့ဝန်ထမ်းများသည် ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့် မတူညီသော အတွေ့အကြုံများ၊ ၎င်းတို့၏ ယဉ်ကျေးမှုများနှင့် နောက်ခံအကြောင်းအရာများကို လေးစားရမည်။

(ဂ) စေတနာ့ဝန်ထမ်းများသည် လူငယ်များ၏ လိုအပ်ချက်များနှင့် စိန်ခေါ်မှုများကို စာနာနားလည်မှုရှိရမည်။

(ဃ) စေတနာ့ဝန်ထမ်းများသည် ၎င်းတို့၏ လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို အဂတိမလျှော်ဩဇာမသုံးခြင်းဖြင့် ကတိကဝတ်ရယူပြီး အရည်အသွေးမြင့်သော လုပ်ငန်းဆောင်ရွက်ချက်များကို ပေးအပ်ရန် ကြိုးပမ်းရမည်။

(င) စေတနာ့ဝန်ထမ်းများသည် ၎င်းတို့အား အပ်နှင်းထားသည့် အချက်အလက်များ၏ လျှို့ဝှက်ချက်ကို လေးစားရမည်။

(စ) စေတနာ့ဝန်ထမ်းများသည် အတွေးအမြင်သစ်များနှင့် အမြင်သစ်များကို ဖွင့်ဟပြီး အခြားသူများထံမှ သင်ယူလိုစိတ်ရှိရမည်။

(ဆ) စေတနာ့ဝန်ထမ်းများသည် လိုအပ်သည့်အခါတွင် လမ်းညွှန်မှုနှင့် ပံ့ပိုးကူညီမှုများကို ရယူလိုစိတ်ရှိရမည်။

(ဇ) စေတနာ့ဝန်ထမ်းများသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြောင်းလဲမှုဖြစ်စဉ်များအပေါ် စိတ်ရှည်သည်းခံရမည်။

(ဈ) စေတနာ့ဝန်ထမ်းများသည် ၎င်းတို့၏လုပ်ငန်းကို ကတိကဝတ်ပြုသင့်ပြီး စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အရှုံးမပေးရ။

(ည) စေတနာ့ဝန်ထမ်းများသည် လူမှုအဖွဲ့အစည်းပတ်ဝန်းကျင်အတွက် အခြားလိုအပ်ချက်များလိုအပ်လာပါက မိမိတို့၏ရှေ့တွင် ဦးစားပေးထားသင့်ပြီး ကမ္ဘာပေါ်တွင် အပြုသဘောဆောင်သော ခြားနားချက်တစ်ခုကို ဖန်တီးလိုသောဆန္ဒဖြင့် ဆောင်ရွက်ပေးရမည်။

အခန်း (၃) - အဖွဲ့ဝင်ခြင်း

အဖွဲ့ဝင်ဖြစ်ခြင်း

၁၆။ အဖွဲ့ဝင်တစ်ဦးတွင်ရှိရမည်အရည်အချင်းသတ်မှတ်ချက် 

(က) လူပုဂ္ဂိုလ်တစ်စုံတစ်ယောက်သည် အဖွဲ့ဝင်အဖြစ် ပါဝင်လိုသောအခါ၊

(၁) အသက် ၁၄ နှစ်နှင့်အထက်ဖြစ်ရမည်။

(၂) အဖွဲ့အစည်းဂုဏ်သိက္ခာကို စော်ကားသူမဖြစ်စေရ။

(၃) တည်ဆဲဥပဒေအရ တရားစွဲဆိုခြင်းခံထားရသူမဟုတ်စေရ။

(၄) အဖွဲ့အစည်းက ထုတ်ပြန်ထားသော မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဟု ကတိကဝတ်ပြုရမည်။ 

(၅) လူမျိုးရေးခွဲခြားသူ မဖြစ်ရ။

(၆) အခြားအဖွဲ့အစည်း သို့မဟုတ် မြန်မာ့သစ်ခွတွင် အမည်ပျက်စာရင်းသွင်းခံထားရသူ မဖြစ်စေရ။

(၇) စေတနာ့ဝန်ထမ်း (ဗော်လန်တီယာ) လုပ်ရန် စိတ်အားထက်သန်မှု၊ ယုံကြည်စိတ်ချရမှု၊ လူမှုဆက်ဆံရေးကောင်းမွန်မှု၊ စိတ်ရှည်သည်းခံမှု၊ တီထွင်ဖန်တီးစမ်းသစ်မှု၊ တက်ကြွမှု၊ အပြုသဘောဆောင်မှု၊ ကူညီလိုစိတ်၊ စာနာစိတ် စသည့်အရည်အချင်း ရှိသူဖြစ်ရမည်။

(၈) အခြား လုပ်ငန်းသတ်မှတ်ချက်အလိုက် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ သို့မဟုတ် ၎င်းတာဝန်ပေးသော လူ့အရင်းအမြစ်ဆိုင်ရာဌာနမှ ထုတ်ပြန်သည့် အခြားအရည်အချင်း များရှိသူဖြစ်ရမည်။ 

(ခ) အဖွဲ့ဝင်အဖြစ် အတည်ပြုခြင်းခံရပြီးနောက် အောက်ပါအချက် တစ်ခုခုနှင့် ငြိစွန်းလျှင် အဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ-

(၁) သာသနာ့ဝန်ထမ်းအဖြစ်သို့ အမြဲတမ်းကူးပြောင်းသွားခြင်း၊

  • ဗုဒ္ဓဘာသာဝင်များအတွက်ဖြစ်လျှင် ဗုဒ္ဓဘာသာသာသနာ့ဝန်ကို ထမ်းရွက်နေသော ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ မယ်သီလ၊

ရှင်းလင်းချက်။ သာသနာ့ဝန်ထမ်းဟု ဆိုရာတွင် သာသနာရေးဆိုင်ရာ ရဟန်း သို့မဟုတ် သာသနာ့ ဝန်ထမ်းအဖြစ် ခေတ္တခံယူထားသူများနှင့် မသက်ဆိုင်စေရ။

  • ခရစ်ယာန်ဘာသာဝင်များအတွက်ဖြစ်လျှင် ခရစ်ယာန်သာသနာ့ဝန်ကို ထမ်းဆောင်ရန် အဓိကအားဖြင့် မိမိကိုယ်ကို ဆက်ကပ်ပြီးသော ပုဂ္ဂိုလ်ဟု သက်ဆိုင်ရာ ခရစ်ယာန်အသင်းတော်ကြီးများ (Churches) က အသိအမှတ်ပြု၍ သိက္ခာပေးထားခြင်းခံရသော သို့မဟုတ် တာဝန်ပေးထားခြင်း ခံရသော ပုဂ္ဂိုလ်များနှင့် မိမိတို့ကိုးကွယ်ရာဘာသာအရ ဂိုဏ်းချုပ်၏ အုပ်ချုပ်ခြင်းကို ဆန္ဒအလျောက် လက်ခံ၍ ဘာသာရေးစည်းမျဉ်း သို့မဟုတ် အဓိဋ္ဌာန်ပြုချက်ဖြင့် စည်းရုံးထားသော ပုဂ္ဂိုလ်တစ်စုတွင် သို့မဟုတ် အဖွဲ့အစည်းတွင် ပါဝင်သော ပုဂ္ဂိုလ်များ၊
  • ဟိန္ဒူဘာသာဝင်များအတွက်ဖြစ်လျှင် စံယာစီ၊ မဟန့် သို့မဟုတ် ဟိန္ဒူဘုန်းတော်ကြီးများ။

(၂) စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခံရခြင်း၊

(၃) လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာခံရခြင်း၊

(၄) တည်ဆဲဥပဒေတစ်ရပ်ရပ် အရ ထောင်ဒဏ်ကျခံရခြင်း၊

(၅) သက်ဆိုင်ရာမူဝါဒအရ အဖွဲ့ဝင်အဖြစ်မှ ရပ်စဲသွားကြောင်း သတ်မှတ်ခံရခြင်း၊

(၆) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ သို့မဟုတ် လူ့အရင်းအမြစ်ဆိုင်ရာဌာနက နုတ်ထွက်ခွင့်ပြုခြင်း၊

(၇) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသော အထောက်အထားရှိသည်ဟု သက်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ခံရခြင်း၊

၁၇။ အဖွဲ့ဝင်အဖြစ်လျှောက်ထားခြင်း 

(က) အဖွဲ့ဝင်လျှောက်လွှာပုံစံအား အချက်အလက်ပြည့်စုံစွာ တောင်းခံပြီး ၎င်းအတွက် အသေးစိတ်ကို သက်ဆိုင်ရာမူဝါဒတွင် ထုတ်ပြန်ရမည်။

(ခ) လျှောက်ထားလိုသောအဖွဲ့ဝင်များသည် လိုအပ်သောအချက်အလက်များကို ဖြည့်သွင်း၍ အဖွဲ့ဝင်စီစစ်ရွေးချယ်ရေးကော်မတီ၏ ပြန်စာကိုစောင့်ကြည့်ရမည်။

(ဂ) အဖွဲ့ဝင်လျှောက်လွှာပုံစံဖြင့် လျှောက်ထားလာသော အဖွဲ့ဝင်လောင်းများကို 

(၁) အဖွဲ့ဝင်စီစစ်ရွေးချယ်ရေးကော်မတီက ၎င်းတို့၏အဖွဲ့ဝင်လျှောက်လွှာပုံစံ အခြေအနေများ ကိုကြည့်၍ အင်တာဗျူးခေါ်ယူခြင်း၊

(၂) အင်တာဗျူးတွင် အဖွဲ့ဝင်လောင်းများ၏အခြေအနေများပေါ်မူတည်၍ အလုပ်အစမ်း ခန့်ထားခြင်း၊ အစမ်းကာလကို လေ့ကျင့်ရေးကာလ (၁)လ အပါအဝင် အစမ်းခန့်ကာလကို (၃)လ အဖြစ်သတ်မှတ်သည်။ ၎င်းအစမ်းခန့်ကာလပြီးမြောက်ပါက အဖွဲ့ဝင်၏ဌာနအကြီးအကဲနှင့် လူ့အရင်းအမြစ်ဆိုင်ရာဌာနမှ စိစစ်အကဲဖြတ်ပြီး တရားဝင်အတည်ပြုခန့်အပ်ခြင်းပြုရမည်။

(၃) အစမ်းခန့်အဖွဲ့ဝင်များကို အဖွဲ့လုပ်ငန်းခွင်မိတ်ဆက်ခြင်းများပြုလုပ်ပြီး အတည်ခန့်အပ်ခြင်း၊ တို့ကို စနစ်တကျ ဆောင်ရွက်ပြီး ကျန်လုပ်ထုံးလုပ်နည်းစည်းကမ်းများကို သက်ဆိုင်ရာမူဝါဒတွင် ထုတ်ပြန်ရမည်။

၁၈။ အဖွဲ့ဝင်အဖြစ်အတည်ပြုခြင်း 

(က) စာပိုဒ်အမှတ် (၁၇)၊ စာပုဒ်ခွဲ (ဂ)၊ စာပိုဒ်ခွဲငယ် (၃) အရအစမ်းခန့် အဖွဲ့ဝင်များကို အတည်ပြုခန့်အပ်ရာတွင် ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံးမှ ကြေညာချက်ဖြင့်အတည်ပြု၍ လူ့အရင်းအမြစ်ဆိုင်ရာဌာနမှ သက်ဆိုင်ရာရာထူးအားခန့်အပ်ကြေညာချက်၊ အဖွဲ့ဝင်အသိအမှတ်ပြုလက်မှတ်၊ အဖွဲ့ဝင်မှတ်ပုံတင်ကဒ်တို့ကို ထုတ်ပြန်ပေးရမည်။

(ခ) ၎င်းနောက် သက်ဆိုင်ရာဌာနအလုပ်ခွင်သို့မိတ်ဆက်ပေး၍ လုပ်ငန်းဆောင်တာများကို ခွဲဝေ ပေးအပ်ရမည်။ 

(ဂ) အခြားလိုအပ်သော အဖွဲ့ဝင်အတည်ပြုရန် လိုအပ်ချက်များကို လူ့အရင်းအမြစ်ဆိုင်ရာဌာနမှ အခြားဌာနများနှင်ပူပေါင်းဆောင်ရွက်နိုင်သည်။ 

အဖွဲ့ဝင်များ၏အခွင့်အရေး၊ ကျင့်ဝတ်နှင့် တာဝန်

၁၉။ အဖွဲ့ဝင်များ၏အခွင့်အရေး 

အဖွဲ့ဝင်အားလုံးတွင်

(က) အဖွဲ့ဝင်တိုင်း တန်းတူညီမျှခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို၊ ရေးသားဖြန့်ဝေခွင့်။

(ခ) အဖွဲ့အစည်းနှင့်ပတ်သက်သော အချက်အလက်များကို သိရှိပိုင်ခွင့်၊ လမ်းညွှန်ချက်ရယူပိုင်ခွင့်၊ မည်သူ့ကို တာဝန်ခံရမည်ကို သိရှိခွင့်၊  ပံ့ပိုးကြီးကြပ်ခြင်းကိုရယူခွင့်။

(ဂ) ၎င်းတို့၏ အလုပ်အပေါ် သက်ရောက်မှုရှိသော မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ အချက်အလက်ကို သိရှိပိုင်ခွင့်။

(ဃ) ခေါင်းပုံဖြတ်ခံရသည်ဟု ခံစားရပါက ဖော်ထုတ်ပြောဆိုပိုင်ခွင့်၊ မူပိုင်ခွင့်။

(င) အဖွဲ့မှလိုအပ်သည့် အဖွဲ့အစည်းပိုင် ပစ္စည်းများကို ထုတ်ယူသုံးစွဲပိုင်ခွင့်၊ နှင့် အဖွဲ့နှင့်ပတ်သက်သော မိမိကိုယ်ပိုင်ငွေမှ အသုံးစရိတ်များအားလုံးအတွက် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် ဘဏ္ဍာရေးဌာနမှ ပြန်လည်ရထိုက်သည်ဟု စဉ်းစားဆုံးဖြတ်လျှင် ပြန်လည်ရယူပိုင်ခွင့်။

(စ) ကျန်းမာပြီး ဘေးကင်းသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ရရှိခွင့်။

(ဆ) ၎င်းတို့နှင့် ၎င်းတို့၏ လုပ်ငန်းကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်စေမည့် ကိစ္စရပ်များကို အသိပေးရမည့် အခွင့်အရေး။

(ဇ) အဖွဲ့အစည်း အရာရှိများအဖြစ် ခန့်အပ်ခံပိုင်ခွင့်၊ အဖြစ်ရွေးချယ်ခံပိုင်ခွင့် နှင့် ရွေးချယ်မဲပေးပိုင်ခွင့် ၊နှင့် အထွေထွေအစည်းအဝေး တွင်ပါဝင် မဲပေးပိုင်ခွင့်။

(ဈ) အခြားအဖွဲ့အစည်းများက စီစဉ်ကျင်းပသည့် အခမ်းအနားပွဲများ၊ အစည်းအဝေးများ စသည်တို့တွင် ဥက္ကဋ္ဌ သို့မဟုတ် နာယကအဖွဲ့ သို့မဟုတ် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကိုယ်စားလှယ်အဖွဲ့၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဖွဲ့အစည်းကို ကိုယ်စားပြုခွင့်။

(ည) ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဆက်သွယ်ရေးဥပဒေ (၂၀၁၃)၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ (၂၀၁၇)၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (၂၀၀၄)၊ အခြားပြည်ထောင်စု၊ ပြည်နယ်၊ ဒေသန္တရ ဥပဒေများ နှင့်အညီ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက် နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူထိန်းသိမ်းဆောင်ရွက်ခြင်းကို ရရှိခွင့်နှင့် အထက်ပါဥပဒေများအရ အခြားအခွင့်အရေးများ။ 

တို့ကိုရရှိရမည်။

၂၀။ အဖွဲ့ဝင်များ၏ကျင့်ဝတ် 

မြန်မာ့သစ်ခွအဖွဲ့ အဖွဲ့ဝင်များ၏ ကျင့်ဝတ်များမှာ

(က) ပတ်ဝန်းကျင်နှင့် သက်ရှိအားလုံးအပေါ် မထိခိုက်စေရန်နှင့် ၎င်းတို့အပေါ်လေးနက်သော လေးစားမှုရှိရမည်။

(ခ) ပတ်ဝန်းကျင်ကို အမှိုက်ကင်းစင်စေရန် အမှိုက်မပစ်ရန် အခြေခံမူများအားလုံးကို လိုက်နာရမည်။

(ဂ) ဒေသအလိုက်၏ ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာရမည်။

(ဃ) အဖွဲ့အစည်း၊ လုပ်ဖော်ကိုင်ဖက်နှင့် ရပ်ရွာလူထုများနှင့် အပြန်အလှန်ဆက်ဆံမှုတိုင်းတွင် ဖြောင့်မတ်ရိုးသားမှုဖြင့် ဆောင်ရွက်ရမည်။

(င) ထိတွေ့ဆက်ဆံမှုတိုင်းတွင် သစ္စာရှိပြီး ပွင့်လင်းမြင်သာမှုရှိရမည်။

(စ) လျှို့ဝှက်အချက်အလက်များကို လျှို့ဝှက်ထားရမည်။

(ဆ) အဖွဲ့အစည်း၏ အချိန်နှင့် အရင်းအမြစ်များကို လေးစားရမည်။

(ဇ) အဖွဲ့အစည်း၏လိုအပ်ချက်များနှင့် လူ့အဖွဲ့အစည်းများကို ရှေ့တန်းတင်ထားရှိရမည်။

(ဈ) အတွေးသစ်များနှင့် အမြင်သစ်များကို ပွင့်လင်းစွာလုပ်ဆောင်ပြီး အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်လိုစိတ်ရှိရမည်။

(ည) အခြားသူများ၏ အတွေးအမြင်တွေကို နားထောင်ရမည်။

(ဋ) လက်တွဲလုပ်ကိုင်နေသူများ၏ ကွဲပြားခြားနားမှုကို လေးစားရမည်။

(ဌ) အခြားသူများနှင့် ကောင်းမွန်သောပေါင်းသင်းဆက်ဆံရေး တည်ဆောက်ပြီး ဘုံလုပ်ငန်းတာဝန်များ အောင်မြင်ရန် အတူတကွ လုပ်ဆောင်ရမည်။

(ဍ) မိမိ၏ တာဝန်များအတွက် တာဝန်ယူပြီး မိမိ၏အလုပ်များကို ပိုင်ပိုင်နိုင်နိုင်လုပ်ဆောင် ရမည်။

(ဎ) လုပ်ငန်းသတ်မှတ်ရက်တွင် ပြည့်မီပြီးမြောက်ပြီး မိမိ၏ တာဝန်ကတိကဝတ်များကို လိုက်နာရမည်။

(ဏ) လိုအပ်သည့်အခါ အကူအညီတောင်းလိုစိတ်ရှိရမည်။

(တ) ကိုယ်ကျိုးမဖက်ဘဲ ပတ်ဝန်းကျင်၏လိုအပ်ချက်များနှင့် ရပ်ရွာလူထုကို ရှေ့တန်းတင် ထားရမည်။

(ထ) စေတနာ့ဝန်ထမ်းများမရှိပါက ဤအဖွဲ့အစည်းများသည် ၎င်းတို့၏ အရေးကြီးလုပ်ငန်းများကို လုပ်နိုင်မည်မဟုတ်ပေ။

(ဒ) စေတနာ့ဝန်ထမ်းလုပ်ခြင်းသည် အကျိုးရှိသောအတွေ့အကြုံဖြစ်သည်။

(ဓ) စေတနာ့ဝန်ထမ်းနယ်ပယ်အကြောင်း စာအုပ်များနှင့် ဆောင်းပါးများကို ဖတ်ရှုရမည်။

(န) ကျွမ်းကျင်သူများနှင့် ဆွေးနွေးပြီး ၎င်းတို့၏ အတွေ့အကြုံများမှ သင်ယူရမည်။

(ပ) မိမိအသိပညာကို အခြားသူများထံ မျှဝေရမည်။

(ဖ) အလုပ်ကြိုးစားပြီး ခြားနားမှုတစ်ခုကို ဖန်တီးရန် ပြင်ဆင်ထားခြင်းလည်း ရှိရမည်။

၂၁။ အဖွဲ့ဝင်များ၏တာဝန် 

မြန်မာ့သစ်ခွအဖွဲ့ဝင်များ၏ တာဝန်များမှာ

(က) မြန်မာ့သစ်ခွ၏ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်၊ ရည်ရွယ်ချက်၊ တန်ဖိုးကျင့်ဝတ်များကို ပြည့်မြောက်အောင်မြင်ရန် လိုက်နာဆောင်ရွက်ရမည်။

(ခ) အဖွဲ့ဝင်များ၏ကျင့်ဝတ်များကို တသွေမတိမ်းလိုက်နာရမည်။ 

(ဂ) အဖွဲ့အစည်း၏ တာဝန်ရှိသူများ၏ ညွှန်ကြားချက်ကို လိုက်နာရမည်။ 

(ဃ) သစ်ပင်စိုက်ပျိုးခြင်း၊ အမှိုက်ရှင်းလင်းခြင်း၊ တောရိုင်းတိရစ္ဆာန်များကို ကာကွယ် စောင့်ရှောက်ခြင်း သို့မဟုတ် ၎င်းနေထိုင်ရာနေရာများ ပြန်လည်ထူထောင်ခြင်းတို့တွင် ပါဝင်ရမည်။

(င) ရပ်ရွာ၊ လူကြီးများ၊ ကလေးသူငယ်နှင့် လူငယ်များအား ပြန်လည်အသုံးပြုခြင်းအကြောင်း သင်ကြားပေးခြင်း၊ ရာသီဥတုပြောင်းလဲမှုအကြောင်း ပညာပေးရမည်။

(စ) သဘာဝပတ်ဝန်းကျင်နှင့် လူငယ်ရေးရာကိစ္စရပ်များနှင့် ပက်သက်၍ ရွေးကောက်ခံအရာရှိများထံ စာရေးခြင်း၊ လူထုကြားနာပွဲများတက်ရောက်ခြင်း သို့မဟုတ် ဆန္ဒဖော်ထုတ်ခြင်းတို့တွင် ပါဝင်နိုင်သည်။

(ဆ) စေတနာ့ဝန်ထမ်းလုပ်ဆောင်ခြင်း၊ ငွေလှူဒါန်းခြင်း သို့မဟုတ် သဘာဝပတ်ဝန်းကျင်နှင့် လူငယ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပညာပေးခြင်းများ ပါဝင်နိုင်သည်။

(ဇ) မတူညီသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအကြောင်း လေ့လာရန်နှင့် ကမ္ဘာမြေကို ကာကွယ်ရန် စိတ်အားထက်သန်သော အခြားသူများနှင့် တွေ့ဆုံဆွေးနွေးပြီး အကောင်းဆုံးနည်းလမ်းကို ဖော်ထုတ်ရှာဖွေနိုင်သည်။

(ဈ) ပတ်ဝန်းကျင်နှင့် ပိုမိုရေရှည်တည်တံ့သော လူနေမှုပုံစံကို နေထိုင်ရန် ကိုယ်ပိုင်ကတိကဝတ်ပြုရမည်။ ၎င်းတွင် ပြန်လည်အသုံးပြုခြင်း၊ မြေဆွေး၊ စွမ်းအင်သုံးစွဲမှုကို လျှော့ချခြင်းနှင့် အသားလျှော့စားခြင်းစသည့် အရာများ ပါဝင်သည်။

(ည) မိမိလုပ်ငန်းဆောင်တာများကို အချိန်မီပြီးမြောက်ရန် ပြင်ဆင်ရမည်။

(ဋ) အဖွဲ့အစည်း၏ပိုင်ဆိုင်မှုနှင့် အရင်းအမြစ်များကို လေးစားမှုရှိရမည်။

(ဌ) အခြားစေတနာ့ဝန်ထမ်းများကို အထောက်အကူပြုပြီး ပူးပေါင်းဆောင်ရွက်ရမည်။

(ဍ) စိတ်ရှည်သည်းခံပြီး နားလည်မှုပေးနိုင်ရနည်။

(ဎ) လေ့လာသင်ယူလိုစိတ်ရှိရမည်။

(ဏ) အပြုသဘောဆောင်ပြီး စိတ်အားထက်သန်မှုရှိရမည်။

(တ) စေတနာ့ဝန်ထမ်းလုပ်ခြင်းသည် လူ့အသိုင်းအဝိုင်းအား ကူညီမှုပေးအပ်ရန်နှင့် အခြားသူများ၏ဘဝတွင် ကောင်းမွန်သော ခြားနားချက်တစ်ခုဖြစ်လာစေရန် နည်းလမ်းကောင်း တစ်ခုဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် မိမိအတွက် ပျော်ရွှင်စရာကောင်းသည့် အတွေ့အကြုံတစ်ခုလည်း ဖြစ်ပါသည်။ 

၂၂။ အဖွဲ့ဝင်များ၏လုပ်ပိုင်ခွင့် 

အဖွဲ့ဝင်များသည် ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၊ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်ဒါရိုက်တာ၊ အထွေထွေအတွင်းရေးမှူး၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ လူ့အရင်းအမြစ်ဆိုင်ရာဌာနနှင့် မိမိ၏ အထက်တာဝန်ရှိသူတို့မှ ခွဲဝေပေးအပ်သော တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးခွင့်ရှိသည်။

၂၃။ ခွဲခြားဆက်ဆံမှုပပျောက်ရေး 

အဖွဲ့ဝင်အချင်းချင်း လူတစ်ယောက်၏ အသက်၊ လိင်၊ လိင်ခံယူမှုစိတ်၊ မသန်စွမ်း၊ အသားအရောင်၊ ဆင်းရဲ၊ ချမ်းသာ၊ လူမျိုး၊ ဘာသာ၊ ယုံကြည်မှု၊ ရောဂါအခံရှိခြင်း၊ ကိုယ်ဝန်ဆောင်မှု၊ နိုင်ငံသား ဖြစ်တည်မှု စသည်တို့ အပေါ်မူတည်၍ ခွဲခြားဆက်ဆံရေးမရှိရေးသည် အဖွဲ့၏ ပင်တိုင်မူဝါဒများထဲမှ တစ်ခုဖြစ်သည်။

၂၄။ အဖွဲ့အတွင်းအုပ်ချုပ်မှု 

အဖွဲ့အစည်း၏ အဖွဲ့ဝင်များအားလုံးသည် အဖွဲ့အစည်း၏ ဖွဲ့စည်းပုံအခြေခံမူကို လိုက်နာရန်နှင့် အဖွဲ့အစည်း၏ သတ်မှတ်ထားသည့် မူဝါဒများ၊ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် တာဝန်ရှိသည်။ ဖွဲ့စည်းပုံအခြေခံမူနှင့် အဖွဲ့အစည်းမူဝါဒများကို ဖောက်ဖျက်ကျူးလွန်သော အဖွဲ့ဝင်များသည် စည်းကမ်းပိုင်းဆိုင်ရာနှင့်ပက်သက်၍ အရေးယူခံရမည်ဖြစ်သည်။

အဖွဲ့ဝင်အဖြစ်မှနှုတ်ထွက်ခြင်း၊ ရပ်စဲခြင်းနှင့် ထုတ်ပယ်ခြင်း

၂၅။ အဖွဲ့ဝင်အဖြစ်မှနှုတ်ထွက်ခြင်း 

အဖွဲ့မှ နှုတ်ထွက်လိုသော အဖွဲ့ဝင်များသည်

(က) နှုတ်ထွက်စာကို သီတင်းပတ် (၂) ပတ်အလိုတွင် လူ့အရင်းအမြစ်ဆိုင်ရာဌာနကိုတင်ပြပြီး နှုတ်ထွက်စာတင်ထားသည်ကို တင်လျှင်တင်ချင်းတွင် မိမိသက်ဆိုင်ရာဌာနသို့ အသိပေးရမည်။

(ခ) လူ့အရင်းအမြစ်ဆိုင်ရာဌာနမှ ခွင့်ပြုစာရရှိလာပါက ခွင့်ပြုစာပါ နှုတ်ထွက်ရမည့်နေ့ရက်မှသာ နှုတ်ထွက်ရမည်။ 

(ဂ) မိမိရာထူးနေရာသို့ဝင်ရောက်မည့် နောက်လူအား မိမိလုပ်ငန်းတာဝန်နှင့်ပက်သက်၍  သဘောတရား ရှင်းပြပေးရမည်။ 

(ဃ) အဖွဲ့တွင်း လုပ်သက် (၃)လအောက်လျော့နည်းပါက လူအစားထိုးခြင်းနှင့် မူဝါဒပါ လိုအပ်သည့် အရေးယူမှုကိုခံယူရမည်။

(င) အခြားလိုအပ်သော ကျန်လုပ်ထုံးလုပ်နည်းစည်းကမ်းများကို သက်ဆိုင်ရာမူဝါဒတွင် ထုတ်ပြန်ရမည်။ 

၂၆။ ရာထူးမှနှုတ်ထွက်ခြင်းနှင့်အခြားရာထူးအားရယူခြင်း 

နာယကအဖွဲ့ဝင်များနှင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ၏ ဒါရိုက်တာ၊ အကြီးအကဲရာထူးများမှလွဲ၍ အဖွဲ့ဝင်များသည် အဖွဲ့အစည်းအတွင်းရာထူး တစ်ခုကိုသာလုပ်ပိုင်ခွင့်ရှိသည်။ ၎င်းရာထူးမှ နှုတ်ထွက်လိုပါက ရာထူးမှနုတ်ထွက်ကြောင်း အသိပေးစာကို လူ့အရင်းအမြစ်ဆိုင်ရာဌာန၊ ၎င်း၏ အဖွဲ့ခေါင်းဆောင်နှင့် ဒါရိုက်တာများထံ အကြောင်းကြားရမည်။ ၎င်းရာထူးများမှ နှုတ်ထွက်ပြီး အခြားရာထူးကိုထမ်းဆောင်လိုပါက လူ့အရင်းအမြစ်ဆိုင်ရာဌာနနှင့် သက်ဆိုင်ရာဌာန ဒါရိုက်တာ သို့မဟုတ် အရာရှိများကို အသိပေး အကူအညီတောင်းဆောင်ရွက်ရမည်။ အခြားလိုအပ်သော ကျန်လုပ်ထုံးလုပ်နည်းစည်းကမ်းများကို သက်ဆိုင်ရာမူဝါဒတွင် ထုတ်ပြန်ရမည်။

၂၇။ ရာထူးမှအနားပေးခြင်း 

စာပိုဒ် (၂၁)ပါ ပြဋ္ဌာန်းချက်များအားလိုက်နာမှုမရှိသော အဖွဲ့ဝင်များကို လူ့အရင်းအမြစ်ဆိုင်ရာဌာနသည် အလုပ်အမှုဆောင်ဒါရိုက်တာ၏ အတည်ပြုချက်ဖြင့် ရာထူးမှအနားပေးရန် အခွင့်အရေးရှိစေရမည်။ အခြားလိုအပ်သော လုပ်ထုံးလုပ်နည်းစည်းကမ်းများကို သက်ဆိုင်ရာမူဝါဒတွင် ထုတ်ပြန်ရမည်။ ၎င်းရာထူးမှအနားပေးခံရသောသူသည် ယခင်ရာထူးအောက်ဖြစ်သောအခြားရာထူးကိုသာ ရယူပိုင်ခွင့်ရှိစေရမည်။ လူ့အရင်းအမြစ်ဆိုင်ရာဌာနသည်လည်း ၎င်းနှင့်သင့်တော်မည့်ရာထူးအား လျာထားပေးရမည်။

၂၈။ ရာထူးမှထုတ်ပယ်ခြင်း 

စာပိုဒ် (၁၆)ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိတော့သော သို့တည်းမဟုတ်၊ စာပိုဒ် (၂၀) မှ (၂၄)ပါ ပြဋ္ဌာန်းချက်များအားလိုက်နာမှုမရှိသော သို့တည်းမဟုတ် မလျော်ဩဇာသုံးသော အဖွဲ့ဝင်များကို လူ့အရင်းအမြစ်ဆိုင်ရာဌာန၏ အကြံပြုချက်အရ အလုပ်အမှုဆောင်ဒါရိုက်တာ၏ ထောက်ခံချက်ဖြင့် အဖွဲ့ဥက္ကဋ္ဌသည် သာမာန်ဖြစ်စေ အမည်ပျက်စာရင်းသွင်း၍ဖြစ်စေ ရာထူးမှ ထုတ်ပယ်ရန် အခွင့်အရေးရှိစေရမည်။ အခြားလိုအပ်သော လုပ်ထုံးလုပ်နည်းစည်းကမ်းများကို သက်ဆိုင်ရာမူဝါဒတွင် ထုတ်ပြန်ရမည်။ 

၂၉။ အဖွဲ့ဝင်အဖြစ်မှထုတ်ပယ်ခြင်း

စာပိုဒ် (၁၆)ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိတော့သော သို့တည်းမဟုတ်၊ စာပိုဒ် (၂၀) မှ (၂၄)ပါ ပြဋ္ဌာန်းချက်များအားလိုက်နာမှုမရှိသော အဖွဲ့ဝင်များကို လူ့အရင်းအမြစ်ဆိုင်ရာဌာန၏ အကြံပြုချက်အရ အလုပ်အမှုဆောင်ဒါရိုက်တာ၏ ထောက်ခံချက်ဖြင့် အဖွဲ့ဥက္ကဋ္ဌသည် သာမာန်ဖြစ်စေ အမည်ပျက်စာရင်းသွင်း၍ဖြစ်စေ အဖွဲ့အစည်းမှ ထုတ်ပယ်ရန် အခွင့်အရေးရှိစေရမည်။ အခြားလိုအပ်သော လုပ်ထုံးလုပ်နည်းစည်းကမ်းများကို သက်ဆိုင်ရာမူဝါဒတွင် ထုတ်ပြန်ရမည်။ 

အဖွဲ့ဝင်များ၊ ဌာနများနှင့် အဖွဲ့၏ ရာထူးအင်္ဂါစဉ်

၃၀။ အဖွဲ့ဝင်များ၏ရာထူးအင်္ဂါစဉ်၊ ဖွဲ့စည်းပုံဇယားနှင့် ဌာနမျာ၏ရာထူးအင်္ဂါစဉ်

အဖွဲ့ဝင်များ၏ ရာထူးအင်္ဂါစဉ်၊ ဖွဲ့စည်းပုံဇယားနှင့် ဌာနအဖွဲ့အစည်းများ၏ အင်္ဂါစဉ်များကို ဤဖွဲ့စည်းပုံအခြေခံမူနှင့် သွေဖြည်ခြင်းမရှိစေဘဲ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှကြေငြာပေးရမည်။

အခန်း (၄) - အထွေထွေအစည်းအဝေး

အထွေထွေအစည်းအဝေး 

၃၁။ အထွေထွေအစည်းအဝေး 

(က) အထွေထွေအစည်းအဝေးသည် မြန်မာ့သစ်ခွ၏ အမြင့်ဆုံးဆုံးဖြတ်မှုပြုအဖွဲ့အစည်းဖြစ်သည်။ 

(ခ) အထွေထွေအစည်းအဝေးကို ဤဖွဲ့စည်းပုံအခြေခံမူနှင့်အညီ နာယကအဖွဲ့ဝင်များ၊ ပါဝင်သင့်သောပုဂ္ဂိုလ်များနှင့် မြန်မာ့သစ်ခွအဖွဲ့ဝင်အားလုံးတို့ဖြင့် ဖွဲ့စည်းရမည်။

၃၂။ သဘာပတိ 

(က) သဘာပတိသည် အထွေထွေအစည်းအဝေး အစည်းအဝေးမှူးအကြီးအကဲဖြစ်သည်။

(ခ) မြန်မာ့သစ်ခွ၏ ဒုတိယဥက္ကဋ္ဌသည် သဘာပတိတာဝန်ထမ်းဆောင်ရမည်။ သဘာပတိသည် ၎င်းနေရာ၏ နောက်ဆက်ခံရမည့်သူကို ရွေးချယ်ခြင်းမပြုရသေးမီ (၎င်း၏သက်တမ်းကုန်ဆုံးသော်ငြားလည်း) ဆက်လက်ဆောင်ရွက်ခွင့်ရှိသည်။

(ဂ) အထွေထွေအစည်းအဝေး၏သဘာပတိသည်-

(၁) အထွေထွေအစည်းအဝေးများကိုကြီးကြပ် ကွပ်ကဲရမည်။

(၂) အစည်းအဝေးတွင် အဖွဲ့ဝင်တစ်ဦးဦးမှ အဖွဲ့၏ ဆောင်ရွက်ချက်၊ ဆောင်ရွက်ပြီး 

သို့မဟုတ် ဆောင်ရွက်ဆဲ အကြောင်းအရာတစ်ရပ်ရပ်နှင့် စပ်လျင်း၍ လိုအပ်ပါက သက်ဆိုင်ရာ အဖွဲ့တွင်း  ဌာန၊ အဖွဲ့အစည်း၏ တာဝန်ရှိသူ တစ်ဦးဦးကို ရှင်းလင်းတင်ပြစေရန် ဆင့်ခေါ်ရမည်။ 

(၃) ဖွဲ့စည်းပုံအခြေခံမူနှင့် အခြားမူဝါဒများမှ အပ်နှင်းထားသော တာဝန်များ၊ လုပ်ပိုင်ခွင့်များကို ထမ်းဆောင်ရမည်။

၃၃။ အထွေထွေအစည်းအဝေးခေါ်ယူခြင်း 

(က) အထွေထွေအစည်းအဝေးကို တစ်လလျှင် တစ်ကြိမ်ကျစီ သို့မဟုတ် အရေးပေါ်ကိစ္စများတွင် ခေါ်ဆိုရမည်။ သို့ရာတွင် အစည်းအဝေးတစ်ခုတွင် အရှေ့အစည်းအဝေးနှင့် ၎င်း၏နောက်လာမည့် အစည်းအဝေးကြားတွင် အများဆုံး ရက် (၃၀) ခြား၍မရှိစေရ။

(ခ) အထွေထွေအစည်းအဝေး၏ အရေးပေါ် သို့မဟုတ် အထူးအစည်းအဝေးကို ဥက္ကဋ္ဌက သို့မဟုတ် အဖွဲ့ဝင်များ၏ လေးပုံတစ်ပုံက အစည်းအဝေးခေါ်ယူရန် တောင်းဆိုသည့်အခါတွင် သဘာပတိက ခေါ်ယူနိုင်သည်။

(ဂ) နာယကအဖွဲ့ သို့မဟုတ် အလုပ်အမှုဆောင်ဒါရိုက်တာသည် ဥက္ကဋ္ဌအား အထွေထွေအစည်းအဝေး၏ အရေးပေါ် သို့မဟုတ် အထူးအစည်းအဝေးကို ခေါ်ယူရန် တောင်းဆိုနိုင်သည်။ ထိုအခါတွင် ဥက္ကဋ္ဌမှ အစည်းအဝေးခေါ်ယူရန်  သဘာပတိကို တောင်းဆိုပေးရမည်။

(ဃ) အခြားစည်းမျဉ်းမူဝါဒပြဌာန်းချက်များမရှိပါက အဖွဲ့ဝင်အရေအတွက် စုစုပေါင်း၏ အနည်းဆုံး သုံးပုံတစ်ပုံသည် သာမာန်အထွေထွေအစည်းအဝေး ကျင်းပရန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးရန်အတွက် လိုအပ်သည်။ အရေးပေါ်အစည်းအဝေး သို့မဟုတ် အထူအစည်းအဝေးကို ကျင်းပရန်နှင့် ၎င်းအစည်းအဝေး၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံးရန် အဖွဲ့ဝင်အရေအတွက် စုစုပေါင်း၏ အနည်းဆုံး လေးပုံတစ်ပုံ လိုအပ်သည်။ 

(င) သဘာပတိသည် အရေးပေါ် သို့မဟုတ် အထူးအစည်းအဝေးကိုခေါ်ယူရန် တောင်းဆိုချက်ကို လက်ခံရရှိပါက ၎င်းတို့တောင်းဆိုချက်ကို လက်ခံရရှိပြီး (၂) ရက်အတွင်း အထွေထွေအစည်းအဝေး ကျင်းပမည့်ရက်ကို စီစဉ်ရမည်။ တောင်းဆိုချက်ကို လက်ခံရရှိပြီး (၅)ရက်အတွင်း အထွေထွေအစည်းအဝေးကို ကျင်းပရမည်ဖြစ်သည်။

(စ) ပုံမှန်အထွေထွေအစည်းအဝေး ကျင်းပမည့်ရက်မတိုင်မီ (၃) ရက်ထက် နောက်မကျစေဘဲ အထွေထွေအစည်းအဝေး ခေါ်ယူခြင်းနှင့်ပတ်သက်၍ အဖွဲ့ဝင်များအား အကြောင်းကြားရမည်။ အကြောင်းကြားစာတွင် အစည်းအဝေးကျင်းပမည့်ရက်စွဲ၊ အချိန်နှင့်နေရာ နှင့် အစီအစဉ်မူကြမ်းပါရှိရမည်။

(ဆ) အထွေထွေအစည်းအဝေးကို လိုအပ်သလို စီစဉ်ကျင်းပနိုင်သည်။

(ဇ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ သို့မဟုတ် ၎င်းတာဝန်ပေးသည့်ဌာန သည် အဖွဲ့ဝင်တိုင်းအတွက် ရရှိသင့်သည့် အထွေထွေအစည်းအဝေး မှတ်တမ်းများကို မှတ်တမ်းတင်ခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို ထိန်းသိမ်းတင်ပြရမည်။

၃၄။ တာဝန်နှင့်လုပ်ပိုင်ခွင့်များ 

(က) အဖွဲ့ဝင်အားလုံးတွင် အဖွဲ့၏ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တရားမဝင်လုပ်ဆောင်မှု၊ အဂတိလိုက်စားမှု စသည်တို့ မရှိစေရန် အဖွဲ့ဝင်များသည် အာမခံ၍ ရှိလာပါကလည်း အထွေထွေအစည်းအဝေးနှင့် လုပ်ထုံးလုပ်နည်းများမှ တဆင့် အရေးယူဆောင်ရွက်ရန် တာဝန်ရှိသည်။ 

(ခ) အခြားကန့်သတ်ချက်မရှိလျှင် သဘာပတိ၏ ဖိတ်ကြားခြင်းကိုခံရပါက အဖွဲ့ဝင်ဟောင်းများသည်လည်း အထွေထွေအစည်းအဝေးတွင် ပါဝင်နိုင်ခွင့်ရှိသည်။ သို့ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရ။ ဥက္ကဋ္ဌ သို့မဟုတ် အလုပ်အမှုဆောင်ဒါရိုက်တာ သို့မဟုတ် နာယကအဖွဲ့ သို့မဟုတ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် သဘာပတိအား အဖွဲ့ဝင်ဟောင်းများကို အထွေထွေအစည်းအဝေးသို့ ဖိတ်ကြားရန် တောင်းဆိုနိုင်သည်။ 

(ဂ) အထွေထွေအစည်းအဝေး၌ အောက်ပါကိစ္စရပ်များကိုဆောင်ရွက်သည်-

(၁) မူဝါဒမူကြမ်း တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊

(၂) အလုပ်အမှုဆောင်ဘုတ်အဖွဲ့က အတည်ပြုထားသည့် မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများ၊ ပရောဂျက်များနှင့် ပက်သက်၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊

(၃) အထွေထွေအစည်းအဝေးက ဆောင်ရွက်ရမည့်၊ ဆောင်ရွက်သင့်သည့် အရေးကြီး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊

(၄) အထွေထွေအစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာများကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊

(၅) အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊

(၆) မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်းတို့ကိုလွတ်လပ်စွာဆောင်ရွက်ခြင်း၊

(၇) အထွေထွေအစည်းအဝေး သဘာပတိကခွင့်ပြုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍

ဆောင်ရွက်ခြင်း။

(ဃ) အထွေထွေအစည်းအဝေးသည် အဖွဲ့အစည်း၏ အရေးကြီးကိစ္စရပ်အားလုံးကို ဆုံးဖြတ်ရမည်။

(င) အထွေထွေအစည်းအဝေးသည် အဖွဲ့အစည်း၏ အထွေထွေကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ အဖွဲ့အစည်းတစ်ခုလုံး အတွက်သော်လည်းကောင်း၊ အဖွဲ့အစည်း၏ တစ်စိတ်တစ်ဒေသ အတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဤဖွဲ့စည်းပုံအခြေခံမူနှင့်အညီ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ ချမှတ်ခွင့်ရှိသည်။ 

(စ) အထွေထွေအစည်းအဝေးသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ၏ လုပ်ငန်းများကို ကြီးကြပ်ရန်အတွက် အမြဲတမ်း၊ လုပ်ငန်း၊ ဆပ် စသည့် ကော်မတီများကို တည်ထောင်နိုင်သည်။

(ဆ) အထွေထွေအစည်းအဝေးသည် အဖွဲ့ဝင်များ၏ သုံးပုံနှစ်ပုံ၏ ဆန္ဒမဲဖြင့် အောက်ပါအကြောင်းများကြောင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့  သို့မဟုတ် ဌာန၊ အဖွဲ့အစည်း၊ ကော်မတီများကို ဖျက်သိမ်းရန် ဥက္ကဋ္ဌအား အကြောင်းကြားနိုင်သည်။ ဥက္ကဋ္ဌသည် အထွေထွေအစည်းအဝေး၏ သဘောဆန္ဒအတိုင်း (၃) ရက်အတွင်း ၎င်းအား အရေးယူဆောင်ရွက်ဖျက်သိမ်းပေးရမည်။ ဥက္ကဋ္ဌအရေးယူဖျက်သိမ်းခြင်းမရှိပါက အထွေထွေအစည်းအဝေး၏ သဘောဆန္ဒ (၅) ရက်ပြည့်မြောက်သော ကာလတွင် နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့်သာ ၎င်းအား ဖျက်သိမ်းပြီးဖြစ်သည်ဟုမှတ်ယူရမည်။

(၁) ဤဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ချိုးဖောက်ခြင်း၊

(၂) အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေသော လုပ်ဆောင်ချက်များလုပ်ဆောင်ခြင်း၊

(၃) အဖွဲ့အစည်း၏ တည်ငြိမ်မှုကို ထိခိုက်စေခြင်း၊

(၄) အထွေထွေအစည်းအဝေးမှ ချမှတ်ထားသော မည်သည့်ဆုံးဖြတ်ချက်များကိုမဆို မလိုက်နာ၊ ဆန့်ကျင်ခြင်း၊

(၅) တာဝန်ကျေပွန်မှု အားနည်းခြင်း။

(ဇ) ဖွဲ့စည်းပုံအခြေခံမူပြင်ဆင်ချက်နှင့် အရေးကြီးသောမူဝါဒများကို အထွေထွေအစည်းအဝေး မစတင်မီ (၇) ရက်ထက် နောက်မကျစေဘဲ အဖွဲ့ဝင်များက တင်ပြရမည်ဖြစ်ပြီး နာယကအဖွဲ့ သို့မဟုတ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အထွေထွေအစည်းအဝေးမစတင်မီ (၃) ရက်အလိုတွင် ပြင်ဆင်ချက်မူကြမ်းများအား နာယကအဖွဲ့ သို့မဟုတ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ တင်သွင်းရမည်ဖြစ်သည်။

(ဈ) အထွေထွေအစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းပုံအခြေခံမူကို ပြုပြင်ပြောင်းလဲနိုင်သည်။

(ည) အဖွဲ့အစည်းအတွင်း အရေးကြီးမူဝါဒများနှင့် လုပ်ပိုင်ခွင့်များ အပြောင်းအလဲများကို အထွေထွေအစည်းအဝေးတွင်တက်ရောက်သူ ထက်ဝက်ကျော်ထောက်ခံမဲဖြင့်သာ အတည်ပြုရမည်ဖြစ်သည်။

(ဋ) ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အဖွဲ့အစည်း၏အုပ်ချုပ်မှု အာဏာသည် ဥက္ကဋ္ဌ ၌တည်ရှိသည်။ ဤစကားရပ်ကြောင့် အထွေထွေအစည်းအဝေးသည် တာဝန်ရှိသူအဖွဲ့အစည်းတစ်ရပ်ရပ်အားလည်းကောင်း၊ တာဝန်ရှိသူပုဂ္ဂိုလ်တစ်ဦးဦးအားလည်းကောင်း တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင်ယင်းစကားရပ်ကြောင့် မူဝါဒများအရ သက်ဆိုင်ရာ တာဝန်ရှိသူအဖွဲ့အစည်း တစ်ရပ်ရပ်အားဖြစ်စေ၊ သက်ဆိုင်ရာတာဝန်ရှိသူ ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဥက္ကဋ္ဌအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရ။

(ဌ) အထွေထွေအစည်းအဝေးမှ ချမှတ်သော ဆုံးဖြတ်ချက်များသည် ပြဋ္ဌာန်းချက်များတွင် အကျိုးသက်ရောက်သည့် အချိန်သတ်မှတ်ထားခြင်းရှိသည်များမှလွဲ၍ အခြားပြဋ္ဌာန်းချက်များ မရှိလျှင် ၎င်းကိစ္စရပ်သည် အတည်ပြုသည့်နေ့အချိန်တွင်ပင် အကျိုးသက်ရောက်မှုရှိမည်။

၃၅။ ဆန္ဒမဲပေးခြင်း 

(က) နာယကအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်အားလုံးသည် အထွေထွေအစည်းအဝေးတွင် ပါဝင်ခွင့်နှင့် မဲပေးပိုင်ခွင့်ရှိသည်။

(ခ) အဖွဲ့ဝင်တစ်ဦးလျှင် ဆန္ဒမဲတစ်ခုစီဖြင့် ကိုယ်စားမှုပြုသည်။

(ဂ) အဖွဲ့ဝင်များသည် အထွေထွေအစည်းအဝေးတွင် သဘာပတိ၏ လမ်းညွှန်ချက်ဖြင့် အောက်ပါနည်းများအတိုင်း ဆန္ဒမဲပေးနိုင်သည်။

(ဃ) သဘာပတိသည် ကိစ္စရပ်တိုင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိရမည်။ ဆန္ဒမဲများ တူညီသောအခါတွင် ကိစ္စရပ်သည် ပယ်ချခြင်းသဘောဆောင်ရမည်။

(င) အထွေထွေအစည်းအဝေးသည် ဖွဲ့စည်းပုံအခြေခံမူပြင်ဆင်ရေးမှလွဲ၍ အခြား ကိစ္စရပ်များ အားလုံးကို အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်။

၃၆။ ဆုံးဖြတ်ချက်များနှင့် မူဝါဒများချမှတ်ခြင်း 

(က) အဖွဲ့အစည်းအတွင်း အထွေထွေအစည်းအဝေး၏ လိုအပ်သော ဆုံးဖြတ်ချက်များချမှတ်ရာတွင် အထွေထွေအစည်းအဝေးတွင်တက်ရောက်သူ ထက်ဝက်ကျော်ထောက်ခံမဲဖြင့်သာ အတည်ပြုရမည်ဖြစ်သည်။

(ခ) မူဝါဒများကို အောက်ပါ စာပိုဒ်အမှတ် (၃၇) နှင့် (၃၈) တို့၏ လုပ်ထုံးလုပ်နည်းအတိုင်းဖြင့်သာ ချမှတ်ဆောင်ရွက်နိုင်သည်။

မူဝါဒပြုခြင်း

၃၇။ မူဝါဒပြုခြင်း

ဥက္ကဋ္ဌ၊ နာယကအဖွဲ့၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ နှင့် အထွေထွေအစည်းအဝေးများသည် မူဝါဒ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများကို ဤဖွဲ့စည်းပုံအခြေခံမူပါ သတ်မှတ်နည်းလမ်းများအတိုင်း ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းများပြုလုပ်နိုင်သည်။

၃၈။ မူဝါဒချမှတ်ပိုင်ခွင့်များ

(က) အထွေထွေအစည်းအဝေးသည် မြန်မာ့သစ်ခွ အဖွဲ့အစည်း၏ အောက်ပါကိစ္စရပ်များတွင်  မူဝါဒပြုပိုင်ခွင့်ရှိသည်။

(၁) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ (နာယကအဖွဲ့၏သဘောတူညီချက်ဖြင့်သာ)

(၂) အခြားအဖွဲ့အစည်းများနှင့်ဆက်ဆံရေး

(၃) ဘဏ္ဍာရေး 

(၄) အဖွဲ့ဝင်ခြင်း

(၅) စီမံကိန်း

(၆) ပြည်သူလူထုဆက်ဆံရေး

(၇) ရွေးကောက်တင်မြှောက်ခြင်း

(၈) ဆက်သွယ်ရေးနှင့် နည်းပညာ

(၉) လေ့ကျင့်ရေးသင်တန်းများ

(၁၀) အဖွဲ့အစည်း၏စီးပွားရေးလုပ်ငန်းများ (နာယကအဖွဲ့၏သဘောတူညီချက်ဖြင့်သာ)

(ခ) ဥက္ကဋ္ဌသည် အောက်ပါကိစ္စရပ်များတွင် အောက်ပါ စာပိုဒ်ခွဲ (ဃ) နှင့် (င) တို့နှင့် မဆန့်ကျင်စေဘဲ မူဝါဒပြုပိုင်ခွင့်ရှိသည်။

(၁) အခြားအဖွဲ့အစည်းများနှင့်ဆက်ဆံရေး

(၂) သဘာဝပတ်ဝန်းကျင်နှင့်လူငယ်ရေးရာမူဝါဒများ

(၃) အဖွဲ့အစည်း၏စီးပွားရေးလုပ်ငန်းများ

(ဂ) ဥက္ကဋ္ဌသည် နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့်သာ အောက်ပါကိစ္စရပ်များတွင် မူဝါဒပြုပိုင်ခွင့်ရှိသည်။

(၁) အလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် နာယကအဖွဲ့ 

(၂) အခြားအဖွဲ့အစည်းများနှင့်ဆက်ဆံရေး 

(၃) အရသုံးမှန်းခြေငွေစာရင်း 

(၄) အဖွဲ့ဝင်ခြင်း

(၅) စီမံကိန်း

(၆) ပြည်သူလူထုဆက်ဆံရေး

(၇) ရွေးကောက်တင်မြှောက်ခြင်း

(၈) ဆက်သွယ်ရေးနှင့်နည်းပညာ

(၉) လေ့ကျင့်ရေးသင်တန်းများ

(၁၀) သဘာဝပတ်ဝန်းကျင်နှင့်လူငယ်ရေးရာမူဝါဒများ

(၁၁) အဖွဲ့အစည်းလုပ်ငန်းတာဝန်ပန်းတိုင်များ

(၁၂) ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဖွဲ့အစည်း၏စီးပွားရေးလုပ်ငန်းများ

(ဃ) ဥက္ကဋ္ဌသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့်သာ အောက်ပါကိစ္စရပ်များတွင်မူဝါဒပြုပိုင်ခွင့်ရှိသည်။

(၁) အရေးပေါ်အရသုံးမှန်းခြေငွေစာရင်း

(၂) ပြည်သူလူထုဆက်ဆံရေး

(င) နာယကအဖွဲ့သည် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် အထွေထွေအစည်းအဝေးကသာပြုပိုင်ခွင့်ရှိသော မူဝါဒများတွင်လည်းမူဝါဒပြုပိုင်ခွင့်ရှိသည်။

(စ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အောက်ပါအရေးပေါ်ကိစ္စရပ်များတွင်သာ မူဝါဒပြုပိုင်ခွင့်ရှိသည်။

(၁) စီမံကိန်း

(၂) လေ့ကျင့်ရေးသင်တန်းများ

(၃) ဆက်သွယ်ရေးနှင့် နည်းပညာ

(၄) အရေးပေါ်အရသုံးမှန်းခြေငွေစာရင်း (ဥက္ကဋ္ဌ၏သဘောတူညီချက်ဖြင့်သာ)

(ဆ) အဖွဲ့အစည်းအတွင်း အတည်ပြုလိုက်သည့် မည်သည့်မူဝါဒကိုမဆို ဥက္ကဋ္ဌမှ လက်မှတ်ရေးထိုးအတည်ပြုရမည်။

အခန်း (၅) - အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေး 

အုပ်ချုပ်ရေး

၃၉။ အဖွဲ့အစည်း၏အုပ်ချုပ်မှုအခြေခံ 

(က) မြန်မာ့သစ်ခွသည် လွတ်လပ်၍ အဖွဲ့ဝင်အားလုံးကို ကိုယ်စားပြုသော ဒီမိုကရေစီစနစ်နှင့် ကောင်းမွန်ခေတ်မှီသောဗျူရိုကရေစီ စီမံခန့်ခွဲရေးစနစ်ကို သွက်လက်လျှင်မြန်သော စီမံခန့်ခွဲရေးစနစ်နှင့် ပေါင်းစပ်ထားသောယန္တရားကို အခြေပြုသော အုပ်ချုပ်ရေးစနစ်ကို အသုံးပြုသည်။ 

(ခ) အဖွဲ့အစည်း၏ အုပ်ချုပ်ရေးအကြီးအကဲသည် ဥက္ကဋ္ဌဖြစ်သည်။ 

(ဂ) ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် မြန်မာ့သစ်ခွ၏ အုပ်ချုပ်မှု အာဏာသည် အထွေထွေအစည်းအဝေး၊ ဥက္ကဋ္ဌ၊ နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့က အဖွဲ့အတွင်း မူဝါဒချမှတ်နိုင်သော အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည်။

(ဂ) ၎င်းအုပ်ချုပ်ရေးအာဏာကို အလုပ်အမှုဆောင်ဒါရိုက်တာနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့တို့မှ စီမံခန့်ခွဲခွင့်ရှိသည်။

(ဃ) အဖွဲ့အစည်း၏ ကဏ္ဍအလိုက် အုပ်ချုပ်ရေးအာဏာကို ဘဏ္ဍာရေးမှူး၊ ဒါရိုက်တာများနှင့် ရုံး၊ဌာန အကြီးအကဲများအား ခွဲဝေအပ်နှင်းသည်။

(င) အသင်းအစုအလိုက် အုပ်ချုပ်ရေးအာဏာကို ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် အခြားမူဝါဒများအရ သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်။

၄၀။ အမှုဆောင်ရုံးများ

(က) မြန်မာ့သစ်ခွ၏ အုပ်ချုပ်ရေးပြေပြစ်ကောင်းမွန်စေရန် အောက်ပါဗဟိုအမှုဆောင်ရုံးများကို ဖွဲ့စည်းသည်။

(၁) ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး

(၂) နာယကအဖွဲ့

(၃) အလုပ်အမှုဆောင်ဒါရိုက်တာရုံး

(၄) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့

(၅) အထွေထွေအတွင်းရေးမှူးရုံး

(ခ) ၎င်းအမှုဆောင်ရုံးများသည် အဖွဲ့အစည်းအတွင်း အထက်ပါ အင်္ဂါစဉ်အတိုင်းသာဖြစ်စေရမည်။

(ဂ) ၎င်းအမှုဆောင်ရုံးများသည်၎င်းထောက်ပံ့ပေးရသည့် ပုဂ္ဂိုလ် သို့မဟုတ် အစုအဖွဲ့ အသုံးပြုနိုင်သည့် လုပ်ပိုင်ခွင့်နှင့် တာဝန်ကိုခွဲဝေ ခံယူနိုင်သည်။

ဥက္ကဋ္ဌ

၄၁။ ဥက္ကဋ္ဌ

ဥက္ကဋ္ဌသည် အဖွဲ့အစည်း၏အကြီးအကဲ၊ နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့တို့၏ အကြီးအကဲ သို့မဟုတ် သဘာအတိဖြစ်သည်။ ဥက္ကဋ္ဌသည် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုသည်။ ဥက္ကဋ္ဌသည် မြန်မာ့သစ်ခွအဖွဲ့ တစ်ဝန်းလုံးတွင်အဖွဲ့ဝင်အားလုံး ၏ အထွတ်အထိပ်နေရာ၌ရှိသည်။ အဖွဲ့အစည်း၏ အလုံးစုံသော စီမံအုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်ကို ဥက္ကဋ္ဌအားအပ်နှင်းပြီး ဥက္ကဋ္ဌသည် ဤဖွဲ့စည်းပုံအခြေခံမူအရ ပေးအပ်ထားသော စီမံအုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို နာယကအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ အလုပ်အမှုဆောင်ဒါရိုက်တာ၊ ဌာနဆိုင်ရာဒါရိုက်တာများနှင့် အကြီးအကဲများ၏ အကြံပြုချက်များဖြင့် ခွဲဝေထမ်းဆောင်ကျင့်သုံးရမည်။

၄၂။ တာဝန်နှင့်လုပ်ပိုင်ခွင့်များ 

(က) ဥက္ကဋ္ဌသည် အထွေထွေအစည်းအဝေးနှင့် နာယကအဖွဲ့သို့ တာဝန်ခံရမည်။ 

(ခ) ဥက္ကဋ္ဌသည် ဤဖွဲ့စည်းပုံအခြေခံမူနှင့်အညီ အဖွဲ့အစည်းအတွင်း ကြေငြာချက်များ၊ ညွှန်ကြားလွှာများ၊ ထုတ်ပြန်ချက်များနှင့် အဖွဲ့အစည်းပြင်ပသို့ အဖွဲ့အစည်းကိုယ်စား သဝဏ်လွှာများကို ထုတ်ပြန်ပိုင်ခွင့်ရှိသည်။

(ဂ) ဥက္ကဋ္ဌသည် နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးများနှင့် ဌာနဆိုင်ရာအစည်းအဝေးများ သို့မဟုတ် အထွေထွေအစည်းအဝေးမျာသို့ အဖွဲ့အစည်း၏ မူဝါဒများနှင့် အထွေထွေအခြေအနေများနှင့် စပ်လျဉ်း၍ အခါအားလျော်စွာ အမှာလွှာပေးပို့ပိုင်ခွင့်ရှိသည်။

(ဃ) ဥက္ကဋ္ဌသည် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် အခြားမူဝါဒများအရ ရေးဆွဲ၊ ချမှတ်၊ ပြင်ဆင်၊ အတည်ပြုထုတ်ပြန်ပိုင်ခွင့်ရှိသည်။

(င) ဥက္ကဋ္ဌသည် လိုအပ်လျှင် အထွေထွေအစည်းအဝေး၏ အရေးပေါ် အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေးကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် အထွေထွေအစည်းအဝေးသဘာပတိအား အကြောင်း ကြားနိုင်သည်။

(စ) (၁) ဆုံးဖြတ်အဆိုပြုထားသော မူဝါဒများကို အတည်ပြုချက်ရယူရန်အတွက် ဥက္ကဋ္ဌထံ တင်ပြရမည်။ ဥက္ကဋ္ဌသည် ၎င်းမူဝါဒများကို ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့်အညီ လက်မှတ်ရေးထိုး ကြေညာရမည်။

(၂) ဥက္ကဋ္ဌသည် အထက်ပါတင်ပြလာသော မူဝါဒကို ပြင်ဆင်ချက်တစ်ခုခုဖြင့် တင်ပြလာသောအဖွဲ့သို့ အကြံပြု ပြန်လည်တင်ပြပိုင်ခွင့်ရှိပြီး ၎င်းအဖွဲ့မှ ၎င်းအကြံပြုချက်အား ပြန်လည်ထည့်သွင်းစဉ်းစား၍ ပြင်ဆင်ချက်ပြုခြင်းသော်လည်းကောင်း မပြုခြင်းသော်လည်းကောင်းပြန်လည်တင်ပြလာသောအခြေအနေတွင် ဥက္ကဋ္ဌမှ အတည်ပြုလက်မှတ်ရေးထိုး ကြေညာပေးရမည်။

(၃) ဥက္ကဋ္ဌသည် လိုအပ်ပါက မူဝါဒတာဝန်ရှိသူအဖွဲ့တစ်ခုခု၏ အဆိုပြုထောက်ခံချက်မပါရှိဘဲ ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့်အညီ ၎င်းထုတ်ပြန်ပိုင်ခွင့်ရှိသော မူဝါဒတစ်ရပ်ကို ထုတ်ပြန်နိုင်သည်။ ဤမူဝါဒကို လိုအပ်သလို နာယကအဖွဲ့ သို့မဟုတ် အထွေထွေအစည်းအဝေးတွင်သာ ပြင်ဆင်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းပြုနိုင်မည်။ ဥက္ကဋ္ဌသည် စာပိုဒ်အမှတ် (၃၈) တွင် ဖော်ပြထားသော ဥက္ကဋ္ဌ၏မူဝါဒပြုပိုင်ခွင့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဖွဲ့အစည်းတစ်ခုလုံး အတွက်သော်လည်းကောင်း၊ အဖွဲ့အစည်း၏ တစ်စိတ်တစ်ဒေသ အတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် မူဝါဒများ ရေးဆွဲ၊ ချမှတ်၊ ပြင်ဆင်၊ အတည်ပြုထုတ်ပြန်ပိုင်ခွင့်ရှိသည်။

(၄) မူဝါဒထုတ်ပြန်ချက်တိုင်းသည် ဥက္ကဋ္ဌ၏ လက်မှတ်လိုအပ်ပြီး ဥက္ကဋ္ဌသည် သက်ဆိုင်ရာအဖွဲ့အစည်းကအတည်ပြုထားသော မူဝါဒတိုင်း လက်မှတ်ရေးထိုးရမည်။

(၅) ဥက္ကဋ္ဌသည် မိမိကိုယ်တိုင် ဆောင်ရွက်ရမည့် ကိစ္စရပ်များမှလွဲ၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ နှင့် ဌာနများ လုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ရန် တာဝန်ရှိပုဂ္ဂိုလ်ထံ တာဝန်လွှဲအပ်သောကိစ္စရပ်များကို လိုအပ်သော စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ပိုင်ခွင့်ရှိသည်။ 

(ဆ) (၁) အဆိုပြုထားသော စီမံကိန်း အတည်ပြုချက်ရယူရန်အတွက် ဥက္ကဋ္ဌထံ တင်ပြရမည်။ ဥက္ကဋ္ဌသည် အလုပ်အမှုဆောင်ဒါရိုက်တာ၏ အကြံပြုချက်နှင့်အညီ လက်မှတ်ရေးထိုး အတည်ပြုပေးရမည်။

(၂) ဥက္ကဋ္ဌသည် အထက်ပါ စီမံကိန်းကို ပြင်ဆင်ချက်တစ်ခုခုဖြင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ အကြံပြု ပြန်လည်တင်ပြပိုင်ခွင့်ရှိပြီး ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ၎င်းအကြံပြုချက်အား ပြန်လည်ထည့်သွင်းစဉ်းစား၍ ပြင်ဆင်ချက်ပြုခြင်းသော်လည်းကောင်း မပြုခြင်းသော်လည်းကောင်းပြန်လည်တင်ပြသောအခါ ဥက္ကဋ္ဌမှ အတည်ပြုလက်မှတ်ရေးထိုးပေးရမည်။

(၃) စီမံကိန်းတိုင်းသည် ဥက္ကဋ္ဌ၏ အတည်ပြုချက် လိုအပ်ပြီး ဥက္ကဋ္ဌသည် အတည်ပြုထားသော စီမံကိန်းများကို လက်မှတ်ရေးထိုးရမည်။

(ဇ) ဥက္ကဋ္ဌအမှုဆောင်ကြေငြာချက်

ဥက္ကဋ္ဌသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များအား ခန့်အပ်တာဝန်ပေးခြင်း၊ ဌာန၊ အသင်း၊ ကောင်စီ သို့မဟုတ် ကော်မတီများဖွဲ့စည်းခြင်းနှင့် အခြားသော စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်သည့်အခါ ဥက္ကဋ္ဌအမှုဆောင်ကြေငြာချက်ဖြင့် ထုတ်ပြန်ရမည်။ ဥက္ကဋ္ဌသည် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို ပယ်ဖျက်ခြင်းရာတွင် လည်း  ဥက္ကဋ္ဌအမှုဆောင်ကြေငြာချက်ဖြင့် ထုတ်ပြန်ကြေညာရမည်။

(ဈ) (၁) ဥက္ကဋ္ဌသည် အဖွဲ့၏ ဝန်ထမ်း (သို့မဟုတ်) ဗော်လန်တီယာ (စေတနာ့ဝန်ထမ်းများ) ကို ဖွဲ့စည်းပုံအခြေခံမူ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ ရာထူး ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်းပြုနိုင်သည်။ 

(၂) ဥက္ကဋ္ဌသည် ဖွဲ့စည်းပုံအခြေခံမူနှင့် အဖွဲ့အစည်း၏မူဝါဒများကို မလိုက်နာသော အဖွဲ့ဝင်များကို စာပိုဒ် (၂၈)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပယ်နိုင်သည်။

(ည) (၁) ဥက္ကဋ္ဌသည် ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ အခြားပြဋ္ဌာန်းချက်များကို ဆန့်ကျင်ခြင်းမရှိလျှင် အလုပ်အမှုဆောင်ဒါရိုက်တာနှင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အကြံပြုချက်ဖြင့်သာ အဖွဲ့အစည်း၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို စဉ်းစားဆုံးဖြတ်ရန် လုပ်ပိုင်ခွင့်ရှိသည်။

(၂) သို့ရာတွင် ဥက္ကဋ္ဌသည် အဖွဲ့အစည်း၏ အရေးပေါ်ကိစ္စရပ်များကို မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အဖွဲ့အစည်း၏အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များကို အပြည့်အဝကျင့်သုံး ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။

ရှင်းလင်းချက် ။ ။ အရေးပေါ်ကိစ္စဟုဆိုရာတွင် အလုပ်အမှုဆောင်ဒါရိုက်တာနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့တို့ နှုတ်ထွက်သွားချိန်၊ သို့တည်းမဟုတ် ဖျက်သိမ်းဖယ်ရှားခံရချိန်၊ သို့တည်းမဟုတ် အဖွဲ့အစည်း၏ပြင်ပအခြေအနေများကြောင့်၊ သို့တည်းမဟုတ်၊ ဘဏ္ဍာရေးဆိုင်ရာအရေးပေါ်အခြေအနေများ၊ သို့တည်းမဟုတ်၊ အခြားနာယကအဖွဲ့မှ သတ်မှတ်သော အခြေအနေများကို ဆိုလိုသည်။

(၃) ဥက္ကဋ္ဌသည် မလိုလားအပ်သော ပြဿနာများဖြစ်ပွားလာပါက ၎င်း၏ဆုံးဖြတ်ချက်ဖြင့် သို့မဟုတ် အထွေထွေအစည်းအဝေး၏တောင်းဆိုမှုဖြင့် သို့မဟုတ် နာယကအဖွဲ့၏ အကြံပြုချက်ဖြင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ကို ဖျက်သိမ်းနိုင်သည်။

(၄) ဥက္ကဋ္ဌသည် ရွေးကောက်ပွဲရလဒ်အရ အလုပ်အမှုဆောင်ဒါရိုက်တာကို ခန့်အပ်ရမည်။ အလုပ်အမှုဆောင်ဒါရိုက်တာနေရာ လစ်လပ်၍ အရေးပေါ်လိုအပ်ပါက ဥက္ကဋ္ဌက အလုပ်အမှုဆောင်ဒါရိုက်တာကို နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့် အဖွဲ့ဝင်တစ်ဦးဦးကို ခန့်အပ်တာဝန်ပေးနိုင်သည်။

(၅) ဥက္ကဋ္ဌသည် အလုပ်အမှုဆောင်ဒါရိုက်တာ၏ အကြံပြုချက်ဖြင့် ဥက္ကဋ္ဌသည် ဒါရိုက်တာများကို ခန့်အပ်တာဝန်ပေးရမည် သို့မဟုတ် ထုတ်ပယ်ခြင်း ပြုရမည်။ ဒါရိုက်တာနေရာများ လစ်လပ်၍ အရေးပေါ်လိုအပ်ပါက ဥက္ကဋ္ဌက ဒါရိုက်တာများကို နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့် အဖွဲ့ဝင်တစ်ဦးဦးကို ခန့်အပ်တာဝန်ပေးနိုင်သည်။

(၆) ဥက္ကဋ္ဌသည် ကောင်စီ (သို့မဟုတ်) ကော်မတီဝင်များ သို့မဟုတ် ကောင်စီ (သို့မဟုတ်) ကော်မတီဝင်များ၏ အကြီးအကဲများကို အလုပ်အမှုဆောင်ဒါရိုက်တာ၏ ထောက်ခံမှုဖြင့် ခန့်အပ်ခြင်း သို့မဟုတ် ထုတ်ပယ်ခြင်း ပြုရမည်။ ကောင်စီ (သို့မဟုတ်) ကော်မတီဝင်များ၏ အကြီးအကဲနေရာများ လစ်လပ်၍ အရေးပေါ်လိုအပ်ပါက ဥက္ကဋ္ဌက ကောင်စီ (သို့မဟုတ်) ကော်မတီဝင်များ၏ အကြီးအကဲနေရာများကို နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့် မည်သူ့ကိုမဆို ခန့်အပ်တာဝန်ပေးနိုင်သည်။

(၇) ဥက္ကဋ္ဌသည် ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်ဒါရိုက်တာ၊ ဘဏ္ဍာရေးမှူး၊ ဒါရိုက်တာများ၊ ကောင်စီအကြီးအကဲများနှင့် ကော်မတီအကြီးအကဲများ၏ နုတ်ထွက်စာကို လက်ခံရမည်။ သို့တည်းမဟုတ် ဤဖွဲ့စည်းပုံအခြေခံမူ၏ပြဋ္ဌာန်းချက် တစ်ခုခုအရ ရာထူးမှ ရပ်စဲစေရမည်။

(၈) ဥက္ကဋ္ဌသည်၊ အလုပ်အမှုဆောင်ဒါရိုက်တာ၏ အကြံပေးချက်အရ၊ အထွေထွေအစည်းအဝေးကို ဆင့်ခေါ်ရမည်။ 

(၉) ဥက္ကဋ္ဌသည် ဒုတိယဥက္ကဋ္ဌ သို့မဟုတ် အလုပ်အမှုဆောင်ဒါရိုက်တာ သို့မဟုတ် ရုံး၊ ဌာန၊ ‌ကောင်စီ၊ ကော်မတီအကြီးအကဲများတို့ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ခွဲဝေပေးကာ တာဝန်များကို လွှဲပြောင်းနိုင်သည်။

(၁၀) ဥက္ကဋ္ဌသည် ဖွဲ့စည်းပုံအခြေခံမူနှင့် အခြားမူဝါဒများမှ အပ်နှင်းထားသော တာဝန်များ၊ လုပ်ပိုင်ခွင့်များကို ထမ်းဆောင်ရမည်။

(၁၁) ဥက္ကဋ္ဌသည် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းအရ သော်လည်းကောင်း၊ မူဝါဒတစ်ရပ်ရပ် အရသော်လည်းကောင်း မိမိအားအပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သောပြုလုပ်မှုအတွက် နိုင်ငံတော်တရားရေးဆိုင်ရာတာဝန်ရှိသူများ မှလွဲ၍ အဖွဲ့အတွင်းမည်သည့်နေရာတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့တာဝန်မရှိစေခြင်းသည် ဥက္ကဋ္ဌအား ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက် များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

(၁၂) ဥက္ကဋ္ဌရွေးကောက်တင်မြှောက်ရေးအတွက်၊ ဥက္ကဋ္ဌသည်၊ မိမိ၏ ရာထူးသက်တမ်း ကုန်ဆုံးအံ့ဆဲဆဲဖြစ်သော ၃ လအတွင်းတွင် အထွေထွေအစည်းအဝေးကို ဆင့်ခေါ်ရမည်။

(၁၃) ဥက္ကဋ္ဌသည် -

(က) ပြစ်ဒဏ်လျှော့ပေါ့ ပေးပိုင်ခွင့်ရှိသည်၊

(ခ) နာယကအဖွဲ့၏ ထောက်ခံချက်နှင့်အညီ ပြစ်ဒဏ်ကိုပယ်ဖျက် ပေးပိုင်ခွင့်ရှိသည်။

(၁၄) ဥက္ကဋ္ဌသည် သတ်မှတ်ထားသော ပြဋ္ဌာန်းချက်များနှင့်အညီ-

(က) ဂုဏ်ထူးဆောင်ဆုများနှင့် တံဆိပ်များ ပေးအပ်ခြင်း၊

(ခ) အပ်နှင်းထားသော ဂုဏ်ထူးဆောင်ဆုတံဆိပ်များကို ရုပ်သိမ်းခြင်းတို့ ပြုလုပ်နိုင်သည်။

(၁၅) ဥက္ကဋ္ဌထံသို့ အကြံပေးချက်ကိုသော်၎င်း၊ အမည်တင်သွင်းချက်ကို သော်၎င်း၊ အကြောင်း ကြားချက် ကိုသော်၎င်း၊ တင်သွင်းသည်၊ မတင်သွင်းသည်၊ သို့တည်းမဟုတ် ဥက္ကဋ္ဌက ထိုအချက်တခုခုကို ရသည်မရသည်၊ အကယ်၍ တင်သွင်းခဲ့သော်၊ သို့တည်းမဟုတ် ရခဲ့သော်၊ မည်သို့သော အကြံပေးချက်မျိုးဖြစ်သည်၊ သို့တည်းမဟုတ် မည်သို့သော အမည်တင်သွင်းချက်မျိုးဖြစ် သည်၊ သို့တည်းမဟုတ် မည်သို့သော အကြောင်းကြားချက်မျိုးဖြစ်သည် ဟူသောအချက်များကို နိုင်ငံတော်တရားရေးတာဝန်ရှိသူများမှလွဲ၍ မည်သည့် အဖွဲ့တွင်းအစည်းအဝေးတွင်မျှ မေးမြန်းခြင်းမပြုရ။

(ဋ) (၁) ဥက္ကဋ္ဌသည် အဖွဲ့အစည်း၏ အကြီးအကဲဖြစ်သည့်အလျောက် အထူးခွင့်ပြုချက်မရှိဘဲ အစိုးရ၊ နိုင်ငံတော်အဆင့်အခမ်းအနား၊ နိုင်ငံခြားအခြေစိုက်၊ နိုင်ငံတကာကုမ္ပဏီများနှင့် အဖွဲ့အစည်းများနှင့် ဆက်ဆံရေးတွင် အဖွဲ့ကိုကိုယ်စားပြုနိုင်သည်။ ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်ဒါရိုက်တာ၊ နာယကအဖွဲ့ဝင်များ နှင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တို့သည်လည်း ထိုနည်းလည်းကောင်းတိုင်းဖြစ်သည်။ 

(၂) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဒါရိုက်တာသည် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့်အညီ နာယကအဖွဲ့ သို့တည်းမဟုတ် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက် သို့မဟုတ် အကြံပြုချက်ဖြင့် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။

(၃) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဒါရိုက်တာသည် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့်အညီ နာယကအဖွဲ့ သို့တည်းမဟုတ် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ ၏ သဘောတူညီချက် သို့မဟုတ် အကြံပြုချက်ဖြင့် အဖွဲ့အစည်းဆိုင်ရာအသင်းအဖွဲ့ကွန်ရက်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်သည်။

(ဌ) (၁) ဥက္ကဋ္ဌသည် နာယကအဖွဲ့မှ အတည်ပြုထားသော ရသုံးမှန်းခြေငွေစာရင်းနှင့်အညီ ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်အားလုံးကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် စီမံကိုင်တွယ်ရမည်။

(၂) ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၏ စာပိုဒ် (၃၈)၊ စာပိုဒ်ခွဲ (ဃ) ပါ အရေးပေါ်ကိစ္စများတွင်သာ ဥက္ကဋ္ဌက အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် စဉ်းစားဆုံးဖြတ်နိုင်သည်။

၄၃။ ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံးဖွဲ့စည်းခြင်း

အထက်ပါ မြန်မာ့သစ်ခွဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ကူညီထောက်ပံ့နိုင်ရန် ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံးကိုဖွဲ့စည်းသည်။ ၎င်းအဖွဲ့အစည်းသည် မြန်မာ့သစ်ခွအဖွဲ့ ရုံး၊ ဌာနများတွင် အထွဋ်အထိပ် နေရာတွင်တည်ရှိသည်။

၄၄။ ဥက္ကဋ္ဌတွင်ရှိရမည့်အရည်အချင်း

အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသော နာယကအဖွဲ့ဝင်များသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်-

(က) ရွေးကောက်တင်မြှောက်ခံနိုင်ရေးအတွက် အမည်စာရင်း တင်သွင်းလွှာတင်သွင်းချိန်တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဤဖွဲ့စည်းပုံအခြေခံမူပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သူ၊

(ခ) မြန်မာ့သစ်ခွအဖွဲ့ဝင်ဖြစ်သူ။ အဖွဲ့ဝင်အရည်အချင်းများနှင့်လည်း ပြည့်စုံသူ၊

(ဂ) မြန်မာ့သစ်ခွနာယကအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သူ၊

(ဃ) အဖွဲ့အစည်းအပေါ်သစ္စာရှိသူ၊

(င) တည်ဆဲဥပဒေဖြင့် တရားစွဲဆိုခြင်းခံရခြင်းမရှိသူ၊

(စ) အဖွဲ့အစည်းအရေးအရာများဖြစ်သော စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ သဘာဝပတ်ဝန်းကျင်ရေးရာ၊ လူငယ်ရေးရာ၊ စီးပွားရေးစသည့် အမြင်များရှိသူ၊

(ဆ) မြန်မာ့သစ်ခွ၏ ပရဟိတဆိုင်ရာကိစ္စများ အကြောင်းကို ကောင်းစွာသိရှိသူ၊

(ဇ) ဤဖွဲ့စည်းပုံအခြေခံမူပါပြဋ္ဌာန်းချက်များတွင် သတ်မှတ်ထားသည့် အခြားအရည်အချင်းများနှင့် ပြည့်စုံသူ။

၄၅။ ရာထူးသက်တမ်းနှင့် ရွေးကောက်တင်မြှောက်ခြင်း

(က) ဥက္ကဋ္ဌ၏ ရာထူးသက်တမ်းသည် လေးနှစ်ဖြစ်သည်။ ရာထူးသက်တမ်းကုန်ဆုံးသောအခါ ပြန်လည်ရွေးကောက်ခံပိုင်ခွင့်ရှိသည်။

(ခ) ယင်းရာထူးသက်တမ်း ကုန်ဆုံးသည့်အခါ ဥက္ကဋ္ဌအသစ် ရွေးချယ်တင်မြှောက်ပြီးသည့် အချိန်အထိ ဥက္ကဋ္ဌသည် မိမိတို့၏လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်။

(ဂ) ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌအဖြစ် ကြားဖြတ်တာဝန်ယူရသည့် ကာလကို ရာထူး သက်တမ်းတစ်ခုဟု မသတ်မှတ်ရ။

(ဃ) အကြောင်းတစ်ရပ်ရပ်ကြောင့် ဥက္ကဋ္ဌ ရာထူးနေရာ လစ်လပ်သည့်အတွက် ဒုတိယဥက္ကဋ္ဌအား အစားထိုးတင်မြှောက်ပါက ယင်းဥက္ကဋ္ဌအသစ်၏ ရာထူးသက်တမ်းသည် မူလရာထူးသက်တမ်းကုန်ဆုံးသည်အထိသာဖြစ်ရမည်။

(င) ဥက္ကဋ္ဌသစ်ကို ရွေးချယ်ရာတွင် ဥက္ကဋ္ဌ ရာထူးအတွက် ကိုယ်စားလှယ်လောင်းများသည် စာပိုဒ်အမှတ် (၄၄) ပါ ပြဋ္ဌာန်းချက်များအရ အရည်အချင်းပြည့်မီသူဖြစ်ရမည်။  

(စ) ဥက္ကဋ္ဌဟောင်းမှလည်း မိမိအားဆက်ခံမည့်သူ

ကိုယ်စားလှယ်လောင်းအမည်စာရင်းများ တင်သွင်းနိုင်သည်။

(ဆ) ရွေးချယ်ခြင်းဆိုင်ရာကိစ္စရပ်များကို စာပိုဒ်အမှတ် (၁၅၃) ပါ ပြဋ္ဌာန်းချက်များ အတိုင်းဆောင်ရွက်ရမည်။


၄၆။ ရာထူးခန့်အပ်ခြင်း 

အထွေထွေအစည်းအဝေးသဘာပတိသည် ဥက္ကဋ္ဌရွေးကောက်ပွဲတွင် အနိုင်ရရှိသူကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်းကြေညာပေးရမည်။ ၎င်းဥက္ကဋ္ဌသည် အထွေထွေအစည်းအဝေးသဘာပတိ ရှေ့မှောက်တွင် မြန်မာ့သစ်ခွအဖွဲ့၏ လုပ်ငန်းတာဝန်၊ ရည်ရွယ်ချက်များ၊ စံတန်ဖိုးများ၊ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၊ မူဝါဒများနှင့် စည်းမျဉ်းစည်းများကို လိုက်နာမည်ဖြစ်ကြောင်း ဥက္ကဋ္ဌခန့်အပ်လွှာတွင် လက်မှတ်ရေးထိုး ကတိပြုရမည်။

၄၇။ ရာထူးမှအနားယူ၊ နုတ်ထွက်ခြင်းနှင့်ဖယ်ရှားခြင်း

(က) ဥက္ကဋ္ဌသည် မိမိ၏ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျောက် နုတ်ထွက်လိုလျှင် အထွေထွေအစည်းအဝေးသဘာပတိက နုတ်ထွက်ခွင့်ပြုရမည်။

(ခ) ဥက္ကဋ္ဌသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သော ကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ ဥက္ကဋ္ဌရာထူးနေရာ လစ်လပ်လျှင် ဒုတိယဥက္ကဋ္ဌက ယာယီဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရမည်။

(ဂ) ဥက္ကဋ္ဌကို ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း စာပိုဒ် (၁၀၀) ပါ ပြဋ္ဌာန်းချက်များအတိုင် စွပ်စွဲပြစ်တင်ဖယ်ရှားနိုင်သည်။

ဒုတိယဥက္ကဋ္ဌ

၄၈။ ဒုတိယဥက္ကဋ္ဌ 

ဒုတိယဥက္ကဋ္ဌသည် ဥက္ကဋ္ဌအား ၎င်း၏လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ကူညီထောက်ပံ့ပေးရသူ ဖြစ်သည်။ ဒုတိယဥက္ကဋ္ဌသည်လည်း အဖွဲ့အစည်းတစ်ခုလုံးကိုကိုယ်စားပြုသည်။ ဒုတိယဥက္ကဋ္ဌသည် ဥက္ကဋ္ဌကခွဲဝေပေးသော လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ထမ်းဆောင်ကျင့်သုံးရမည်။

၄၉။ တာဝန်နှင့်လုပ်ပိုင်ခွင့်များ 

(က) ဥက္ကဋ္ဌသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သော ကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ ဥက္ကဋ္ဌရာထူးနေရာ လစ်လပ်လျှင် ဒုတိယဥက္ကဋ္ဌက ယာယီဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရမည်။

(ခ) ဥက္ကဋ္ဌက ဒုတိယဥက္ကဋ္ဌအား ခွဲဝေပေးထားသော ၎င်း၏ တာဝန်နှင့်လုပ်ပိုင်ခွင်များကို ထမ်းဆောင်ကျင့်သုံးရမည်။

၅၀။ ရာထူးသက်တမ်း 

(က) ဒုတိယဥက္ကဋ္ဌ၏ ရာထူးသက်တမ်းသည် နှစ်နှစ်ဖြစ်သည်။ ရာထူးသက်တမ်းကုန်ဆုံးသောအခါ ပြန်လည်ခန့်အပ်ခံပိုင်ခွင့်ရှိသည်။

(ခ) ယင်းရာထူးသက်တမ်း ကုန်ဆုံးသည့်အခါ ဒုတိယဥက္ကဋ္ဌအသစ် ခန့်အပ်ပြီးသည့် အချိန်အထိ ဥက္ကဋ္ဌသည် မိမိတို့၏လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်။

၅၁။ ရာထူးခန့်အပ်ခြင်း 

ဥက္ကဋ္ဌသည် အဖွဲ့အတွင်း ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၏ စာပိုဒ် ၄၄၊ စာပိုဒ်ခွဲ (ဂ) မှလွဲ၍ ကျန်ဥက္ကဋ္ဌအရည်အချင်းရှိသူတစ်ဦးဦးကို ဒုတိယဥက္ကဋ္ဌအဖြစ် လျာထားနိုင်သည်။ ဒုတိယဥက္ကဋ္ဌကို လျာထားသူများထဲမှ မြန်မာ့သစ်ခွ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ဆန္ဒမဲခွဲရွေးကောက်တင်မြှောက်ရမည်။ ထိုတင်မြှောက်ခြင်းကို နာယကအဖွဲ့ကအတည်ပြုသောအခါ ၎င်းပုဂ္ဂိုလ်အား ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း ဥက္ကဋ္ဌက ကြေညာပေးရမည်။ စံတန်ဖိုးများ၊ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၊ မူဝါဒများနှင့် စည်းမျဉ်းစည်းများကို လိုက်နာမည်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌခန့်အပ်လွှာတွင် လက်မှတ်ရေးထိုး ကတိပြုရမည်။

၅၂။ ရာထူးမှအနားယူ၊ နုတ်ထွက်ခြင်းနှင့်ဖယ်ရှားခြင်း

(က) ဒုတိယဥက္ကဋ္ဌသည် မိမိ၏ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျောက် နုတ်ထွက်လိုလျှင် ဥက္ကဋ္ဌက နုတ်ထွက်ခွင့်ပြုရမည်။

(ခ) ဒုတိယဥက္ကဋ္ဌကို ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း စာပိုဒ် (၁၀၀) ပါ ပြဋ္ဌာန်းချက်များအတိုင် စွပ်စွဲပြစ်တင်ဖယ်ရှားနိုင်သည်။ 

နာယကအဖွဲ့

၅၃။ နာယကအဖွဲ့ 

(က) ဥက္ကဋ္ဌသည် မိမိနှင့် အလုပ်အမှုဆောင်ဒါရိုက်တာနှင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့တို့ အတွက် လိုအပ်သောအကြံဉာဏ်များ‌ပေးအပ်နိုင်ရန်၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးတို့တွင် ထိန်းသိမ်းလမ်းကြောင်းနိုင်ရန်၊ နှင့် အဖွဲ့အစည်း၏ အရေးကြီးမူဝါဒများချမှတ် အကောင်အထည်ဖော်နိုင်ရန် သင့်လျော်သောပုဂ္ဂိုလ်များဖြင့် နာယကအဖွဲ့ကို ဖွဲ့စည်းရမည်။ 

(ခ) ဥက္ကဋ္ဌသည် လူပုဂ္ဂိုလ်အသီသီးအလိုက် ကျွမ်းကျင်မှုဆိုင်ရာကိစ္စရပ်များအတွက် ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်ဒါရိုက်တာ သို့မဟုတ် အလုပ်အမှုဆောင်ဘုတ်အဖွဲ့အား ထိန်းကြောင်းရန်နှင့် အကြံပေးရန်အတွက် နာယကအဖွဲ့ကို ဖွဲ့စည်းသည်။ 

(ဂ) ၎င်းနာယကအဖွဲ့သည် မြန်မာ့သစ်ခွအဖွဲ့ ရုံး၊ ဌာနများတွင် ဒုတိယအထွဋ်အထိပ် နေရာတွင်တည်ရှိသည်။

၅၄။ တာဝန်နှင့်လုပ်ပိုင်ခွင့်များ 

နာယကအဖွဲ့သည်-

(က) အထွေထွေအစည်းအဝေးထံသို့တာဝန်ခံရမည်။

(ခ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့အားလိုအပ်သော ထိန်းကြောင်းပေးမှုပြုရမည်။ 

(ဂ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့အားလိုအပ်သော အကြံအဉာဏ်များပေးအပ်ရမည်။ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် ၎င်းအကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။ 

(ဃ) အရည်အချင်းရှိသော ပုဂ္ဂိုလ်များကို ရာထူးမြှင့်တင်ပေးရန် သို့မဟုတ် ပညာသင်ဆု ပေးရန် နာယကအဖွဲ့ဝင်တစ်ဦးချင်းအလိုက် အလုပ်အမှုဆောင်ဘုတ်အဖွဲ့အား ညွှန်ကြားနိုင်သည်။

(င) ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းအရ ထုတ်ပြန်ပိုင်ခွင့်ရှိသည့် မူဝါဒများကို ထုတ်ပြန်နိုင်သည်။

(စ) ဥက္ကဋ္ဌအား အလုပ်အမှုဆောင်ဘုတ်ဒါရိုက်တာ အပေါ်အယုံအကြည်မရှိအဆိုတင်သွင်းပြီး အကြောင်းရင်းနှင့်တကွ ၎င်းအား ရာထူးမှအနားယူရန် တောင်းဆိုနိုင်သည်။

(ဆ) ဥက္ကဋ္ဌအား အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင် သို့မဟုတ် ဘုတ်အဖွဲ့ ၏ ပြစ်ချက်များ များပြားစွာရှိသည်ဟု မှတ်ယူပါက အကြောင်းရင်းနှင့်တကွ ၎င်းတို့အား အယုံအကြည်မရှိအဆိုတင်သွင်းပြီး ဖျက်သိမ်းရန် သို့မဟုတ် ရာထူးမှအနားပေးရန် အကြံပြုနိုင်သည်။ 

(ဇ) အဖွဲ့၏ စာရင်းနှင့်လုပ်ငန်းလည်ပတ်မှုများကို ကြီးကြပ် စစ်ဆေး စိစစ်နိုင်သည်။

(ဈ) အဖွဲ့၏မူဝါဒများကို လိုအပ်ပါက ပြင်ဆင်ချက်ပြု၍ ဥက္ကဋ္ဌထံအကြံပေးတင်ပြနိုင်သည်။ ဥက္ကဋ္ဌသည် ဤပြင်ဆင်ချက်အား နာယကအဖွဲ့အစည်းအ‌ဝေးတွင် ဆွေးနွေးအတည်ပြုပေးရမည်။

(ည) အဖွဲ့အစည်းအတွင်း အရေးပေါ်လိုအပ်ပါက ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့အား ဖျက်သိမ်း၍ ယင်းဗဟိုအလုပ်အမှဆောင်ဘုတ်အဖွဲ့၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ပိုင်ခွင့်များကို ကျင့်သုံးနိုင်သည်။

(ဋ) ဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ အဖွဲ့အစည်း၏ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲပိုင်ခွင့်များကို  ဥက္ကဋ္ဌထံသို့ အပ်နှင်းသည်။ ဤစကားရပ်ကြောင့် နာယကအဖွဲ့သည် မည်သည့် ပုဂ္ဂိုလ်၊အဖွဲ့အစည်း ကိုမျှ အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များကို အပ်နှင်းခြင်းမပြုနိုင်ဟုမမှတ်ယူရ။ ယင်းစကားရပ်ကြောင့် မူဝါဒစည်းကမ်းများအရ သက်ဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် သက်ဆိုင်ရာ ပုဂ္ဂိုလ်ထံ အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အာဏာများကို ဥက္ကဋ္ဌထံသို့  လွှဲပြောင်းပေးရမည်ဟု၍လည်း မမှတ်ယူရ။

(ဌ) နာယကအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်အားလုံးကို ဥက္ကဋ္ဌ၏ အမည်ဖြင့် အရေးယူဆောင်ရွက်ရမည်။

(ဍ) ဤအဖွဲ့စည်းပုံအခြေခံမူနှင့် အခြားမူဝါဒများမှပေးအပ်ထားသော လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ထမ်းဆောင်ရမည်။ 

၅၅။ အစည်းအဝေးခေါ်ယူခြင်း

(က) နာယကအဖွဲ့သည် ယင်း၏ပုံမှန်အစည်းအဝေးများကို အနည်းဆုံး နှစ်လလျှင်တစ်ကြိမ် ကျင်းပရမည်။ လိုအပ်ပါက တည်ထောင်သူ သို့မဟုတ် ဥက္ကဋ္ဌ သို့မဟုတ် နာယကအဖွဲ့ဝင် ၃ပုံ၁ပုံ၏ ဆန္ဒဖြင့် အထူးအစည်းအဝေး ပြုလုပ်နိုင်သည်။

(ခ) ဥက္ကဋ္ဌသည် နာယကအဖွဲ့ အစည်းအဝေးများတွင် သဘာပတိ၊ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်။

(ဂ) ဥက္ကဋ္ဌ မရှိသည့်အခါ သက်တမ်းအရင်းဆုံး နာယကအဖွဲ့ဝင် သို့မဟုတ် တည်ထောင်သူက အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ရမည်။

(ဃ) နာယကအဖွဲ့ဝင်တစ်ဦးသည် အစည်းအဝေးသို့တက်ရောက်ရန် ခိုင်လုံသော အကြောင်း မရှိဘဲ ပျက်ကွက်ခြင်းမရှိစေရ။ အစည်းအဝေးသို့ မတက်ရောက်နိုင်ပါက ခိုင်လုံသော အကြောင်းပြချက် ဖြင့် ဥက္ကဋ္ဌထံ ကြိုတင်ခွင့်ပန်ရမည်။

(င) အစည်းအဝေးမှတ်တမ်းများကို ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံးက မှတ်တမ်းတင်ထားရမည်။

(စ) ထုတ်ပြန်ကြေညာခြင်းမပြုသေးသော နာယကအဖွဲ့၏ဆုံးဖြတ်ချက်များနှင့် အစည်း အဝေးမှတ်တမ်းများသည် အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များ ဖြစ်သည်။

(ဆ) နာယကအဖွဲ့အစည်းအဝေးအထမြောက်ရန်အတွက် အနည်းဆုံး နာယကအဖွဲ့၏ အဖွဲ့ဝင်ဦးရေ ထက်ဝက်တက်ရောက်ရမည်။

(ဇ) နာယကအဖွဲ့၏ အထူးအစည်းအဝေး ကျင်းပသည့်မည့်သည့် အချိန်တွင်မဆို အစည်းအဝေးအထမြောက်ရန် လိုအပ်သည့်ဦးရေတက်ရောက်ခြင်းမရှိသည့်အခါ နာယကအဖွဲ့အစည်းအဝေး၏ သဘာပတိအဖြစ်ဆောင်ရွက်သည့် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ရန် လိုအပ်သည့်ဦးရေကို အလေးထားရန်မလိုဘဲ ထူးခြားသည့် အခြေအနေပေါ်မူတည်၍ ဆန္ဒမဲပေး၍ အထူးဆုံးဖြတ်ချက်တစ်ရပ်ကို ဆုံးဖြတ်နိုင်သည်။

(ဈ) အစည်းအဝေးအထမြောက်ရန် လိုအပ်သည့်ဦးရေ အပြည့်အ​ဝတက်ရောက်သည့်အနီးဆုံး နာယကအဖွဲ့ပုံမှန်အစည်းအဝေးတွင် ထူးခြားသည့်အခြေအနေကြောင့် ဆန္ဒမဲပေး၍ ချမှတ်ခဲ့သည့် အထူးဆုံးဖြတ်ချက်အား အတည်ပြုလက်မှတ်ရေးထိုးရမည်။

၅၆။ ဆုံးဖြတ်ချက်ချမှတ်ခြင်း

(က) နာယကအဖွဲ့ဝင်တိုင်း တစ်ဦးလျှင် ဆန္ဒမဲတစ်မဲ ပေးပိုင်ခွင့်ရှိသည်။

(ခ) နာယကအဖွဲ့အစည်းအဝေးတစ်ခုတွင် ဆုံးဖြတ်ချက်တစ်ခုချမှတ်ရာ၌ အစည်းအဝေးတက်ရောက်သော နာယကအဖွဲ့ဝင်အများစု၏ ဆန္ဒမဲဖြင့် ဆုံးဖြတ်ချက်ချမှတ်ရမည်။ 

(ဂ) ဥက္ကဋ္ဌသည် အစည်းအဝေးများတွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး  အစည်းအဝေးများတွင်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။

(ဃ) တည်ထောင်သူသည် အစည်းအဝေးများတွင်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသကဲ့သို့ ၎င်းတည်ထောင်ခဲ့သော အဖွဲ့အစည်း၏ ဦးတည်ချက်ကွဲလွဲနေသည်ဟုယူဆပါက ဆုံးဖြတ်ချက်များအား လိုအပ်ပါက ဗီတိုဖြင့် ပယ်ဖျက်နိုင်မည်ဖြစ်သည်။

(ဃ) မဲအရေအတွက် တူညီနေလျှင် သဘာပတိ၏ အဆုံးအဖြတ်မဲဖြင့် ဆုံးဖြတ်ချက်ချမှတ်ရမည်။

(င) နာယကအဖွဲ့အတွက် နာယကအဖွဲ့လက်စွဲမူဝါဒကို ရေးဆွဲချမှတ်ပြဋ္ဌာန်းပေးရမည်။

၅၇။ မူဝါဒများချမှတ်ခြင်း 

နာယကအဖွဲ့သည် နာယကအဖွဲ့ဝင်များရာ၏ သဘောတူညီချက်ဖြင့် ၎င်းနာယကအဖွဲ့က ချမှတ်ပိုင်ခွင့်ရှိသော မူဝါဒများကို ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် အညီ ပြဋ္ဌာန်းချမှတ်ထုတ်ပြန်ရမည်။

၅၈။ နာယကအဖွဲ့ဝင်များ 

(က) နာယကအဖွဲ့ကို ဖွဲ့စည်းရာတွင် အဖွဲ့ဝင်ဦးရေမှာ (၁၂) ဦးထက် မပိုစေရ။

(ခ) နာယကအဖွဲ့၏ အကြီးအကဲနာယကမှာအဖွဲ့တည်ထောင်သူဖြစ်ပြီး သဘာပတိမှာ ဥက္ကဋ္ဌဖြစ်သည်။  

(ဂ) နာယကအဖွဲ့တွင် တည်ထောင်သူသည်အမြဲတမ်း နာယကအဖွဲ့ဝင်အဖြစ်ပါဝင်ရမည်။ 

(ဃ) နာယကအဖွဲ့ဝင်များကို တည်ထောင်သူနှင့် ဥက္ကဋ္ဌက သင့်တော်သည့်ပုဂ္ဂိုလ်ဟု မှတ်ယူပါက အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် ခန့်အပ်နိုင်သည်။ အလုပ်အမှုဆောင်ဒါရိုက်တာမှ အမည်စာရင်းတင်သွင်းသော ပုဂ္ဂိုလ်များကိုလည်း ဥက္ကဋ္ဌက ခန့်အပ်ရမည်။

(င) အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး နာယကအဖြစ် ခန့်အပ်ခံပိုင်ခွင့်ရှိသည်-

(၁) နာယကအဖြစ်ခန့်အပ်ရန်အတွက် အမည်စာရင်း တင်သွင်းလွှာတင်သွင်းချိန်တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဤဖွဲ့စည်းပုံအခြေခံမူပါ အဖွဲ့ဝင်အရည်အချင်းများပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သူ၊

ရှင်းလင်းချက် ။ ။ ဤပြဋ္ဌာန်းချက်ကြောင့်အဖွဲ့အစည်းပြင်ပမှ အဖွဲ့ဝင်မဟုတ်သူကို နာယကအဖြစ် မခန့်အပ်နိုင်ဟုမမှတ်ယူရ။ ထိုပုဂ္ဂိုလ်သည် အဖွဲ့ဝင်အရည်အချင်းများပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် အဖွဲ့ဝင်မဟုတ်သော်ငြားလည်း နယကအဖြစ်ရပ်တည်ပိုင်ခွင့်ရှိသည်။

(၂) အဖွဲ့အစည်းအပေါ်သစ္စာရှိသူ၊

(၃) တည်ဆဲဥပဒေဖြင့် တရားစွဲဆိုခြင်းခံရခြင်းမရှိသူ၊

(၄) အဖွဲ့အစည်းအရေးအရာများဖြစ်သော စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ သဘာဝပတ်ဝန်းကျင်ရေးရာ၊ လူငယ်ရေးရာ၊ စီးပွားရေးစသည့် အမြင်များရှိသူ၊

(၅) မြန်မာ့သစ်ခွ၏ ပရဟိတဆိုင်ရာကိစ္စများ အကြောင်းကို ကောင်းစွာသိရှိသူ၊

(၆) အခြားပြဋ္ဌာန်းချက်များတွင် သတ်မှတ်ထားသည့် အခြားအရည်အချင်းများနှင့် ပြည့်စုံသူ။

(စ) နာယကအဖြစ် ခန့်အပ်ခံရပြီးနောက် အောက်ပါအချက် တစ်ခုခုနှင့် ငြိစွန်းလျှင် နာယကအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ-

(၁) သာသနာ့ဝန်ထမ်းအဖြစ်သို့ အမြဲတမ်းကူးပြောင်းသွားခြင်း၊

  • ဗုဒ္ဓဘာသာဝင်များအတွက်ဖြစ်လျှင် ဗုဒ္ဓဘာသာသာသနာ့ဝန်ကို ထမ်းရွက်နေသော ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ မယ်သီလ၊

ရှင်းလင်းချက်။ သာသနာ့ဝန်ထမ်းဟု ဆိုရာတွင် သာသနာရေးဆိုင်ရာ ရဟန်း သို့မဟုတ် သာသနာ့ ဝန်ထမ်းအဖြစ် ခေတ္တခံယူထားသူများနှင့်လည်း သက်ဆိုင်စေရမည်။

  • ခရစ်ယာန်ဘာသာဝင်များအတွက်ဖြစ်လျှင် ခရစ်ယာန်သာသနာ့ဝန်ကို ထမ်းဆောင်ရန် အဓိကအားဖြင့် မိမိကိုယ်ကို ဆက်ကပ်ပြီးသော ပုဂ္ဂိုလ်ဟု သက်ဆိုင်ရာ ခရစ်ယာန်အသင်းတော်ကြီးများ (Churches) က အသိအမှတ်ပြု၍ သိက္ခာပေးထားခြင်းခံရသော သို့မဟုတ် တာဝန်ပေးထားခြင်း ခံရသော ပုဂ္ဂိုလ်များနှင့် မိမိတို့ကိုးကွယ်ရာဘာသာအရ ဂိုဏ်းချုပ်၏ အုပ်ချုပ်ခြင်းကို ဆန္ဒအလျောက် လက်ခံ၍ ဘာသာရေးစည်းမျဉ်း သို့မဟုတ် အဓိဋ္ဌာန်ပြုချက်ဖြင့် စည်းရုံးထားသော ပုဂ္ဂိုလ်တစ်စုတွင် သို့မဟုတ် အဖွဲ့အစည်းတွင် ပါဝင်သော ပုဂ္ဂိုလ်များ၊
  • ဟိန္ဒူဘာသာဝင်များအတွက်ဖြစ်လျှင် စံယာစီ၊ မဟန့် သို့မဟုတ် ဟိန္ဒူဘုန်းတော်ကြီးများ။

(၂) စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခံရခြင်း၊

(၃) လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာခံရခြင်း၊

(၄) ခန့်အပ်ခြင်းခံရပြီးနောက် တည်ဆဲဥပဒေတစ်ရပ်ရပ် အရ ထောင်ဒဏ်ကျခံရခြင်း၊

(၅) နာယကအဖွဲ့ဝင်အဖြစ်မှ ဥက္ကဋ္ဌက နုတ်ထွက်ခွင့်ပြုခြင်း၊

(၇) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသော အထောက်အထားရှိသည်ဟု သက်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ခံရခြင်း၊

၅၉။ ရာထူးသက်တမ်း 

ပုံမှန်နာယကအဖွဲ့ဝင်တစ်ဦးကို လုပ်သက် (၂) နှစ်ပြည့်ပါက ဥက္ကဋ္ဌက တာဝန်မှအနားပေးနိုင်သည်။ ဆက်လက်ထမ်းဆောင်စေခြင်းလည်းပြုနိုင်သည်။ လုပ်သက် (၂) နှစ်ပြည့်သော်ငြားလည်း ဥက္ကဋ္ဌမှ အခြားမည်သည့် ညွှန်ကြားချက်မျှမရှိလျှင် အဖွဲ့ဝင်အဖြစ်ဆက်လက်တည်မြဲသည်။ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်မည်ဆိုပါကလည်း တာဝန်မှ အနားပေးနိုင်သည်။

၆၀။ ရာထူးခန့်အပ်ခြင်း 

ဥက္ကဋ္ဌသည် အထက်ပါစာပိုဒ် (၅၈) စာပိုဒ်ခွဲ (ဃ) အရ နာယကအဖြစ် ခန့်အပ်ခံရသူကို နာယကအဖွဲ့ဝင်အဖြစ် ခန့်အပ်ကြောင်းကြေညာပေးရမည်။

၆၁။ ရာထူးမှအနားယူ၊ နုတ်ထွက်ခြင်းနှင့်ဖယ်ရှားခြင်း 

(က) နာယကသည် မိမိ၏ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျောက် နုတ်ထွက်လိုလျှင် ဥက္ကဋ္ဌက နုတ်ထွက်ခွင့်ပြုရမည်။

(ခ) နာယကများကိုလည်း ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း စာပိုဒ် (၁၀၀) ပါ ပြဋ္ဌာန်းချက်များအတိုင် စွပ်စွဲပြစ်တင်ဖယ်ရှားနိုင်သည်။ 

အလုပ်အမှုဆောင်ဒါရိုက်တာ

၆၂။ အလုပ်အမှုဆောင်ဒါရိုက်တာ 

        အဖွဲ့အစည်းအတွင်း အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ တွဲဖက်အကြီးအကဲနှင့် ဒါရိုက်တာများ၏ ခေါင်းဆောင်ဖြစ်‌ပြီး ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့နှင့်အတူ မြန်မာ့သစ်ခွကို ပူးတွဲဦးဆောင်မည့် အလုပ်အမှုဆောင်ဒါရိုက်တာ တစ်ဦးရှိရမည်။

၆၃။ တာဝန်နှင့်လုပ်ပိုင်ခွင့်များ 

အလုပ်အမှုဆောင်ဒါရိုက်တာသည်-

(က) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ကို ဥက္ကဋ္ဌနှင့်အတူ ဦးဆောင်ရမည်။

(ခ) ဒါရိုက်တာများ (သို့မဟုတ်) ၎င်း၏ဆုံးဖြတ်ချက်အတိုင်း လိုအပ်သော သက်ဆိုင်ရာ အကြံပြုချက်အပေါ် မူဝါဒများချမှတ်ရန် လုပ်ပိုင်ခွင့်ရှိရမည်။

(ဂ) ဥက္ကဋ္ဌမှ ဒါရိုက်တာများခန့်အပ်နိုင်ရန် အခြားဌာနဆိုင်ရာ ဒါရိုက်တာများနှင့် ကောင်စီ၊ ကော်မတီ၊ ရုံးများ၏ အကြီးအကဲများ၏ အမည်စာရင်းကိုတင်သွင်းရမည်။

(ဃ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အကြံပြုချက်ဖြင့် အထွေထွေ ကိစ္စရပ်များကို စဉ်းစားဆုံးဖြတ်ရန် လုပ်ပိုင်ခွင့်ရှိသည်။

(င) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ၏ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ ကိစ္စရပ်များအားလုံးကို အထွေထွေညီလာခံနှင့် ဥက္ကဋ္ဌထံ အပြည့်အဝ အသိပေးရမည်။

(စ) အလုပ်အမှုဆောင်ဒါရိုက်တာသည်  ဥက္ကဋ္ဌမှတစ်ဆင့် အထွေထွေအစည်းဝေးသို့ တာဝန်ခံရမည်။

(ဆ) အလုပ်အမှုဆောင်ဒါရိုက်တာသည် ဖွဲ့စည်းပုံအခြေခံမူနှင့် အခြားမူဝါဒများမှ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးကာ တာဝန်များကို ထမ်းဆောင်ရမည်။

(ဇ) အလုပ်အမှုဆောင်ဒါရိုက်တာသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ စီမံခန့်ခွဲရေး၊ ဆုံးဖြတ်ရေးနှင့် အကြံပြုရေး စသည့် လုပ်ငန်းတာဝန်များကို တာဝန်ယူထမ်းဆောင်ရမည်။

(ဈ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ရှိ ဒါရိုက်တာများနဲ့ ကောင်စီကော်မတီအကြီးအကဲများကို ဦးဆောင်မှုပြုရမည်။

(ည) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များအား ရုံးဌာနအလိုက် တာဝန်ခွဲဝေသတ်မှတ်ပေးရမည်။

(ဋ) ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီများ၏ ဒါရိုက်တာများနှင့် အကြီးအကဲများ၏လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များကို ပေါင်းစပ် ညှိနှိုင်းပေးခြင်း ပြုလုပ်နိုင်သည်။

(ဌ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးများကို ခေါ်ယူကျင်းပရန် ဥက္ကဋ္ဌအားတင်ပြရမည် သို့တည်းမဟုတ် ခေါ်ယူကျင်းပရမည်။

(ဍ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးများ၌ ဥက္ကဋ္ဌ မတက်ရောက်ခဲ့ပါက သဘာပတိအဖြစ် ဆောင်ရွက်၍ အစည်းအဝေးများကို ဦးဆောင်ရမည်။

(ဎ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ကိုယ်စား အဖွဲ့အစည်း၏စီမံခန့်ခွဲရေး အခြေအနေတရပ်ရပ်တို့ကို နာယကအဖွဲ့သို့ အခါအားလျော်စွာတင်ပြနိုင်သည်။

(ဏ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အထွေထွေအစည်းအဝေးသို့တင်ပြရန် လိုအပ်သည့် ကိစ္စရပ်များကို တင်ပြနိုင်သည်။

(တ) ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အဖွဲ့အစည်းနှင့် ၎င်း၏ မျှော်မှန်းချက်၊ ရည်ရွယ်ချငက်များ၏ အကျိုးစီးပွားများအတွက် ဥက္ကဋ္ဌအား အကြံပြုချက်များပေးရမည်။ ဥက္ကဋ္ဌသည် ၎င်းအကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်။

(ထ) အကြံပြုချက်များ၊ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဥက္ကဋ္ဌမှတစ်ဆင့် နာယကအဖွဲ့သို့ဖြစ်စေ အထွေထွေအစည်းအဝေးသို့ဖြစ်စေတာဝန်ခံရမည်။

(ဒ) အဖွဲ့အစည်း၏ မျှော်မှန်ချက်၊ လုပ်ငန်းတာဝန်၊ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အဖွဲ့အစည်းတွင်း အမှုဆောင်ရုံးများ၊ ဌာနများ၊ ကောင်စီ၊ ကော်မတီ၊ ရုံများအပြင် အဖွဲ့အစည်းပြင်ပရှိ အစိုးရရုံး ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။

(ဓ) အလုပ်အမှုဆောင်ဒါရိုက်တာသည် ဥက္ကဋ္ဌက ခွဲဝေပေးသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

(န) အလုပ်အမှုဆောင်ဒါရိုက်တာသည် ဖွဲ့စည်းပုံအခြေခံမူ၊ မူဝါဒများနှင့် လုပ်ထုံးများနှင့်အညီ 

ဥက္ကဋ္ဌနှင့် ဆွေးနွေး၍ အများ၏အကြုံပြုချက်များအား အတည်ပြုခြင်း ၊ ပယ်ဖျက်ခြင်း ရုပ်သိမ်းခြင်း စသည့်တို့ကို ဆောင်ရွက်နိုင်သည်။

(ပ) အလုပ်အမှုဆောင်ဒါရိုက်တာသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးများနှင့် ဌာနဆိုင်ရာအစည်းအဝေးများ သို့မဟုတ် အထွေထွေအစည်းအဝေးများတွင် အဖွဲ့အစည်းတစ်ခုလုံး၏ အထွေထွေအခြေအနေများနှင့် စပ်လျဉ်း၍ အဖွဲ့ဝင်များအား တင်ပြပိုင်ခွင့်ရှိသည်။ ကြေငြာချက်၊ သဘောထားထုတ်ပြန်ချက်၊ ပေးစာနှင့် ညွှန်ကြားချက် စသည့် ရုံးလုပ်ငန်းစာများအားလည်း ထုတ်ပြန်ပိုင်ခွင့်ရှိသည်။

(ဖ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တဦးဦးအား တာဝန်မှရပ်စဲရန် လိုအပ်ပါက၊ ယင်းအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်အား ဥက္ကဋ္ဌက တာဝန်မှရုပ်သိမ်းပေးရန်တင်ပြရမည်။

(ဗ) အလုပ်အမှုဆောင်ဒါရိုက်တာသည် ဖွဲ့စည်းပုံအခြေခံမူ (သို့မဟုတ်) မူဝါဒတစ်ခုခုအရ အပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်း အတွက် အထွေထွေအစည်းအဝေးများထံတွင် ရှင်းလင်းရန် တာဝန်မရှိစေရ။ သို့ရာတွင်၊ ဤတာဝန်ဝတ္တရားနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များသည် ဖွဲ့စည်းပုံအခြေခံမူများတွင်ပါရှိသည့် အလုပ်အမှုဆောင်ဒါရိုက်တာအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ကိစ္စများနှင့် သက်ဆိုင်ခြင်းမရှိစေရ။

၆၄။ အလုပ်အမှုဆောင်ဒါရိုက်တာရုံး

အထက်ပါ မြန်မာ့သစ်ခွအလုပ်အမှုဆောင်ဒါရိုက်တာ၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ကူညီထောက်ပံ့နိုင်ရန် အလုပ်အမှုဆောင်ဒါရိုက်တာရုံးကိုဖွဲ့စည်းသည်။ ၎င်းအဖွဲ့အစည်းသည် မြန်မာ့သစ်ခွအဖွဲ့ ရုံး၊ ဌာနများတွင် တတိယအထွဋ်အထိပ် နေရာတွင်တည်ရှိသည်။

၆၅။ ရာထူးသက်တမ်းနှင့်ရွေးကောက်တင်မြှောက်ခြင်း

(က) အလုပ်အမှုဆောင်ဒါရိုက်တာ၏ ရာထူးသက်တမ်းသည် (၆) လ ဖြစ်သည်။ ရာထူးမှ သက်တမ်းကုန်ဆုံးသည့်အခါ ပြန်လည်အရွေးချယ်ခံနိုင်သည်။

(ခ) ယင်းရာထူးသက်တမ်း ကုန်ဆုံးသည့်အခါ အလုပ်အမှုဆောင်ဒါရိုက်တာအသစ် ရွေးချယ်တင်မြှောက်ပြီးသည့် အချိန်အထိ အလုပ်အမှုဆောင်ဒါရိုက်တာသည် မိမိတို့၏လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်။

(ဂ) အလုပ်အမှုဆောင်ဒါရိုက်တာ ရွေးချယ်ပွဲအား အလုပ်အမှုဆောင်ဒါရိုက်တာသက်တမ်းမကုန်မီ 

သီတင်းပတ်နှစ်ပတ် အလိုတွင် ကျင်းပရမည်။ အလုပ်အမှုဆောင်ဒါရိုက်တာရာထူးအတွက် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲကြီးကြပ်ရေးကော်မရှင်သို့ လျှောက်ထားနိုင်သည်။ ဥက္ကဋ္ဌမှ ရွေးကောက်ပွဲရလဒ်ကို ကြေညာပြီး‌ နောက်တွင် အလုပ်အမှုဆောင်ဒါရိုက်တာသည် ရာထူးမှ နုတ်ထွက်ကြောင်းကိုအကြောင်းကြားရမည်။ ဥက္ကဋ္ဌမှ ရွေးကောက်ပြီး အသစ်ခန့်အပ်ရန် လျာထားသည့် အလုပ်အမှုဆောင်ဒါရိုက်တာလောင်းကို အလုပ်အမှုဆောင်ဒါရိုက်ဟောင်း ရာထူးမှ နုတ်ထွက်ပြီးနောက်ရက်တွင် ဥက္ကဋ္ဌအမှုဆောင်ကြေငြာချက်ဖြင့် ခန့်အပ်ရမည်။ လက်ရှိ တာ၀န်ထမ်းဆောင်နေသည့် အလုပ်အမှုဆောင် ဒါရိုက်တာမှ ရွေးချယ်ပွဲတွင် ဆက်လက်အနိုင်ရရှိပါက အထက်ပါ နုတ်ထွက်မည့်လုပ်ငန်းစဉ်များကို လုပ်ဆောင်ရမည်မဟုတ်ပေ။

(ဃ) အကြောင်းတစ်ရပ်ရပ်ကြောင့် အလုပ်အမှုဆောင်ဒါရိုက်တာ ရာထူးနေရာ လစ်လပ်သည့်အတွက် အင်္ဂါစဉ်အရအစားထိုးတင်မြှောက်ခန့်အပ်ပါက ယင်းအလုပ်အမှုဆောင်ဒါရိုက်တာအသစ်၏ ရာထူးသက်တမ်းသည် မူလရာထူးသက်တမ်းကုန်ဆုံးသည်အထိသာဖြစ်ရမည်။

(င) အလုပ်အမှုဆောင်ဒါရိုက်တာကို ရွေးချယ်ရာတွင် အလုပ်အမှုဆောင်ဒါရိုက်တာ ရာထူးအတွက် ကိုယ်စားလှယ်လောင်းများသည် စာပိုဒ်အမှတ် (၇၃) ပါ ပြဋ္ဌာန်းချက်များအရ အရည်အချင်းပြည့်မီသူဖြစ်ရမည်။  

(စ) ဥက္ကဋ္ဌမှလည်း ကိုယ်စားလှယ်လောင်းအမည်စာရင်းများ တင်သွင်းနိုင်သည်။

(ဆ) ရွေးချယ်ခြင်းဆိုင်ရာကိစ္စရပ်များကို စာပိုဒ်အမှတ် (၁၅၄) ပါ ပြဋ္ဌာန်းချက်များ အတိုင်းဆောင်ရွက်ရမည်။

၆၆။ ရာထူးခန့်အပ်ခြင်း 

ဥက္ကဋ္ဌသည် အလုပ်အမှုဆောင်ဒါရိုက်တာရွေးကောက်ပွဲတွင် အနိုင်ရရှိသူကို အလုပ်အမှုဆောင်ဒါရိုက်တာ အဖြစ်ခန့်အပ်ကြောင်းကြေညာပေးရမည်။ ၎င်းအလုပ်အမှုဆောင်ဒါရိုက်တာသည် ဥက္ကဋ္ဌ ရှေ့မှောက်တွင် မြန်မာ့သစ်ခွအဖွဲ့၏ လုပ်ငန်းတာဝန်၊ ရည်ရွယ်ချက်များ၊ စံတန်ဖိုးများ၊ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၊ မူဝါဒများနှင့် စည်းမျဉ်းစည်းများကို လိုက်နာမည်ဖြစ်ကြောင်း အလုပ်အမှုဆောင်ဒါရိုက်တာ ခန့်အပ်လွှာတွင် လက်မှတ်ရေးထိုး ကတိပြုရမည်။

၆၇။ ရာထူးမှအနားယူ၊ နုတ်ထွက်ခြင်းနှင့်ဖယ်ရှားခြင်း

(က) အလုပ်အမှုဆောင်ဒါရိုက်တာသည် မိမိ၏ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျောက် သို့မဟုတ် အောက်ပါ စာပိုဒ်ခွဲ (ဂ) အရ နုတ်ထွက်လိုလျှင် ဥက္ကဋ္ဌက နုတ်ထွက်ခွင့်ပြုရမည်။

(ခ) အလုပ်အမှုဆောင်ဒါရိုက်တာသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သော ကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ အလုပ်အမှုဆောင်ဒါရိုက်တာရာထူးနေရာ လစ်လပ်လျှင် ကျန်သက်တမ်းအား အောက်ပါအင်္ဂါစဉ်အလိုက်က အလုပ်အမှုဆောင်ဒါရိုက်တာအဖြစ် ထမ်းဆောင်ရမည်။

(၁) ဘဏ္ဍာရေးမှူး၊

(၂) အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှသတ်မှတ်သော ဌာနအင်္ဂါစဉ်အလိုက် ဒါရိုက်တာများ။

(ဂ) အလုပ်အမှုဆောင်ဒါရိုက်တာသည်၊ နာယကအဖွဲ့ဝင် သို့မဟုတ် အဖွဲ့ဝင် များရာ၏ ထောက်ခံမှုကို မရသောအခါ၊ ရာထူးမှနုတ်ထွက်ရမည်။ အကယ်၍ ၎င်းမနုတ်ထွက်ပါက ဥက္ကဋ္ဌမှ ၎င်းအားရာထူးမှဖယ်ရှားရမည်။

(ဃ) အလုပ်အမှုဆောင်ဒါရိုက်တာကိုလည်း ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း စာပိုဒ် (၁၀၀) ပါ ပြဋ္ဌာန်းချက်များအတိုင် စွပ်စွဲပြစ်တင်ဖယ်ရှားနိုင်သည်။ 

ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့

၆၈။ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့

(က) အဖွဲ့အစည်းအား အထွေထွေအစည်းအဝေးနှင့် နာယကအဖွဲ့၏ ယုံကြည်မှုထောက်ခံချက်ဖြင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ စီမံခန့်ခွဲသည်။

(ခ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အဖွဲ့အစည်းအတွင်း ဤဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် အဖွဲ့အစည်း၏ အမြင့်ဆုံးစီမံခန့်ခွဲရေးအဖွဲ့ အဖြစ်ဆောင်ရွက်သည်။

(ဂ) အဖွဲ့အစည်း၏အုပ်ချုပ်ရေးအာဏာကိုဥက္ကဋ္ဌတွင်အပ်နှင်းထားပြီး ဥက္ကဋ္ဌသည် အလုပ်အမှုဆောင်ဒါရိုက်တာ၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့တို့နှင့် ညှိနှိုင်းဆောင်ရွက်ပြီး အဖွဲ့အစည်း၏ ဖွဲ့စည်းပုံအခြေခံမူ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဖွဲ့အစည်းကိုစီမံခန့်ခွဲသည်။

(ဃ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များဖြစ်သော ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်ဒါရိုက်တာ၊ အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့်ဒါရိုက်တာများသည် အဖွဲ့အစည်း၏ ဗဟိုအုပ်ချုပ်ရေးကို စီမံခန့်ခွဲရန်အပြည့်အဝ တာဝန်ရှိသည်။

(င) ၎င်းဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် မြန်မာ့သစ်ခွအဖွဲ့ ရုံး၊ ဌာနများတွင် စတုတ္ထအထွဋ်အထိပ် နေရာတွင်တည်ရှိသည်။

၆၉။ တာဝန်နှင့်လုပ်ပိုင်ခွင့်များ  

(က) ဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များနှင့် မူဝါဒများနှင့် မဆန့်ကျင်လျှင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ စီမံခန့်ခွဲပိုင်ခွင့်သည် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် ဖွဲ့စည်းပုံအခြေခံမူ နှင့်အညီတည်ရှိနေသော မူဝါဒများပါ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များအားလုံး တွင် သက်နှံ့ပြန့်ရောက်အကျုံးဝင်သည်။  

(ခ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များနှင့် မူဝါဒများနှင့်အညီ ၎င်း၏ လက်အောက်ရှိ ရုံး၊ ဌာနများ၏ လုပ်ငန်းတာဝန်များ၊ ရုံးလုပ်ငန်း ရေးရာကိစ္စများနှင့် အဖွဲ့အစည်းများ၊ စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို အညီအညွတ် ဆောင်ရွက်ခြင်း စသည့်တို့ကိုထမ်းဆောင်ရမည်။

(ဂ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များသည် အလုပ်အမှုဆောင်ဒါရိုက်တာမှ တစ်ဆင့် ဥက္ကဋ္ဌအား တာဝန်ခံရမည်။

(ဃ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များသည် အလုပ်အမှုဆောင်ဒါရိုက်တာ၏ လမ်းညွှန် ညွှန်ကြားချက်များကို ထမ်းဆောင်ရမည်။

(င) အဖွဲ့အစည်းအတွင်း ဤဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် မြန်မာ့သစ်ခွ၏အမြင့်ဆုံး အဖွဲ့အစည်းရေးရာစီမံခန့်ခွဲရေး အဖွဲ့အစည်းအဖြစ် ထမ်းဆောင်ရမည်။

(စ) အထွေထွေအစည်းအဝေးနှင့် နာယကအဖွဲ့တို့မှ ချမှတ်ထားသောရည်မှန်းချက်များ၊ မူဝါဒများ၊ လမ်း ညွှန်ချက်များအရ မြန်မာ့သစ်ခွ၏ အဖွဲ့အစည်းရေးရာ စီမံခန့်ခွဲရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ စီမံကိန်းနှင့် လုံခြုံရေး စသည့်လုပ်ငန်းကိစ္စအဝဝကို တာဝန်ယူဆောင် ရွက်ရမည်။

(ဆ) အထွေထွေအစည်းအဝေးနှင့် နာယကအဖွဲ့၏ ဆုံးဖြတ်ချက်များနှင့် ညွှန်ကြားချက်များကို အကောင်အထည်ဖော်ရမည်။

(ဇ) အဖွဲ့အစည်း၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းများကို လိုအပ်သလို ညှိနှိုင်းရေးဆွဲ၍ နာယကအဖွဲ့သို့ တင်ပြရမည်။

(ဈ) အဖွဲ့အစည်းရေးရာစီမံခန့်ခွဲရေးနှင့် ပတ်သက်၍ အဆင့်ဆင့်သော ဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများကို ပေါင်းစပ်ညှိနှိုင်းလမ်းညွှန် ဆက်သွယ်ပေးရမည်။

(ည) အဖွဲ့အစည်းရေးရာစီမံခန့်ခွဲရေးနှင့် ပတ်သက်၍အခြားလိုအပ်သော မူဝါဒစည်းမျဉ်း များကို နာယကအဖွဲ့သို့တင်ပြနိုင်သည်။

(ဋ) နာယကအဖွဲ့သို့ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ တင်ပြရန်ရှိသော အရေးကိစ္စများကို ဥက္ကဋ္ဌမှတဆင့်တင်ပြနိုင်သည်။

(ဌ) စီမံကိန်းများကို အကောင်အထည်ဖော်ရာ၌ အကျိုးသက်ရောက်မှုကို အထွေထွေအစည်းအဝေးနှင့် နာယကအဖွဲ့သို့ အစီရင်ခံတင်ပြရမည်။

(ဍ) အဖွဲ့အစည်းရေးရာစီမံခန့်ခွဲရေးနှင့်ပတ်သက်၍ အထွေထွေအစည်းအဝေးအတွင်း မေးမြန်းချက်များကို သတ်မှတ်ထားသောစည်းကမ်းနည်းလမ်းများနှင့်အညီ ဖြေကြားရမည်။

(ဎ) အဖွဲ့အစည်းရေးရာစီမံခန့်ခွဲရေး ဌာနအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပေါင်းစပ်ခြင်း၊ လိုအပ်ပါကဖျက်သိမ်းခြင်းများ ဆောင်ရွက်ရန် အလုပ်အမှုဆောင်ဒါရိုက်တာ၏ သဘောတူညီချက်ဖြင့် ဥက္ကဋ္ဌအားတင်ပြဖွဲ့စည်းရမည်။ ထိုသို့ဖွဲ့စည်းရာတွင် ၎င်းတို့ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ရမည်။  လိုအပ်သောအဖွဲ့ဝင်များကိုလည်း ခန့်ထားနိုင်သည်။

(ဏ) သီးသန့်ရန်ပုံငွေဖြင့်ဖွဲ့စည်းဆောင်ရွက်သော စီးပွားရေးအဖွဲ့အစည်းများဖွဲ့စည်းရေးနှင့် ပတ်သက်၍ နာယကအဖွဲ့သို့တင်ပြနိုင်သည်။

(တ) ဂုဏ်ထူးဆောင်ဆု၊ တံဆိပ်များ၊ ပြဋ္ဌာန်းရန်၊ အပ်နှင်းရန်၊ ရုပ်သိမ်းရန်ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဥက္ကဋ္ဌက စဉ်းစားဆုံးဖြတ်နိုင်ရန် တင်ပြနိုင်သည်။

(ထ) မြန်မာ့သစ်ခွနှင့် ၎င်း၏မျော်မှန်းချက်၊ လုပ်ငန်းတာဝန်၊ ရည်ရွယ်ချက်များအတွက် အကျိုးရှိစေမည့် အကြံပေးချက်များကို ဥက္ကဋ္ဌ သို့မဟုတ် နာယကအဖွဲ့ သို့မဟုတ် အထွေထွေအစည်းအဝေးသို့ တင်ပြရမည်။

(ဒ) ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီများ လိုက်နာဆောင်ရွက်ရမည့် အထွေထွေအစည်းအဝေး၊ သို့မဟုတ် နာယကအဖွဲ့၏ဆုံးဖြတ်ချက်များ၊ လမ်းညွှန်ချက်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီများ အားဆောင်ရွက်စေခြင်းပြုရမည်။

(ဓ) ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီများ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် အစီရင်ခံစာများကို စိစစ်၍ ယင်းသို့ဆောင်ရွက်ချက်များသည်၊ အထွေထွေအစည်းအဝေး၊ နာယကအဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့တို့မှချမှတ်ထားသည့် ဆုံးဖြတ်ချက်များ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီခြင်းရှိ မရှိ ဆုံးဖြတ်ရမည်။

(န) ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီများမှ သက်ဆိုင်ရာကိစ္စများအတွက်ထုတ်ပြန်သော  ညွှန်ကြားချက်များနှင့်လုပ်ထုံးလုပ်နည်းများသည် နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့တို့မှ ထုတ်ပြန်ထားသည့်စည်းမျဉ်းများ၊ စည်းကမ်းများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီ ခြင်းရှိ မရှိ စိစစ်ဆုံးဖြတ်ရမည်။

(ပ) ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီများမှ တင်ပြသည့် ကိစ္စများနှင့် အဖွဲ့အစည်း အကျိုးပြုအကြံပေးချက်များအနက်၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် သက်ဆိုင်သောကိစ္စရပ်များကိုစိစစ်ဆောင် ရွက်ပေးခြင်း၊ ဆောင်ရွက်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များကို နာယကအဖွဲ့သို့ တင်ပြခြင်း ပြုလုပ်ရမည်။

(ဖ) လုပ်ငန်းသဘောအရလည်းကောင်း၊ အခြေအနေအရလည်းကောင်း မည်သည့် အဖွဲ့အစည်းနှင့်မဆို တိုက်ရိုက်ဆက်သွယ်ခြင်း။

(ဗ) ရုံး၊ ဌာနများ၊ ကောင်စီ၊ ကော်မတီ၊ အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့်စပ်လျဉ်း၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(၁) ရုံး၊ ဌာနများ၊ ကောင်စီ၊ ကော်မတီ၊ အဖွဲ့ဝင်များ၊ ဝန်ထမ်းများ ဖွဲ့စည်းရေးနှင့်ယင်းအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံများကိုရေးဆွဲခြင်း၊

(၂) ရုံး၊ ဌာနများ၊ ကောင်စီ၊ ကော်မတီ၊ အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များကိုသတ်မှတ်ခြင်း၊

(၃) ရုံး၊ ဌာနများ၊ ကောင်စီ၊ ကော်မတီ၊ အဖွဲ့ဝင်များ၊ ဝန်ထမ်းများကို လမ်းညွှန်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ပေးခြင်း၊

(၄) ရုံး၊ ဌာနများ၊ ကောင်စီ၊ ကော်မတီ၊ အဖွဲ့ဝင်များ၊ ဝန်ထမ်းများအတွက် ရသုံးခန့်မှန်းခြေငွေစာရင်းခွင့်ပြုချက်များဆောင်ရွက်ခြင်း၊

(၅) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကိုလည်းကောင်း၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများ၊ ဆုံးဖြတ်ချက်များကိုလည်းကောင်း မဆန့်ကျင်စေပဲ ရုံး၊ ဌာနများ၊ ကောင်စီ၊ ကော်မတီ၊ အဖွဲ့ဝင်များ၊ ဝန်ထမ်းများအတွက် လိုအပ်သောစည်းမျဉ်းများ၊ စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများ ကိုထုတ်ပြန်ခြင်း။

(ဘ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များသည် အောက်ပါကျင့်ဝတ်နှင့်စည်းကမ်းများကို လိုက်နာစောင့် ထိန်းရမည် -

(၁) မြန်မာ့သစ်ခွဖွံ့ဖြိုးတိုးတက်ရေးနှင့် အဖွဲ့အစည်း၏ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်၊ ရည်မှန်းချက်များကို ရှေးရှုဦးတည်၍ဆောင်ရွက်ရမည်၊

(၂) မိမိတို့၏လုပ်ဆောင်ချက်များကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့အစီရင်ခံရမည်၊

(၃) အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ဆုံးဖြတ်ချက်များနှင့် အစည်းအဝေးမှတ်တမ်းများကို ထုတ်ပြန်ကြေညာခြင်း မပြုသေးသရွေ့ လျှို့ဝှက်ချက်များအဖြစ် ထိန်းသိမ်းစောင့်ရှောက်ရမည်။

(မ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင် တဦးဦးကိုဖြစ်စေ၊ အခြားပုဂ္ဂိုလ်တဦးဦးကိုဖြစ်စေ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါပြဋ္ဌာန်းချက်များ၊ မူဝါဒများ၊ အထွေထွေအစည်းအဝေး၏ဆုံးဖြတ်ချက်များ၊ နာယကအဖွဲ့၏ ဆုံးဖြတ်လမ်းညွှန်ချက်များနှင့်အညီ၊ အဖွဲ့အစည်းနှင့်ချုပ်ဆိုသော သဘောတူစာချုပ်များနှင့် သဘောတူညီချက် များကိုချုပ်ဆိုစေခြင်း၊ ရပ်စဲစေခြင်းတို့ကို ပြုလုပ်ရန်တာဝန်ပေးနိုင်သည်။

(ယ) အဖွဲ့အစည်း၏စီမံခန့်ခွဲရေး ကိစ္စများကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ကိုယ်စား တာဝန်ယူ ဆောင်ရွက်ရန် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များအား ယင်းတို့တာဝန်ယူသော ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီအလိုက်၊ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အဖွဲ့အစည်းအတွင်းအခြား ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီများ အပြင် အခြားအဖွဲ့အစည်းများနှင့် လိုအပ်သလို ဆက်သွယ်ဆောင်ရွက်ရန် မူဝါဒများ၊ ပြဋ္ဌာန်းချက်များ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးနိုင်သည်။

(ရ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် မြန်မာ့သစ်ခွ၏ ရည်မှန်းချက်များကို ရှေးရှု၍ ဤဖွဲ့စည်းပုံ အခြေခံမူနှင့် အခြားမူဝါဒများဖြင့် သတ်မှတ်သည့် အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်အား မှန်ကန်စွာ စီမံရမည်။  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်ရေးရာများတွင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် လူငယ်အခွင့်အရေးနှင့် အခွင့်အလမ်းများကို ထိန်းသိမ်းရန် ဦးတည်လုပ်ဆောင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တတ်နိုင်သမျှ အခြားအဖွဲ့အစည်းများနှင့် ကြိုးပမ်းရမည်။

(လ) မူဝါဒတစ်ရပ်ရပ်အရ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

(ဝ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များသည် ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အဖွဲ့မှ သဘောတူညီထားသည့် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စသည့်တို့ကို ထုတ်ပြန်ကြေညာနိုင်သည်။

(သ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်အားလုံးကို အလုပ်အမှုဆောင်ဒါရိုက်တာ၏ အမည်ဖြင့် အရေးယူဆောင်ရွက်ရမည်။

(ဟ) ဥက္ကဋ္ဌသည် မိမိ၏သဘောအတိုင်းဆောင်ရွက်ရန် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းက ပြဋ္ဌာန်းထားသည့်ကိစ္စရပ်များမှအပ အလုပ်အမှုဆောင်ဒါရိုက်တာ သို့မဟုတ် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ ကဆောင်ရွက်ခွင့်ရှိသော ကိစ္စရပ်များအတွက် လည်းကောင်း၊ အဆိုပါကိစ္စရပ်များကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များအား ခွဲဝေအပ်နှင်းရန်လည်းကောင်း၊ မူဝါဒတစ်ရပ်ရပ်အရ ဆောင်ရွက်ရန် တာဝန်ရှိသော ပုဂ္ဂိုလ်အား ခွဲဝေအပ်နှင်းရန်လည်းကောင်း လိုအပ်သည့်လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းခွင့် ရှိသည်။

(ဠ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည်-

(၁) ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ အထွေထွေအစည်းအဝေးက မူဝါဒချမှတ်နိုင်သော ကိစ္စရပ် များနှင့် စပ်လျဉ်း၍ လိုအပ်သည့် မူဝါဒမူကြမ်းကို အထွေထွေအစည်းအဝေးသို့တင်သွင်းနိုင်သည်။

(၂) ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ နာယကအဖွဲ့က မူဝါဒချမှတ်နိုင်သော ကိစ္စရပ် များနှင့် စပ်လျဉ်း၍ လိုအပ်သည့် မူဝါဒမူကြမ်းကို နာယကအဖွဲ့သို့တင်သွင်းနိုင်သည်။

(အ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အထွေထွေအစည်းအဝေးနှင့် ယင်းတို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များက ရှင်းလင်းတင်ပြရန် ဖိတ်ကြားလျှင် ရုံး၊ ဌာနအကြီးအကဲ သို့မဟုတ် တာဝန်ရှိသူအား တာဝန်ပေးခြင်းနှင့် ယင်းကော်မတီများသို့ လိုအပ်သော အချက်အလက်ပေးပို့ခြင်းများ ပြုနိုင်သည်။ အဖွဲ့ဝင်များ၏ မေးမြန်းချက်များကို သတ်မှတ်ထားသည့် စည်းကမ်း၊ နည်းလမ်း များနှင့် အညီ ဖြေကြားနိုင်သည်။

(ကက) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ သို့မဟုတ် ၎င်းကတာဝန်ခွဲဝေပေးထားသော တာဝန်ရှိ၊ ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီ၊ ပုဂ္ဂိုလ်များသည် စီမံကိန်းများကို မူဝါဒပါလုပ်ထုံးလုပ်နည်းများနှင့်အညီ စပ်လျဥ်း၍  မိတ်ဆက်အကောင်အထည်ဖော်ရမည်။

(ကခ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များ၏ နေ့စဉ်လုပ်ငန်း ဆောင်တာများ လုပ်ဆောင်ရန် တာဝန်ရှိသည်။

(ကဂ) ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၊ အခြားမူဝါဒများနှင့်အညီ လျှောက်ထားလာသော စေတနာ့ဝန်ထမ်းများကို မြန်မာ့သစ်ခွအဖွဲ့ဝင်အဖြစ် အတည်ပြုခြင်းများ ပြုလုပ်ပေးရမည်။ သို့ရာတွင် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် ဤလုပ်ငန်းကို လူ့စွမ်းအင်အရင်းအမြစ်ဆိုင်ရာ ဌာနသို့ လွှဲအပ်‌နိုင်သည်။

(ကဃ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များသည် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဒါရိုက်တာတို့၏ ညွှန်ကြားချက်များ၊ ပြဋ္ဌာန်းထားသည့် မူဝါဒနှင့် စည်းမျဉ်းများအတိုင်း ရာထူးတာဝန်များကို ထမ်းဆောင်ရမည်။

၇၀။ အစည်းအဝေးခေါ်ယူခြင်း

(က) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် ယင်း၏ပုံမှန်အစည်းအဝေးများကို အနည်းဆုံး သီတင်းပတ် တစ်ပတ်လျှင်တစ်ကြိမ် ကျင်းပရမည်။ လိုအပ်ပါက ဥက္ကဋ္ဌ သို့မဟုတ် အလုပ်အမှုဆောင်ဒါရိုက်တာ သို့မဟုတ် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင် ၃ပုံ၁ပုံ၏ ဆန္ဒဖြင့် အထူးအစည်းအဝေး ပြုလုပ်နိုင်သည်။

(ခ) ဥက္ကဋ္ဌသည် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးများတွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်။

(ဂ) ဥက္ကဋ္ဌ မရှိသည့်အခါ အလုပ်အမှုဆောင်ဒါရိုက်တာက အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ရမည်။

(ဃ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးသည် အစည်းအဝေးသို့တက်ရောက်ရန် ခိုင်လုံသော အကြောင်း မရှိဘဲ ပျက်ကွက်ခြင်းမရှိစေရ။ အစည်းအဝေးသို့ မတက်ရောက်နိုင်ပါက ခိုင်လုံသော အကြောင်းပြချက်ဖြင့် သဘာပတိထံ ကြိုတင်ခွင့်ပန်ရမည်။

(င) အစည်းအဝေးမှတ်တမ်းများကို အထွေထွေအတွင်းရေးမှူးရုံးက မှတ်တမ်းတင်ထားရမည်။

(စ) ထုတ်ပြန်ကြေညာခြင်းမပြုသေးသော ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ဆုံးဖြတ်ချက်များနှင့် အစည်းအဝေးမှတ်တမ်းများသည် အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များ ဖြစ်သည်။

(ဆ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးအထမြောက်ရန်အတွက် အနည်းဆုံး ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အဖွဲ့ဝင်ဦးရေ ထက်ဝက်တက်ရောက်ရမည်။

(ဇ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အထူးအစည်းအဝေး ကျင်းပသည့်မည့်သည့် အချိန်တွင်မဆို အစည်းအဝေးအထမြောက်ရန် လိုအပ်သည့်ဦးရေတက်ရောက်ခြင်းမရှိသည့်အခါ ဗဟိုအလုပ်အမှုဆောင်ဘုတ် အဖွဲ့အစည်းအဝေး၏ သဘာပတိအဖြစ်ဆောင်ရွက်သည့် ပုဂ္ဂိုလ်က အစည်းအဝေးအထမြောက်ရန် လိုအပ်သည့်ဦးရေကို အလေးထားရန်မလိုဘဲ ထူးခြားသည့် အခြေအနေပေါ်မူတည်၍ ဆန္ဒမဲပေး၍ အထူးဆုံးဖြတ်ချက်တစ်ရပ်ကို ဆုံးဖြတ်နိုင်သည်။

(ဈ) အစည်းအဝေးအထမြောက်ရန် လိုအပ်သည့်ဦးရေ အပြည့်အ​ဝတက်ရောက်သည့်အနီးဆုံး ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ပုံမှန်အစည်းအဝေးတွင် ထူးခြားသည့်အခြေအနေကြောင့် ဆန္ဒမဲပေး၍ ချမှတ်ခဲ့သည့် အထူးဆုံးဖြတ်ချက်အား အတည်ပြုလက်မှတ်ရေးထိုးရမည်။

၇၁။ ဆုံးဖြတ်ချက်ချမှတ်ခြင်း

(က) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တိုင်း တစ်ဦးလျှင် ဆန္ဒမဲတစ်မဲ ပေးပိုင်ခွင့်ရှိသည်။

(ခ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးတစ်ခုတွင် ဆုံးဖြတ်ချက်တစ်ခုချမှတ်ရာ၌ အစည်းအဝေးတက်ရောက်သော ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်အများစု၏ ဆန္ဒမဲဖြင့် ဆုံးဖြတ်ချက် ချမှတ်ရမည်။ 

(ဂ) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဒါရိုက်တာတို့သည် အစည်းအဝေးများတွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်ဖြစ်သော်လည်း အစည်းအဝေးများတွင်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။

(ဃ) အလုပ်အမှုဆောင်ဒါရိုက်တာသည် ၎င်းစီမံခန့်ခွဲမှု မူဝါဒ၏ ဦးတည်ချက်ကွဲလွဲနေသည်ဟုယူဆပါက ဆုံးဖြတ်ချက်များအား လိုအပ်ပါက ဗီတိုဖြင့် ပယ်ဖျက်နိုင်မည်ဖြစ်သည်။

(ဃ) ဆန္ဒမဲအရေအတွက် တူညီနေလျှင် သဘာပတိ၏ အဆုံးအဖြတ်မဲဖြင့် ဆုံးဖြတ်ချက်ချမှတ်ရမည်။

(င) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့အတွက် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့လက်စွဲမူဝါဒကို ရေးဆွဲချမှတ်ပြဋ္ဌာန်းပေးရမည်။

၇၂။ မူဝါဒများချမှတ်ခြင်း 

ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် အဖွဲ့ဝင်အများစု၏ သဘောတူညီချက်ဖြင့် အရေးပေါ်အခြေအနေတွင် ၎င်းဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က ချမှတ်ပိုင်ခွင့်ရှိသော မူဝါဒများကို ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် အညီ ပြဋ္ဌာန်းချမှတ်ထုတ်ပြန်ရမည်။

၇၃။ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ 

(က) မြန်မာ့သစ်ခွတွင် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ကိုအောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းသည် -

(၁) ဥက္ကဋ္ဌ၊

(၂) ဒုတိယဥက္ကဋ္ဌ၊

(၃) အလုပ်အမှုဆောင်ဒါရိုက်တာ၊

(၄) အထွေထွေအတွင်းရေးမှူး၊

(၅) ဘဏ္ဍာရေးမှူး

(၆) ဒါရိုက်တာများ၊

(၇) ကောင်စီ၊ ကော်မတီ၊ ရုံးအကြီးအကဲများ

(၈) ဥက္ကဋ္ဌမှ အခြားခန့်အပ်သူများ၊

(၉) ညှိနှိုင်းကွပ်ကဲရေးမှူးချုပ်။

(ခ) မူဝါဒ၊ စည်းမျဥ်းစည်းကမ်းများမှ သီးခြားခွင့်ပြုထားခြင်းမရှိလျှင် အဖွဲ့အစည်း၏ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ၏ အရေအတွက်သည် (၂၀) ဦးထက် မပိုစေရ။ 

(ဂ) အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသော အဖွဲ့ဝင်များသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင် အဖြစ်တင်မြှောက်ခန့်အပ်ခံပိုင်ခွင့်ရှိသည်-

(၁) တင်မြှောက်ခံနိုင်ရေးအတွက် အဆိုပြုအမည်စာရင်း တင်သွင်းလွှာတင်သွင်းချိန်တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဤဖွဲ့စည်းပုံအခြေခံမူပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သူ၊

(၂) မြန်မာ့သစ်ခွအဖွဲ့ဝင်ဖြစ်သူ။ အဖွဲ့ဝင်အရည်အချင်းများနှင့်လည်း ပြည့်စုံသူ၊

(၃) အဖွဲ့အစည်းအပေါ်သစ္စာရှိသူ၊

(၄) တည်ဆဲဥပဒေဖြင့် တရားစွဲဆိုခြင်းခံရခြင်းမရှိသူ၊

(၅) မြန်မာ့သစ်ခွ၏ ပရဟိတဆိုင်ရာကိစ္စများ အကြောင်းကို ကောင်းစွာသိရှိသူ

(၆) ဤဖွဲ့စည်းပုံအခြေခံမူပါပြဋ္ဌာန်းချက်များတွင် သတ်မှတ်ထားသည့် အခြားအရည်အချင်းများနှင့် ပြည့်စုံသူ။

၇၄။ ရာထူးသက်တမ်း 

ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့် မူဝါဒ၊ စည်းမျဥ်းစည်းကမ်းများမှ သီးခြားခွင့်ပြုထားခြင်းမရှိလျှင် အဖွဲ့အစည်း၏ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် အလုပ်အမှုဆောင်ဒါရိုက်တာ၏သက်တမ်းအတိုင်းဖြစ်သည်။

၇၅။ ရာထူးခန့်အပ်ခြင်း 

ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ အခြားပြဋ္ဌာန်းချက်များကို ဆန့်ကျင်ခြင်းမရှိလျှင် ဥက္ကဋ္ဌသည် အလုပ်အမှုဆောင်ဒါရိုက်တာ အဆိုပြုသူကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ကြောင်းကြေညာပေးရမည်။ ၎င်းသည် ဥက္ကဋ္ဌ ရှေ့မှောက်တွင် မြန်မာ့သစ်ခွအဖွဲ့၏ လုပ်ငန်းတာဝန်၊ ရည်ရွယ်ချက်များ၊ စံတန်ဖိုးများ၊ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၊ မူဝါဒများနှင့် စည်းမျဉ်းစည်းများကို လိုက်နာမည်ဖြစ်ကြောင်း ခန့်အပ်လွှာတွင် လက်မှတ်ရေးထိုး ကတိပြုရမည်။

၇၆။ ရာထူးမှအနားယူ၊ နုတ်ထွက်ခြင်းနှင့်ဖယ်ရှားခြင်း 

ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ အခြားပြဋ္ဌာန်းချက်များကို ဆန့်ကျင်ခြင်းမရှိလျှင်-

(က) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဦးသည် မိမိ၏ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျောက် သို့မဟုတ် အောက်ပါ စာပိုဒ်ခွဲ (ဂ) အရ နုတ်ထွက်လိုပါက ဥက္ကဋ္ဌက နုတ်ထွက်ခွင့်ပြုရမည်။

(ခ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သော ကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဦး၏ ရာထူးနေရာ လစ်လပ်လျှင် ကျန်သက်တမ်းအား အလုပ်အမှုဆောင်ဒါရိုက်တာက ဥက္ကဋ္ဌအား ထပ်မံအဆိုပြု၍ ဥက္ကဋ္ဌကအတည်ပြုသော နာမည်စာရင်းပါပုဂ္ဂိုလ်က ထမ်းဆောင်ရမည်။

(ဂ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဦးသည် နာယကအဖွဲ့ဝင် သို့မဟုတ် အဖွဲ့ဝင် များရာ၏ ထောက်ခံမှုကို မရသောအခါ၊ ရာထူးမှနုတ်ထွက်ရမည်။ 

(ဃ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များကိုလည်း ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း စာပိုဒ် (၁၀၀) ပါ ပြဋ္ဌာန်းချက်များအတိုင် စွပ်စွဲပြစ်တင်ဖယ်ရှားနိုင်သည်။ 

အထွေထွေအတွင်းရေးမှူး

၇၇။ အထွေထွေအတွင်းရေးမှူး 

ဥက္ကဋ္ဌ၊ နာယကအဖွဲ့၊ အလုပ်အမှုဆောင်ဒါရိုက်တာ၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့တို့၏ ရုံးလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန် အထွေထွေအ‌တွင်းရေးမှူးတစ်ဦးကို ထားရှိရမည်။

၇၈။ တာဝန်နှင့်လုပ်ပိုင်ခွင့်များ 

(က) အထွေထွေအတွင်းရေးမှူးသည် အလုပ်အမှုဆောင်ဒါရိုက်တာပြီးနောက် အထွေထွေလုပ်ပိုင်ခွင့်ရှိသူ ဖြစ်သည်။ 

(ခ) အထွေထွေအတွင်းရေးမှူး၏ အဓိကအခန်းကဏ္ဍမှာ နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ရုံးအဖွဲ့အတွင်းဝန်ဆိုင်ရာကိစ္စများကို ပံ့ပိုးကူညီခြင်းနှင့် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဒါရိုက်တာတို့အား ပံ့ပိုးကူညီရန်ဖြစ်သည်။

(ဂ) အထွေထွေအတွင်းရေးမှူး၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များမှာ-

(၁) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးအစီအစဉ်များကို စီစဥ်ခြင်း။

(၂) အစည်းအဝေးနှင့် အခြားမှတ်တမ်းများ၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း။

(၃) မူဝါဒလိုအပ်ချက်များကို စိစစ်ခြင်း၊ အကြံပြုခြင်း။

(၄) အဖွဲ့အစည်းအတွင်း ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီ၊ အသင်း၊ လူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ အခြားအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်ဖြစ်စေ ဆက်သွယ်ခြင်းနှင့် ဆက်စပ်ခြင်း။

(၅) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဒါရိုက်တာ ကိုယ်စား ကြေငြာချက်များကြေငြာခြင်း။

(၆) အဖွဲ့အစည်းကို ကိုယ်စားပြုခြင်း။

(၇) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ချမှတ်သော အထွေထွေအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုမူဝါဒများအတိုင်း ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီ၊ အသင်းအဖွဲ့များတွင် ကြီးကြပ်အုပ်ချုပ်၊ စီမံခြင်း၊ ကွပ်ကဲခြင်း။

(၈) အခြားပေးအပ်သောတာဝန်များထမ်းဆောင်ခြင်းတို့ဖြစ်သည်။

၇၉။ အထွေထွေအတွင်းရေးမှူးရုံး

အထက်ပါ မြန်မာ့သစ်ခွအထွေထွေအတွင်းရေးမှူး၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ကူညီထောက်ပံ့နိုင်ရန် အထွေထွေအတွင်းရေးမှူးရုံးကိုဖွဲ့စည်းသည်။ ၎င်းအဖွဲ့အစည်းသည် မြန်မာ့သစ်ခွအဖွဲ့ ရုံး၊ ဌာနများတွင် ပဥ္စမအထွဋ်အထိပ် နေရာတွင်တည်ရှိသည်။

၈၀။ ရာထူးသက်တမ်း 

(က) အထွေထွေအတွင်းရေးမှူးအား ဥက္ကဋ္ဌမှ အလုပ်အမှုဆောင်ဒါရိုက်တာ၏ အဆိုပြုချက်အရ ခန့်အပ်ရမည်။

(ခ) အထွေထွေအတွင်းရေးမှူး၏ သက်တမ်းသည် ဥက္ကဋ္ဌ၏ ဆုံးဖြတ်မှုအတိုင်း ဖြစ်သည်။

(ဂ) အထွေထွေအတွင်းရေးမှူးကို အလုပ်အမှုဆောင်ဒါရိုက်တာ၏ အရည်အချင်းများပါ ပြဋ္ဌာန်ချက်များဖြင့် ပြည့်မှီမှသာ ခန့်အပ်ရမည်။ အထွေထွေအတွင်းရေးမှူးကို ရာထူးမှ အနားပေးရာတွင်လည်း အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များ၏ ရာထူးမှ အနားပေးခြင်းဆိုင်ရာပြဋ္ဌာန်းချက်အတိုင်းသာ ကျင့်သုံးရမည်။ 

၈၁။ ရာထူးခန့်အပ်ခြင်း 

ဥက္ကဋ္ဌသည် ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့်အညီ သင့်လျော်သည့်ပုဂ္ဂိုလ်ကို အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ရမည်။ ၎င်းသည် ဥက္ကဋ္ဌ ရှေ့မှောက်တွင် မြန်မာ့သစ်ခွအဖွဲ့၏ လုပ်ငန်းတာဝန်၊ ရည်ရွယ်ချက်များ၊ စံတန်ဖိုးများ၊ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၊ မူဝါဒများနှင့် စည်းမျဉ်းစည်းများကို လိုက်နာမည်ဖြစ်ကြောင်း ခန့်အပ်လွှာတွင် လက်မှတ်ရေးထိုး ကတိပြုရမည်။

ရုံးဌာနများဖွဲ့စည်းခြင်း

၈၂။ ဌာနများဖွဲ့စည်းခြင်း 

(က) ဥက္ကဋ္ဌ သည် အလုပ်အမှုဆောင်ဒါရိုက်တာ၏ အကြံပြုချက်အရသော်လည်းကောင်း လိုအပ်သည်ထင်၍သော်လည်းကောင်း ဌာနများကို ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့်အညီ သော်လည်းကောင်း ချမှတ်မူဝါဒများနှင့်အညီသော်လည်းကောင်း ဖွဲ့စည်းနိုင်သည်။ 

(ခ) ဥက္ကဋ္ဌသည် မိမိ၏အမြင်အရဖြစ်စေ အလုပ်အမှုဆောင်ဒါရိုက်တာ၏ အကြံပြုချက်အရဖြစ်စေ နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့် -

(၁) မြန်မာ့သစ်ခွဌာနများကို လိုအပ်သလို ဖွဲ့စည်းသတ်မှတ်နိုင်သည်။ ထို့ပြင်ဌာန များကို ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်၊

(၂) ဌာနဆိုင်ရာဒါရိုက်တာဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင်သတ်မှတ်ဦးရေကို တိုးခြင်း၊ လျှော့ခြင်း ပြုနိုင်သည်။

(ဂ) ဤဖွဲ့စည်းပုံအခြေခံမူစည်းမျည်းနှင့်အညီ ဖွဲ့စည်းထားသော ဌာနများကို ဒါရိုက်တာအပါအဝင် အနည်းဆုံး (၂) ဦးမှ အများဆုံး (၆၀) ဦး အထိ ဖွဲ့စည်းနိုင်သည်။ 

(ဃ) သက်ဆိုင်ရာ ဒါရိုက်တာများသည် လိုအပ်သလို ‌၎င်းတာဝန်ယူရသော ဌာနများတွင် သင့်လျော်သော ပုဂ္ဂိုလ်များကို လူ့အရင်းအမြစ်ဆိုင်ရာဌာန၏ အကူအညီဖြင့် ရယူ တာ၀န်ပေးအပ်၍ ဖွဲ့စည်းနိုင်သည်။

(င) ဌာနများသည် ၎င်းတို့လက်အောက်ရှိ အသင်းများအား သို့မဟုတ် တစ်ဦးချင်းစီအား စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်း၊ အဖွဲ့အစည်း၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းပုံအခြေခံမူမျဉ်းနှင့် တည်ဆဲမူဝါဒများဆောင်ရွက်ခြင်းစသည့် လုပ်ငန်းတာ၀န်များကိုထမ်း‌‌ဆောင်ရမည်။

၈၃။ ကောင်စီများ၊ ကော်မတီများ၊ သီးခြားရုံးများဖွဲ့စည်းခြင်း 

(က) သီးခြားရုံးများ၊ ကောင်စီများနှင့် ကော်မတီများကို ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းအရသော် လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့်အညီ သီးခြားပြဋ္ဌာန်းထားသည့် မူဝါဒများအရသော်လည်းကောင်း ဖွဲ့စည်းနိုင်သည်၊ သို့တည်းမဟုတ် ဖျက်သိမ်းနိုင်သည်။

(ခ) ၎င်းသီးခြားရုံးများ၊ ကောင်စီများနှင့် ကော်မတီများ၏ လုပ်ငန်းတာဝန်များကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က သတ်မှတ်ဖော်ပြကြေငြာရမည်။

(ဂ) ကောင်စီနှင့် ကော်မတီများကို အကြီးအကဲတစ်ဦးစီကဦးဆောင်ရမည်။ ၎င်းအကြီးအကဲများသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များဖြစ်ရမည်။

(ဃ) ၎င်းသီးခြားရုံးများ၊ ကောင်စီဝင်နှင့် ကော်မတီဝင်များကို သက်ဆိုင်ရာသတ်မှတ် အရည်အချင်းများနှင့်အညီ ခန့်အပ်ရမည်။

(င) ၎င်းသီးခြားရုံးများ၊ ကော်မတီနှင့်ကောင်စီများတွင် အဖွဲ့ဝင်၊ ကော်မတီဝင် သို့မဟုတ် ကောင်စီဝင်ဦးရေ (၂၅) ဦးထက် မပိုစေရ။

(စ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် ကောင်စီတစ်ရပ်၏ အခန်းကဏ္ဍ၊ တာဝန်များနှင့် လုပ်ပိုင်ခွင့်များအတွက် မူဝါဒများ ထုတ်ပြန်ရမည်။

(ဆ) ကော်မတီများကို လိုအပ်ပါက အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အကြံပြုချက်ဖြင့် ဥက္ကဌက ဖွဲ့စည်းရမည်။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် ကော်မတီ၏ အခန်းကဏ္ဍ၊တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖော်ပြရမည်။

(ဇ) ရုံးများ၊ ကောင်စီများနှင့် ကော်မတီများသည် ၎င်းတို့၏လက်အောက်ခံအသင်းများအား သို့မဟုတ် တစ်ဦးချင်းအား စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်း၊ အဖွဲ့အစည်း၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် တည်ဆဲမူဝါဒများဆောင်ရွက်ခြင်းစသည့် လုပ်ငန်းတာ၀န်များကိုထမ်း‌‌ဆောင်ရမည်။

(ဈ) ဥက္ကဋ္ဌသည် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းအရသော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် အညီ သီးခြားပြဋ္ဌာန်းထားသည့် မူဝါဒများအရသော်လည်းကောင်း အောက်ပါကော်မတီနှင့် ရုံးတို့ကို ဖွဲ့စည်းရမည်-

(၁) သဘာဝပတ်ဝန်းကျင်ဆိုင်ရာကော်မတီ၊

(၂) လူငယ်ရေးရာကော်မတီ၊

(၃) အဖွဲ့စာရင်းစစ်နှင့်လုပ်ငန်းကြီးကြပ်ရုံး။

၈၄။ အသင်းများဖွဲ့စည်းခြင်း 

(က) သက်ဆိုင်ရာ ရုံး၊ ဌာန၊ ကောင်စီ၊ ကောင်မတီများသည် အသင်းအဖွဲ့များကို လိုအပ်သလို အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ခွင့်ပြုချက်ဖြင့် ၎င်းသက်ဆိုင်ရာ ရုံး၊ ဌာန၊ ကောင်စီ၊ ကောင်မတီ အကြီးအကဲက ဖွဲ့စည်းနိုင်သည်။ 

(ခ) ၎င်းသက်ဆိုင်ရာ ရုံး၊ ဌာန၊ ကောင်စီ၊ ကောင်မတီများသည် ၎င်းအသင်းအဖွဲ့များ၏ အခန်းကဏ္ဍ၊တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ခွင့်ပြုချက်ဖြင့် ထုတ်ပြန်ဖော်ပြ ကြေငြာပေးရမည်။ 

(ဂ) ၎င်းအသင်းအဖွဲ့များကို ဥက္ကဋ္ဌသည် အလုပ်အမှုဆောင်ဒါရိုက်တာ သို့မဟုတ် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အဆိုပြုချက်အရ သက်ဆိုင်ရာ ရုံး၊ ဌာန၊ ကောင်စီ၊ ကောင်မတီများမှ အခြား ရုံး၊ ဌာန၊ ကောင်စီ၊ ကောင်မတီများလက်အောက်သို့ ပြောင်းရွှေ့လွှဲပြောင်းနိုင်သည်။

၈၅။ ဒေသဆိုင်ရာရုံးများဖွဲ့စည်းခြင်း 

ဒေသဆိုင်ရာရုံးများကို လိုအပ်ပါက အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏အကြံပြုချက်ဖြင့် ဥက္ကဋ္ဌက ဖွဲ့စည်းနိုင်သည်။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် ဒေသဆိုင်ရာရုံးများ၏ အခန်းကဏ္ဍ၊တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ထုတ်ပြန်ဖော်ပြကြေငြာပေးရမည်။

၈၆။ စီးပွားရေးလုပ်ငန်းများဖွဲ့စည်းခြင်း

မြန်မာ့သစ်ခွစီးပွားရေးဆိုင်ရာလုပ်ငန်းများကို အဖွဲ့အစည်း၏ ဘဏ္ဍာရေးလိုအပ်ချက်အရ ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုအပ်သလို အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ အကြံပြုချက်ဖြင့် ဥက္ကဋ္ဌက ဖွဲ့စည်းနိုင်သည်။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် စီးပွားရေးဆိုင်ရာလုပ်ငန်းများ၏ အခန်းကဏ္ဍ၊တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ထုတ်ပြန်ဖော်ပြကြေငြာပေးရမည်။ ၎င်းစီးပွားရေးဆိုင်ရာလုပ်ငန်းများ မှရရှိသော အမြတ်ငွေများသည် အဖွဲ့အစည်း၏ ရန်ပုံငွေများသို့သာရောက်ရှိစေရမည်ဖြစ်ပြီး၊ မည်သူတစ်ဦးတစ်ယောက်၏အကျိုးအမြတ်အတွက်မျှမဖြစ်စေရ။

ဘဏ္ဍာရေးမှူး

၈၇။ ဘဏ္ဍာရေးမှူး 

အဖွဲ့အစည်း၏ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအတွက် ဥက္ကဋ္ဌ၊ နာယကအဖွဲ့၊ အလုပ်အမှုဆောင်ဒါရိုက်တာနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့တို့ကို အကြံပေးဆောင်ရွက်နိုင်ရန် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်ဖြစ်သော ဘဏ္ဍာရေးဌာနကို ဦးဆောင်မည့် ဘဏ္ဍာရေးမှူးတစ်ဦးကို ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းအရဖြစ်စေ သက်ဆိုင်ရာမူဝါဒ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများအရဖြစ်စေ ၎င်းတို့မှ ပြဋ္ဌာန်ချက်များနှင့်အညီ ခန့်ထားရမည်။

၈၈။ တာဝန်နှင့်လုပ်ပိုင်ခွင့်များ 

၎င်းဘဏ္ဍာရေးမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ-

(က) ရုံး၊ ဌာနဆိုင်ရာများ၊ ကောင်စီနှင့် ကော်မတီများ၏ ဘဏ္ဍာရေး အရသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်များကို ဘဏ္ဍာရေးမှူးက စိစစ်ပြီး စီမံကိန်းများကို  ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ထံ တင်ပြခြင်း၊ 

(ခ) စာပိုဒ် (၁၁၁) ပါ ဘဏ္ဍာရေးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင်းသုံး၊ ကြီးကြပ်၊ စီမံ၊ ကွပ်ကဲခြင်း၊

(ဂ) ငွေကြေးကိစ္စများ အကြံဉာဏ်ပေးခြင်း၊ 

(ဃ) ခိုင်မာသောဘဏ္ဍာရေးစနစ် ထူထောင်ရန် ကြီးကြပ်ခြင်း၊ 

(င) လိုအပ်ပါက အဖွဲ့အစည်း၏ အဆိုပြုချက်‌ ငွေစာရင်းများကို ကြည့်ကြပ်ခြင်း၊

(စ) လိုအပ်ပါက ဘဏ္ဍာရေးကျွမ်းကျင်သူများ၏ အကြံဉာဏ်ကို ရယူခြင်း၊

(ဆ) ဘဏ္ဍာရေးမှူးသည် နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် အဖွဲ့အစည်း၏ဘဏ္ဍာရေးနှင့် ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။

ဒါရိုက်တာများ

၈၉။ ဒါရိုက်တာများ 

အဖွဲ့အစည်း၏ အရပ်ရပ်ဆိုင်ရာကိစ္စရပ်များအတွက် ဥက္ကဋ္ဌ၊ နာယကအဖွဲ့၊ အလုပ်အမှုဆောင်ဒါရိုက်တာနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့တို့ကို သက်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အကြံပေးဆောင်ရွက်နိုင်ရန် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်ဖြစ်သော ၎င်းသက်ဆိုင်ရာဌာနကို ဦးဆောင်မည့် ဒါရိုက်တာတစ်ဦးချင်းစီကို ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းအရဖြစ်စေ သက်ဆိုင်ရာမူဝါဒ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများအရဖြစ်စေ ၎င်းတို့မှ ပြဋ္ဌာန်ချက်များနှင့်အညီ ခန့်ထားရမည်။

၉၀။ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

ဒါရိုက်တာများသည်-

(က) ၎င်းတို့၏သက်ဆိုင်ရာဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင်းသုံး၊ ကြီးကြပ်၊ စီမံ၊ ကွပ်ကဲခြင်း၊

(ခ) အလုပ်အမှုဆောင်ဒါရိုက်တာမှတဆင့် ဥက္ကဋ္ဌအား တာဝန်ခံရမည်။

(ဂ) အလုပ်အမှုဆောင်ဒါရိုက်တာကို ပံ့ပိုးကူညီရန်နှင့် ၎င်း၏လမ်းညွှန်မှုကို လိုက်နာရမည်။

(ဃ) ၎င်းတာဝန်ယူမှုနယ်ပယ်အတွင်းရှိ ကိစ္စရပ်တိုင်းအတွက် အကြံဉာဏ် (သို့) လမ်းညွှန်ချက် ပေးရမည်။

(င) ဌာနဆိုင်ရာကိစ္စရပ်များကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ထံ ပုံမှန်တင်ပြရမည်။

(စ) အဖွဲ့အစည်း၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ကို ပြည့်မှီအောင်ဆောင်ရွက်ရမည်။

(ဆ) ဌာနဆိုင်ရာအသင်းအဖွဲ့၊ ပုဂ္ဂိုလ်များအား တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်း၊ ရုတ်သိမ်းခြင်းပြုလုပ်နိုင်သည်။

(ဇ) စီမံကိန်းများနှင့် ရသုံးခန့်မှန်းခြေ ငွေစာရင်းကို ညှိနှိုင်းရေးဆွဲရမည်။

(ဈ) အဖွဲ့အစည်း၏ စီမံကိန်းများအရ ဆောင်ရွက်ရမည့် လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော်စေရန် ကြီးကြပ်ကွပ်ကဲတာဝန်ယူရမည်။

(ည) မူဝါဒများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စွာ ဆောင်ရွက်ခြင်း ရှိ မရှိ စိစစ်၍ ကြီးကြပ်ရမည်။

(ဋ) လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသော အစီရင်ခံစာများကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြရမည်။

(ဌ) လုံလောက်သောအရင်းအမြစ်များကို သေချာအောင် ရှာဖွေခြင်း၊ သုံးစွဲခြင်း၊ ထုတ်လုပ်ခြင်းများ ပြုလုပ်ရမည်။ 

(ဍ) သက်ဆိုင်ရာဌာနဆိုင်ရာ လုပ်ငန်းအသင်းအဖွဲ့ သို့မဟုတ် အဖွဲ့ခွဲများကို စီမံကြီးကြပ်ဦးဆောင်ခြင်းပြုရမည်။

(ဎ) မိမိတာဝန်ယူသော လုပ်ငန်းများ၏ လိုအပ်ချက်များ၊ ပြဿနာများနှင့် ဆောင်ရွက်ချက်များကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့အား တင်ပြရမည်။

(ဏ) ဖွဲ့စည်းပုံ၊ အဖွဲ့ဝင်အင်အား၊ ဝန်ထမ်းအင်အား၊ လုပ်ငန်းတာဝန်များကို အခါအားလျော်စွာ ပြန်လည်သုံးသပ်၍ လိုအပ်ပါက ပြင်ဆင်သတ်မှတ်ရန် အကြံပြုချက်များကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြရမည်။

(တ) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က သတ်မှတ်ပေးသော အခြားတာဝန်များကို ဆောင်ရွက်ရမည်။

ကောင်စီ၊ ကော်မတီအကြီးအကဲများ

၉၁။ ကောင်စီ၊ ကော်မတီအကြီးအကဲများ 

အဖွဲ့အစည်း၏ အရပ်ရပ်ဆိုင်ရာကိစ္စရပ်များအတွက် ဥက္ကဋ္ဌ၊ နာယကအဖွဲ့၊ အလုပ်အမှုဆောင်ဒါရိုက်တာနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့တို့ ကိုယ်စား သက်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းတာဝန်များဆောင်ရွက်နိုင်ရန် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်ဖြစ်သော ၎င်းသက်ဆိုင်ရာကောင်စီ သို့မဟုတ် ကော်မတီကို ဦးဆောင်မည့် အကြီးအကဲတစ်ဦးချင်းစီကို ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းအရဖြစ်စေ သက်ဆိုင်ရာမူဝါဒ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများအရဖြစ်စေ ၎င်းတို့မှ ပြဋ္ဌာန်ချက်များနှင့်အညီ ခန့်ထားရမည်။

၉၂။ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

ကောင်စီ သို့မဟုတ် ကော်မတီအကြီးအကဲများသည်-

(က) ၎င်းတို့၏သက်ဆိုင်ရာကောင်စီ၊ ကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင်းသုံး၊ ကြီးကြပ်၊ စီမံ၊ ကွပ်ကဲခြင်း၊

(ခ) အလုပ်အမှုဆောင်ဒါရိုက်တာမှတဆင့် ဥက္ကဋ္ဌအား တာဝန်ခံရမည်။

(ဂ) အလုပ်အမှုဆောင်ဒါရိုက်တာကို ပံ့ပိုးကူညီရန်နှင့် ၎င်း၏လမ်းညွှန်မှုကို လိုက်နာရမည်။

(ဃ) ၎င်းတာဝန်ယူမှုနယ်ပယ်အတွင်းရှိ ကိစ္စရပ်တိုင်းအတွက် အကြံဉာဏ် (သို့) လမ်းညွှန်ချက် ပေးရမည်။

(င) ကောင်စီ၊ ကော်မတီ ဆိုင်ရာကိစ္စရပ်များကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ထံ ပုံမှန်တင်ပြရမည်။

(စ) ကောင်စီ၊ ကော်မတီတည်ထောင်ရခြင်း၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ကို ပြည့်မှီအောင်ဆောင်ရွက်ရမည်။

(ဆ) စီမံကိန်းများနှင့် ရသုံးခန့်မှန်းခြေ ငွေစာရင်းကို ညှိနှိုင်းရေးဆွဲရမည်။

(ဇ) အဖွဲ့အစည်း၏ စီမံကိန်းများအရ ဆောင်ရွက်ရမည့် လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော်စေရန် ကြီးကြပ်ကွပ်ကဲတာဝန်ယူရမည်။

(ဈ) မူဝါဒများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စွာ ဆောင်ရွက်ခြင်း ရှိ မရှိ စိစစ်၍ ကြီးကြပ်ရမည်။

(ည) လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသော အစီရင်ခံစာများကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြရမည်။

(ဋ) မိမိတာဝန်ယူသော လုပ်ငန်းများ၏ လိုအပ်ချက်များ၊ ပြဿနာများနှင့် ဆောင်ရွက်ချက်များကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့အား တင်ပြရမည်။

(ဌ) သက်ဆိုင်ရာမူဝါဒများနှင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က သတ်မှတ်ပေးသော အခြားတာဝန်များကို ဆောင်ရွက်ရမည်။

အဖွဲ့စာရင်းစစ်

၉၃။ အဖွဲ့စာရင်းစစ်နှင့် တွဲဖက်စာရင်းစစ် 

(က) အဖွဲ့၏ စာရင်းစစ်တာဝန်ယူထားသောသူကို အဖွဲ့စာရင်းစစ်ဟု ခေါ်ဝေါ်ရမည်။ 

(ခ) အဖွဲ့၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်းများနှင့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မှုများကို စစ်ဆေး၍ အဖွဲ့အထွေထွေအစည်းအဝေးနှင့် အများပြည်သူငှာသို့ တင်ပြနိုင်ရန် အဖွဲ့ဝင်များထဲမှဖြစ်စေ၊ အဖွဲ့ဝင် မဟုတ်သူများထဲမှဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးအား နာယကအဖွဲ့မှ ရွေးကောက်တင်မြှောက်၍ ဥက္ကဋ္ဌက အဖွဲ့စာရင်းစစ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်။

(ဂ) အဖွဲ့စာရင်းစစ်အား အထောက်အကူပြုရန် အဖွဲ့ဝင်များထဲမှဖြစ်စေ၊ အဖွဲ့ဝင် မဟုတ်သူများထဲမှဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးအား ဥက္ကဋ္ဌက နာယကအဖွဲ့၏ခွင့်ပြုချက်အရ အဖွဲ့တွဲဖက်စာရင်းစစ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည်။

(ဃ) အဖွဲ့စာရင်းစစ်သည် ဥက္ကဋ္ဌမှတစ်ဆင့် နာယကအဖွဲ့အား တာဝန်ခံရမည်။

(င) တွဲဖက်စာရင်းစစ်သည် အဖွဲ့စာရင်းစစ်အားလည်းကောင်း၊ အဖွဲ့စာရင်းစစ်ချုပ်မှတစ်ဆင့် ဥက္ကဋ္ဌအားလည်းကောင်း တာဝန်ခံရမည်။

၉၄။ တာဝန်နှင့်လုပ်ပိုင်ခွင့်များ 

(က) အဖွဲ့စာရင်းစစ်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ -

(၁) အဖွဲ့အ‌ထွေထွေအစည်းအဝေးတွင်ဖြစ်စေ အဖွဲ့တစ်ခုလုံးတွင်ဖြစ်စေ အဖွဲ့၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်းများစစ်ဆေးခြင်း၊ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများ စစ်ဆေးခြင်းတို့နှင့် စပ်လျဉ်း၍ ၃လလျှင် အနည်းဆုံး တစ်ကြိမ်တင်ပြခြင်းနှင့် ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း၊

(၂) အဖွဲ့၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ခွင့်ပြုချက်ပါ ပြဋ္ဌာန်းချက်များအရ-

(က) အဖွဲ့၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်းများကို စစ်ဆေးခြင်း၊

(ခ) ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်းပါ ရငွေများကို ပြည့်ဝစွာရရှိစေရန် ဆောင်ရွက်ထားခြင်း ရှိမရှိ စစ်ဆေးခြင်း၊

(ဂ) ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်းပါ သုံးစွဲခွင့်ပြုထားသည့် ငွေကြေးများကို ထိရောက်စွာ အသုံးပြုမှု ရှိမရှိ စစ်ဆေးခြင်း။

(၃) သက်ဆိုင်ရာအဖွဲ့ရုံးဌာန၊ အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းပုံအင်အားတို့သည် ထမ်းဆောင်သည့် လုပ်ငန်းတာဝန်နှင့် လျော်ကန်မျှတမှု ရှိ မရှိ စစ်ဆေးခြင်း၊

(၄) သက်ဆိုင်ရာအဖွဲ့ရုံးဌာန၊ အဖွဲ့အစည်းများ၏ ဗော်လန်တီယာများ ခန့်ထား ဆောင်ရွက်ခြင်းသည် ခွင့်ပြုသည့် ဗော်လန်တီယာအင်အားအတွင်းရှိ မရှိစစ်ဆေးခြင်း၊

(၅) သက်ဆိုင်ရာအဖွဲ့ရုံးဌာန၊ အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေသည် မူလရည်ရွယ်ချက် သို့မဟုတ် ရည်မှန်းချက်ဖြစ်မြောက်စေမည့် အခြေအနေမျိုး ရှိမရှိစစ်ဆေးခြင်း၊

(၆) အဖွဲ့အတွင်းရှိ ရုံး၊ ဌာန၊ အဖွဲ့အစည်းများ ဘဏ္ဍာရေးစည်းမျဉ်းအရ သတ်မှတ်ထားသည့် စာရင်းထားသိုပုံနည်းစနစ်နှင့်အညီ ကျင့်သုံးခြင်း ရှိမရှိ စစ်ဆေးခြင်း၊

(၇) အဖွဲ့အတွင်းရှိ ရုံး၊ ဌာန၊ အဖွဲ့အစည်းများတို့၏ စီမံကိန်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများသည် အဖွဲ့ကြည့်ရှုသူနှင့် ပြည်သူတို့အတွက် အမှန်တကယ်အကျိုးသက်ရောက်မှုရှိမရှိ စစ်ဆေးခြင်း၊

(၈) အဖွဲ့ပိုင်ပစ္စည်းများကို ရယူထိန်းသိမ်းအသုံးပြုရာတွင် တိကျမှန်ကန်မှု၊ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ထိရောက်စွာအသုံးပြုမှု ရှိမရှိစစ်ဆေးခြင်း၊

(၉) အဖွဲ့တွင်း စီးပွားရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍-

(က) အဖွဲ့တွင်း စီးပွားရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ပေးမှုစာရင်းများကို စစ်ဆေးခြင်း၊

(ခ) အဖွဲ့တွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးမှုများ ၏ အရေအတွက်နှင့် အဆင့်အတန်းစံနှုန်းများကို စစ်ဆေးခြင်း၊

(ဂ) စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လေလွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားမှု ရှိ မရှိ စစ်ဆေးခြင်း၊

(ဃ) ကုန်ကျစရိတ်နှင့် အကျိုးသက်ရောက်မှုကို နှိုင်းယှဉ်၍ စစ်ဆေးခြင်း၊

(င) အဖွဲ့၏ လုပ်ကိုင်မှုတွင် ကြီးကြပ်ကွပ်ကဲမှု၊ လုပ်ငန်းပိုင်းဆိုင်ရာ ထိန်းကွပ်မှုများဖြင့် ဆောင်ရွက်မှု၊ အဖွဲ့ရည်ရွယ်ချက်ရည်မှန်ချက်များအတွက် စွမ်းဆောင်ရည်တိုးတက်မှု၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အကျိုးသက်ရောက်မှု၊ လုပ်ငန်းစည်းစနစ်ကျမှု၊ အဖွဲ့ဝင်များ အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်မှု၊ ငွေကြေးနှင့် ပစ္စည်းများကို အကျိုးရှိစွာ အသုံးပြုနိုင်မှု စသည်တို့ကို စစ်ဆေးခြင်း။

(၁၀) အဖွဲ့ဥက္ကဋ္ဌကဖြစ်စေ၊ အဖွဲ့အထွေထွေအစည်းအဝေး၏ ၄ပုံပုံ ၁ပုံထောက်ခံချက်ဖြင့် ဖြစ်စေ၊ အဖွဲ့ဒုတိယဥက္ကဋ္ဌဖြစ်စေ၊ အဖွဲ့အထွေထွေအစည်းအဝေးသဘာပတိကဖြစ်စေ၊ အလုပ်အမှုဆောင် ဒါရိုက်တာကဖြစ်စေ၊ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ကဖြစ်စေ၊ အထွေထွေအတွင်းရေးမှူးကဖြစ်စေ၊ နာယကအဖွဲ့ကဖြစ်စေ၊ ဌာနတစ်ခုခုကဖြစ်စေ၊ အဖွဲ့လက်အောက်ရှိအဖွဲ့အစည်းများကဖြစ်စေ ယင်း၏ လုပ်ငန်းတစ်ရပ်ရပ်အား စစ်ဆေးပေးရန် ညှိနှိုင်းလာပါက လိုအပ်သလို စစ်ဆေးပြီးနောက် တွေ့ရှိချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ခြင်း၊

(၁၁) စာရင်းစစ်ဆေးရေးလုပ်ငန်းများနှင့် စပ်လျဉ်းသောလိုအပ်သည့် မူဝါဒမူကြမ်းကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ (သို့မဟုတ်) ဥက္ကဋ္ဌထံ သို့ တင်သွင်းခြင်း၊

(၁၂) မိမိ၏ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို ဥက္ကဋ္ဌထံသို့ တင်ပြသည်နှင့် တစ်ပြိုင်တည်း အဖွဲ့အစည်းတစ်ခုလုံးသို့ အစီရင်ခံ တင်ပြခြင်း၊

(၁၃) သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့ရုံးဌာန၊ အဖွဲ့အစည်းများတို့၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုကို စစ်ဆေးရန် အဖွဲ့အထွေထွေအစည်းအဝေးက တာဝန်ပေးအပ်လာလျှင် စစ်ဆေး၍ အဖွဲ့အထွေထွေအစည်းအဝေးသို့ အစီရင်ခံတင်ပြခြင်း၊

(၁၄) သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့ရုံးဌာန၊ အဖွဲ့အစည်းများတို့တွင် အဖွဲ့ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည့်စာရင်းများဆိုင်ရာ ရငွေနှင့်ပေးငွေစာရင်းများကို စစ်ဆေးခြင်း၊ ယင်း ရငွေနှင့်ပေးငွေများကို တာဝန်ရှိသူများက စနစ်တကျကြီးကြပ်မှု၊ ထိန်းချုပ်မှု၊ ကွပ်ကဲမှု ရှိ မရှိ စစ်ဆေးခြင်း၊

(၁၅) အဖွဲ့လက်အောက်ရှိ အဖွဲ့အစည်းတစ်ရပ် သို့မဟုတ် လုပ်ငန်းတစ်ခုကို စစ်ဆေးရာတွင်ယင်းအဖွဲ့အစည်း သို့မဟုတ် လုပ်ငန်းခွင်အလိုက် လေလွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားပြုမှုများ လောလောဆယ် ဖြစ်ပေါ်နေခြင်းကို ချက်ချင်းရပ်တန့်တားဆီးရန် လိုအပ်သည်ဟု ယူဆပါက-

(က) သက်ဆိုင်ရာ အဖွဲ့အစည်း အကြီးအမှူးထံ ချက်ချင်းအကြောင်းကြားပြီး ယင်း၏ အလုပအမှုဆောင်ဘုတ်အဖွဲ့ဝင် ပုဂ္ဂိုလ်ထံ အကြောင်းကြားခြင်း၊

(ခ) သက်ဆိုင်ရာ အဖွဲ့အစည်း အကြီးအမှူးက အရေးယူဆောင်ရွက်မှုမရှိလျှင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ သို့မဟုတ် အဖွဲ့အထွေထွေအစည်းအဝေးထံ အစီရင်ခံ တင်ပြခြင်း။

(၁၆) အဖွဲ့လက်အောက်ရှိ ဌာန၊ အဖွဲ့အစည်းများ၏ အခြားငွေရေးကြေးရေးကိစ္စနှင့် စပ်လျဉ်းသောစာရင်းများ ကို လိုအပ်ပါက စစ်ဆေးခြင်း၊

(၁၇) ချေးယူငွေများ၊ အတိုးပေးငွေ၊ အတိုးရငွေများနှင့် ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ မရှိ စစ်ဆေးခြင်း၊

(၁၈) ရရန်ရှိငွေနှင့်ပစ္စည်းများ၊ ပေးရန်ရှိငွေနှင့် ပစ္စည်းများ ပြည့်စုံမှန်ကန်တိကျစွာ ဖော်ပြခြင်း ရှိ မရှိနှင့် သတ်မှတ်ချက်များနှင့်အညီ စာရင်းရှင်းလင်း ဆောင်ရွက်မှု ရှိ မရှိ စစ်ဆေးခြင်း၊

(၁၉) အဖွဲ့ဥက္ကဋ္ဌက ပေးအပ်သည့် အခြားတာဝန်များ ထမ်းဆောင်ခြင်း၊

(၂၀) သတ်မှတ်သောအခြား တာဝန်များ ထမ်းဆောင်ခြင်း။

(၂၁) တွဲဖက်စာရင်းစစ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ခြင်း၊

(၂၂) ဘဏ္ဍာရေးဌာန စာရင်းကိုင်များ၏ လုပ်ငန်းဆောင်ရွက်ချက်များအား လမ်းညွှန် ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် အခါအားလျော်စွာ စစ်ဆေးခြင်း။

(ခ) အဖွဲ့စာရင်းစစ်သည် စာပိုဒ်ခွဲ (က) အရ မိမိအား အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တွဲဖက်စာရင်းစစ်၊ ဘဏ္ဍာရေးဌာနရှိ စာရင်းကိုင်အရာရှိများနှင့် မိမိက တာဝန်ပေးသော အဖွဲ့ငယ်များ၊ ပုဂ္ဂိုလ်များအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

(ဂ) တွဲဖက်စာရင်းစစ်သည် အဖွဲ့စာရင်းစစ်က ပေးအပ်သည့် တာဝန်နှင့်လုပ်ပိုင်ခွင့် များကို ကျင့်သုံးဆောင်ရွက်ရမည်။

၉၅။ အဖွဲ့စာရင်းစစ်နှင့်လုပ်ငန်းစစ်ဆေးကြီးကြပ်ရုံး

အဖွဲ့၏စာရင်းနှင့် လုပ်ငန်းများကို ပွင့်လင်းမြင်သာစွာ ကြီးကြပ်စစ်ဆေးရန် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ လက်အောက်မှလွတ်လပ်သော အဖွဲ့စာရင်းစစ်နှင့် လုပ်ငန်းစစ်ဆေးကြီးကြပ်ရုံးကို ဖွဲ့စည်းရမည်။ ထိုအဖွဲ့စာရင်းစစ်နှင့် လုပ်ငန်းစစ်ဆေးကြီးကြပ်ရုံးလက်အောက်ကို အဖွဲ့စာရင်းစစ်နှင့် တွဲဖက်စာရင်းစစ်တို့က စီမံခန့်ခွဲနိုင်သည်။ ၎င်းအဖွဲ့စာရင်းစစ်နှင့် လုပ်ငန်းစစ်ဆေးကြီးကြပ်ရုံးကို အဖွဲ့စာရင်းစစ်နှင့် တွဲဖက်စာရင်းစစ်တို့က ဦးဆောင်ရမည်။ 

၉၆။ ရာထူးသက်တမ်း၊ ရာထူးခန့်အပ်ခြင်း၊ ရာထူးမှအနားယူ၊ နုတ်ထွက်ခြင်းနှင့်ဖယ်ရှားခြင်း

(က) ဥက္ကဋ္ဌသည် နာယကအဖွဲ့ကရွေးကောက်တင်မြှောက်ခြင်းခံရသူကို အဖွဲ့စာရင်းစစ်အဖြစ် ဖြင့်လည်းကောင်း၊ ဥက္ကဋ္ဌကအဆိုပြု၍ နာယကအဖွဲ့ကအတည်ပြုခြင်းခံရသူကို တွဲဖက်စာရင်းစစ်အဖြစ် ဖြင့်လည်းကောင်း၊ ခန့်အပ်ကြောင်းကြေညာပေးရမည်။ ၎င်းတို့သည် ဥက္ကဋ္ဌ ရှေ့မှောက်တွင် မြန်မာ့သစ်ခွအဖွဲ့၏ လုပ်ငန်းတာဝန်၊ ရည်ရွယ်ချက်များ၊ စံတန်ဖိုးများ၊ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၊ မူဝါဒများနှင့် စည်းမျဉ်းစည်းများကို လိုက်နာမည်ဖြစ်ကြောင်း ခန့်အပ်လွှာတွင် လက်မှတ်ရေးထိုး ကတိပြုရမည်။

(ခ) အဖွဲ့စာရင်းစစ်နှင့် တွဲဖက်စာရင်းစစ်တို့၏ ရာထူးသက်တမ်းသည် နှစ်နှစ် ဖြစ်သည်။

(ဂ) အဖွဲ့စာရင်းစစ်နှင့် တွဲဖက်စာရင်းစစ်တို့သည် မိမိ၏ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျောက် သို့မဟုတ် အောက်ပါ စာပိုဒ်ခွဲ (င) အရ နုတ်ထွက်လိုလျှင် ဥက္ကဋ္ဌက နုတ်ထွက်ခွင့်ပြုရမည်။

(ဃ) အဖွဲ့စာရင်းစစ်သည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သော ကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ အဖွဲ့စာရင်းစစ်ရာထူးနေရာ လစ်လပ်လျှင် ကျန်သက်တမ်းအား တွဲဖက်စာရင်းစစ်က အဖွဲ့စာရင်းစစ်အဖြစ် တာဝန်ထမ်းဆောင်ရမည်။ ၎င်းတွဲဖက်စာရင်းစစ်နေရာအား ဥက္ကဋ္ဌက ထပ်မံအဆိုပြု၍ နာယကအဖွဲ့ကအတည်ပြုခြင်းခံရသူသည် ကျန်သက်တမ်းကို တွဲဖက်စာရင်းစစ်အဖြစ် တာဝန်ထမ်းဆောင်ရမည်။

(င) အဖွဲ့စာရင်းစစ်နှင့် တွဲဖက်စာရင်းစစ်တို့သည်၊ နာယကအဖွဲ့ဝင် သို့မဟုတ် အဖွဲ့ဝင် များရာ၏ ထောက်ခံမှုကို မရသောအခါ၊ ရာထူးမှနုတ်ထွက်ရမည်။ 

(စ) အဖွဲ့စာရင်းစစ်နှင့် တွဲဖက်စာရင်းစစ်တို့ကိုလည်း ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း စာပိုဒ် (၁၀၀) ပါ ပြဋ္ဌာန်းချက်များအတိုင် စွပ်စွဲပြစ်တင်ဖယ်ရှားနိုင်သည်။ 

ညှိနှိုင်းကွပ်ကဲရေးမှူးချုပ်

၉၇။ ညှိနှိုင်းကွပ်ကဲရေးမှူးချုပ် 

ဥက္ကဋ္ဌသည် ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး၏ ရုံးလုပ်ငန်းများကို ဦးစီးဆောင်ရွက်နိုင်ရန် ညှိနှိုင်းကွပ်ကဲရေးမှူးချုပ်တစ်ဦးကို ခန့်ထားရမည်။

၉၈။ တာဝန်နှင့်လုပ်ပိုင်ခွင့်များ 

ညှိနှိုင်းကွပ်ကဲရေးမှူးချုပ်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ-

(က) ဥက္ကဋ္ဌ၏ အချိန်စာရင်းကို ကြီးကြပ်ပြီး အစည်းအဝေးများကို အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးခြင်း၊

(ခ) အကြံပြုချက်များနှင့် အကြံဉာဏ်များပေးခြင်းဖြင့် အဖွဲ့အစည်းအတွင်း ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီ ခေါင်းဆောင်များနှင့် ပူးပေါင်းလုပ်ဆောင်ပြီး အဖွဲ့လိုက်လုပ်ဆောင်မှုကို မြှင့်တင်ခြင်း၊

(ဂ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များအား ၎င်းတို့၏ အစီအစဉ်များနှင့် အစီအစဉ်များပေါ်အခြေခံ၍ မဟာဗျူဟာများကို ဦးစားပေးလုပ်ဆောင်ရာတွင် အကူအညီပေးခြင်း၊ 

(ဃ) အဓိက စွမ်းဆောင်ရည် ညွှန်းကိန်းများ (KPIs) ကို ဆုံးဖြတ်ချမှတ်ပြီး သက်ဆိုင်ရာအသင်းအဖွဲ့၏ စွမ်းဆောင်ရည်ကို တိုင်းတာသည့် နည်းလမ်းများ ချမှတ်ခြင်း၊

(င) ဥက္ကဋ္ဌအား အမျိုးမျိုးသော ရှုမြင်သုံးသပ်ချက်များကို ရယူနိုင်စေရန်အတွက် အဖွဲ့အစည်းတစ်ခုလုံးအတွင်း သတင်းအချက်အလက်များ စီးဆင်းမှုကို စနစ်တကျ အသိပေးပြီး လွယ်ကူချောမွေ့စေရန်၊ 

(စ) အဖွဲ့အစည်းအတွင်း အစီရင်ခံခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းအတွက် ရုံး၊ ဌာန၊ ကောင်စီ၊ ကော်မတီ၊ အသင်းအဖွဲ့များ၏ ဖွဲ့စည်းပုံကို ထူထောင်နိုင်ရန်ဆောင်ရွက်ခြင်း၊

(ဆ) အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ကို စီမံခန့်ခွဲရာတွင် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာဌာန အကြီးအကဲအား အကူညီပေးပြီး လိုအပ်သလို လမ်းညွှန်မှုပေးခြင်း၊

(ဇ) အဖွဲ့အစည်းအတွင်း သတင်းအချက်အလက်များ စုစည်းခြင်းနှင့် အစီရင်ခံခြင်းအတွက် စနစ်တစ်ရပ် ဖော်ဆောင်ခြင်း၊

(ဈ) လှုပ်ရှားမှုစီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ မူဝါဒရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ဥက္ကဋ္ဌထံ အကြံဉာဏ်ပေးခြင်း၊

(ည) အလုပ်အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးများကို စီမံခန့်ခွဲရန်နှင့် စီစဉ်ရာတွင် အထွေထွေအတွင်းရေးမှူးအား အကူညီပေးခြင်း။


၉၉။ ရာထူးသက်တမ်း၊ ရာထူးခန့်အပ်ခြင်း၊ ရာထူးမှအနားယူ၊ နုတ်ထွက်ခြင်းနှင့်ဖယ်ရှားခြင်း

(က) ဥက္ကဋ္ဌသည် ၎င်း၏သဘောဆန္ဒအရ သင့်လျော်သည့်ပုဂ္ဂိုလ်ကို ညှိနှိုင်းကွပ်ကဲရေးမှူးချုပ်အဖြစ် ခန့်အပ်နိုင်သည်။ 

(ခ) ညှိနှိုင်းကွပ်ကဲရေးမှူးချုပ်၏ ရာထူးသက်တမ်းမှာ ဥက္ကဋ္ဌ၏ ဆုံးဖြတ်မှုအတိုင်း ဖြစ်သည်။

(ဂ) ညှိနှိုင်းကွပ်ကဲရေးမှူးချုပ်သည် မိမိ၏ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျောက် သို့မဟုတ် အောက်ပါ စာပိုဒ်ခွဲ (ဂ) အရ နုတ်ထွက်လိုလျှင် ဥက္ကဋ္ဌက နုတ်ထွက်ခွင့်ပြုရမည်။

(ဃ) ညှိနှိုင်းကွပ်ကဲရေးမှူးချုပ်သည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သော ကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ ညှိနှိုင်းကွပ်ကဲရေးမှူးချုပ်ရာထူးနေရာ လစ်လပ်လျှင် ဥက္ကဋ္ဌက သင့်လျော်သည့်ပုဂ္ဂိုလ်ကို ခန့်အပ်ရမည်။

(င) ညှိနှိုင်းကွပ်ကဲရေးမှူးချုပ်ကို ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း စာပိုဒ် (၁၀၀) ပါ ပြဋ္ဌာန်းချက်များအတိုင် စွပ်စွဲပြစ်တင်ဖယ်ရှားနိုင်သည်၊ သို့တည်းမဟုတ် ဥက္ကဋ္ဌက ၎င်းသဘောဆန္ဒအရ ထုတ်ပယ်နိုင်သည်။

စွပ်စွဲပြစ်တင်ခြင်း

၁၀၀။ စွပ်စွဲပြစ်တင်ခြင်း

(က) ဥက္ကဋ္ဌကိုဖြစ်စေ၊ ဒုတိယဥက္ကဋ္ဌကိုဖြစ်စေ၊ အလုပ်အမှုဆောင်ဒါရိုက်တာကိုဖြစ်စေ၊ အထွေထွေအတွင်းရေးမှူးကိုဖြစ်စေ၊ ဘဏ္ဍာရေးမှူးကိုဖြစ်စေ၊ ဒါရိုက်တာတစ်ဦးဦးကိုဖြစ်စေ ၊ ကောင်စီ၊ ကော်မရှင်၊ ကော်မတီ အကြီးအကဲတစ်ဦးဦးကိုဖြစ်စေ အောက်ပါအကြောင်း တစ်ရပ် ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည်-

(၁) အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များကိုဖောက်ဖျက်ခြင်း၊

(၂) ဤဖွဲ့စည်းပုံအခြေခံဥမူစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊

(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊

(၄) ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းတွင် ပြဋ္ဌာန်းထားသော ၎င်းပုဂ္ဂိုလ်၏ သက်ဆိုင်ရာရာထူးတွင်ရှိရမည့် အရည်အချင်းပျက်ယွင်းခြင်း၊

(၅) အခြားပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း၊၊

(ခ) (၁) ဥက္ကဋ္ဌ သို့မဟုတ် အခြားအဖွဲ့အစည်းအတွင်း အကြီးအကဲတစ်ဦးဦးကို စွပ်စွဲပြစ်တင်လိုပါက အဖွဲ့ဝင်ဦးရေ၏ စုစုပေါင်းဦးရေအနက် အနည်းဆုံးလေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏ စွပ်စွဲချက်ကို အထွေထွေအစည်းအဝေးသဘာပတိထံ တင်ပြရမည်။

(၂) ယင်းစွပ်စွဲချက်ကို အဖွဲ့ဝင်စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံတစ်ပုံကထောက်ခံမှသာ ဆက်လက်အရေးယူဆောင်ရွက်ရမည်။

(၃) ယင်းစွပ်စွဲချက်ကို အရေးယူဆောင်ရွက်ရန် ထောက်ခံလျှင် အထွေထွေအစည်းအဝေးသဘာပတိက ယင်းစွပ်စွဲချက်ကိုအဖွဲ့ဖွဲ့၍ စုံးစမ်းစစ်ဆေးရမည်။ ယင်းအဖွဲ့တွင် နာယကအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် အခြားအဖွဲ့ဝင်များ အချိုးညီစွာပါဝင်စေရမည်။

(၄) စွပ်စွဲချက်ကိုစုံစမ်းစစ်ဆေးသည့်အခါ စွပ်စွဲခံရသည့် အကြီးအကဲ ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်။

(၅) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးပြီးသည့်အခါ အဖွဲ့ဝင်များ၏ စုစုပေါင်းဦးရေအနက် အနည်းဆုံးသုံးပုံနှစ်ပုံက ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး စွပ်စွဲခံရသောပြစ်မှုသည် ၎င်းအကြီးအကဲအား ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် စွပ်စွဲခံရသော အကြီးအကဲအား ရာထူးမှရပ်စဲရန် အထွေထွေအစည်းအဝေးသဘာပတိထံ တင်ပြရမည်၊

(၆) အထွေထွေအစည်းအဝေးသဘာပတိသည် တင်ပြချက်ရရှိလျှင်ရရှိချင်းစွပ်စွဲခံရသော အကြီးအကဲအား ရာထူးမှ ရပ်စဲကြောင်းကြေညာရမည်။

ကိုယ်စားလှယ်များ

၁၀၁။ မြန်မာ့သစ်ခွကိုယ်စားလှယ်များခန့်အပ်ခြင်း 

မြန်မာ့သစ်ခွကိုယ်စားလှယ်များ၊ သံတမန် (Ambassador) များကို လိုအပ်ပါက ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏အကြံပြုချက်ဖြင့် ဥက္ကဋ္ဌက ခန့်အပ်နိုင်သည်။ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် ၎င်းကိုယ်စားလှယ်များ၊ သံတမန် (Ambassador) များ၏ အခန်းကဏ္ဍ၊တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ထုတ်ပြန်ဖော်ပြကြေငြာပေးရမည်။

ဝန်ထမ်းများ

၁၀၂။ အခပေးဝန်ထမ်းများခေါ်ယူငှားရမ်းခြင်း 

(က) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဦးသည် ၎င်း၏ ရုံးများ၊ ဌာနများ၊ ကောင်စီများနှင့် ကော်မတီများတွင် ဌာန၏ သတ်မှတ်ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်းအတွင်းမှ အခပေးဝန်ထမ်းများကို ခေါ်ယူငှားရမ်းရန် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပန်ကြားနိုင်သည်။

(ခ) အထွေထွေအစည်းအဝေးမှ အခြားနည်းဖြင့် ပြဋ္ဌာန်းထားခြင်းမရှိလျှင်၊ မြန်မာ့သစ်ခွ၏ အခပေးဝန်ထမ်းအားလုံးကို ခန့်အပ်ခြင်းနှင့် ဖယ်ရှားခြင်း လုပ်ပိုင်ခွင့်အား ဥက္ကဋ္ဌထံအပ်နှင်းပြီး မြန်မာ့သစ်ခွ၏ လူ့အရင်းအမြစ်ဆိုင်ရာဌာနက အလုပ်အမှုဆောင်ဒါရိုက်တာ၏ခွင့်ပြုချက်ဖြင့် ကျင့်သုံးပိုင်ခွင့်ရှိသည်။ 

(ဂ) လိုအပ်သော အခပေးဝန်ထမ်းရာထူးများနှင့် ၎င်းတို့နှင့်သက်ဆိုင်သော လစာနှင့် အခြား လုပ်ငန်းတာဝန် ကိစ္စရပ်များအတွက် မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ရမည်။ 

(ဃ) မြန်မာ့သစ်ခွ ဝန်ထမ်းများကိုလည်း ဗော်လန်တီယာနည်းအတိုင်း အုပ်ချုပ်စီမံခန့်ခွဲရမည် ဖြစ်သကဲ့သို့ ၎င်းတို့အပေါ်တွင်လည်း မြန်မာ့သစ်ခွ၏မူဝါဒများ စည်းမျဉ်းများ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ အစီရင်ခံစာများသည် သက်ရောက်မှုရှိသည်။

စာရွက်စာတမ်းကိစ္စကဏ္ဍများ

၁၀၃။ ကြေညာချက်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း၊ အသိပေးစာများထုတ်ပြန်ခြင်း 

အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်၊ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များနှင့် ဤဖွဲ့စည်းပုံ အခြေခံမူပါ ပြဋ္ဌာန်းချက်များ၊ စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် လိုအပ်ပါက နာယကအဖွဲ့၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ ၎င်းဘုတ်အဖွဲ့ဝင်များ ရုံး၊ ဌာနအကြီးအကဲ၊ ကောင်စီဝင်၊ ကော်မတီဝင်၊ အကြီးအကဲများသည် ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ အစီရင်ခံစာများနှင့် လုပ်ထုံးလုပ်နည်းများကို လိုအပ်သလို သက်ဆိုင်ရာမူဝါဒများအတိုင်း ထုတ်ပြန်နိုင်သည်။ 

၁၀၄။ မှတ်ပုံတင်စာအုပ်များ 

အဖွဲ့အစည်း၏ ရုံး၊ ဌာနတစ်ခုစီတိုင်းအတွက် မှတ်တမ်းများ မှတ်တမ်းတင်ရန် မှတ်ပုံတင်စာအုပ်များထားရှိရမည်။

၁၀၅။ အကြောင်းကြားစာပေးပို့ခြင်း

အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်၊ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များနှင့် ဤဖွဲ့စည်းပုံ အခြေခံမူပါ ပြဋ္ဌာန်းချက်များ၊ စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင်နှင့် အခြားအဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များ၊ အဖွဲ့အစည်းမူဝါဒများနှင့် အခြေအနေအရပ်ရပ် အတွက် လိုအပ်ပါက နာယကအဖွဲ့၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ ၎င်းဘုတ်အဖွဲ့ဝင်များ ရုံး၊ ဌာနအကြီးအကဲ၊ ကောင်စီဝင်၊ ကော်မတီဝင်၊ အကြီးအကဲများသည် မည်သူ့ကိုမဆို အဖွဲ့အစည်းကိုယ်စား အကြောင်းကြားစာပေးပို့နိုင်သည်။

လူ့အရင်းအမြစ်များ

၁၀၆။ လူ့အရင်းအမြစ်စီမံခန့်ခွဲခြင်း 

အဖွဲ့အစည်း၏ လူ့အရင်းအမြစ်ကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ သတ်မှတ်တာဝန်ပေးသော လူ့အရင်းအမြစ်ဆိုင်ရာဌာနမှ သက်ဆိုင်ရာဌာနဒါရိုက်တာများနှင့် အဖွဲ့ဝင်ခြင်းနှင့် အခြားသက်ဆိုင်ရာမူဝါဒများ အတိုင်း ကြီးကြပ်စီမံခန့်ခွဲရမည်။ 

၁၀၇။ ရာထူးအဆင့်များ 

ဌာနများအတွင်း ရာထူးအဆင့်များတီထွင်ခြင်းကို သက်ဆိုင်ရာဌာနဒါရိုက်တာနှင့် လူ့အရင်းအမြစ်ဆိုင်ရာဌာနတို့က အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် တီထွင်သတ်မှတ်နိုင်သည်။ 

၁၀၈။ အခြေခံကျင့်ဝတ်စည်းမျဉ်းစည်းကမ်းများဆိုင်ရာမူဝါဒ

ဥက္ကဋ္ဌသည် နာယကအဖွဲ့၏ သဘောတူညီချက်နှင့်အညီ အဖွဲ့ဝင်များ၏ အခြေခံကျင့်ဝတ်စည်းကမ်းထိန်းသိမ်းသည့် မူဝါဒကို ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့်အညီ ထုတ်ပြန်ပေးရမည်။ ၎င်းမူဝါဒတွင် အဖွဲ့ဝင်များ၏အခွင့်အရေးနှင့် ကျင့်ဝတ်၊ အဖွဲ့အတွင်းပြဿနာများဖြေရှင်းခြင်း၊ အလုပ်ဆိုင်ရာစည်းကမ်းများ၊ ဆက်သွယ်ရေး၊ အဖွဲ့အစည်း၏ လျှို့ဝှက်ချက်၊ စသည်တို့ ပါဝင်ရမည်။

အခန်း (၆) - ဘဏ္ဍာရေး

အခြေခံဘဏ္ဍာရေးမူဝါဒ

၁၀၉။ ဘဏ္ဍာရေးအခြေခံမူများ 

(က) အဖွဲ့၏ငွေစာရင်းများအားလုံးကို မြန်မာ ‘ကျပ်’ ငွေဖြင့်သာ စာရင်းရေးသွင်းရမည်။ 

(ခ) လတစ်လ၏ဘဏ္ဍာရေးပိတ်ရက်သည် ထိုလ၏နောက်ဆုံးရက်ဖြစ်ပြီး ဂရီဂေါရီးယန်းပြက္ခဒိန်၏ နှစ်တစ်နှစ်အဆုံးတွင် အဖွဲ့၏ ဘဏ္ဍာရေးကာလ ကုန်ဆုံးသည်။ အစိုးရဘဏ္ဍာရေးကာလကုန်ဆုံးသော အခါ တွင်လည်း နှစ်ဝက်ဘဏ္ဍာရေးနှစ်အစီရင်ခံစာကို ပြုလုပ်ရမည်။

(ဂ) အဖွဲ့အစည်းပိုင်ပစ္စည်းများနှင့် ဘဏ္ဍာငွေများအပေါ်မည်သူမျှ အလွဲသုံးစားပြုလုပ်ခြင်းမရှိစေရ။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်ဖြစ်ပါက စာပိုဒ် (၄၇)၊ စာပိုဒ်ခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်များဖြင့်သော်လည်းကောင်း ပုံမှန် အဖွဲ့ဝင်ဖြစ်ပါက အောက်ပါစာပိုဒ်ခွဲ (ဃ) အရဖြစ်တည်လာသော ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများဖြင့်သော်လည်းကောင်း အရေးယူခြင်းပြုလုပ်ရမည်။ ။

(ဃ) အဖွဲ့အစည်း၏ဘဏ္ဍာရေးမူဝါဒနှင့် စည်းမျဉ်းများကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ရေးဆွဲပြီး နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့် ဥက္ကဋ္ဌမှ ထုတ်ပြန်ကြေညာရမည်။ 

(င) ထိုမူဝါဒများသည် ဤဖွဲ့စည်းပုံအခြေခံမူပါ အခြေခံဘဏ္ဍာရေးမူများနှင့် သဘောထားကွဲလွဲမှု မရှိစေရ။ မြန်မာ့သစ်ခွ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိနှင့်တကွ မိမိလက်အောက်ရှိ အဖွဲ့ဝင်များအား ထိုစည်းမျဉ်းကို လိုက်နာစေရန် စီမံဆောင်ရွက်ရမည်။ အဖွဲ့ဝင်များအားလုံးသည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ထိုစည်းမျဉ်းနှင့် ဆက်နွှယ်နေသော အခြားပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်ရမည်။ ဘဏ္ဍာရေးဌာနနှင့် အဖွဲ့စာရင်းစစ်ရုံးမှ လိုအပ်၍ ဤမူဝါဒရ ထုတ်ပြန်သော စည်းမျဉ်း၊ ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်ရမည်။

၁၁၀။ ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့် 

(က) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်ဒါရိုက်တာ၊ အထွေထွေအတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့ကသာ အဖွဲ့အစည်း၏ နာယကအဖွဲ့မှခွင့်ပြုသော အရသုံးမှန်ခြေဘဏ္ဍာငွေကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် ချုပ်ကိုင်သုံးစွဲပိုင်ခွင့်ကို ဆုံးဖြတ်နိုင်သည်။ 

(ခ) အဖွဲ့အတွင်း ဘဏ္ဍာငွေသုံးစွဲရမည့်အခါတွင် နာယကအဖွဲ့က  ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်းများထုတ်ပြန်၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ကသုံးစွဲရမည်။ 

(ဂ) ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးမှူးတို့သည် နာယကအဖွဲ့ကိုယ်စား အရသုံးမှန်းခြေဆိုင်ရာ ငွေစာရင်းခွင့်ပြုချက်များကို နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ဃ) ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်ဒါရိုက်တာ၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ နှင့် ဘဏ္ဍာရေးမှူးတို့သည် သင့်လျော်သည့်ကိစ္စရပ်များအတွက် ညွှန်ကြားချက်၊စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ချမှတ်ရမည်။ 

(င) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်ဒါရိုက်တာ၊ အထွေထွေအတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့သည် အဖွဲ့အစည်း၏ ဘဏ္ဍာရေးကို စနစ်တကျ ထိန်းချုပ်ကိုင်တွယ်စီမံရမည်။ ဘဏ္ဍာရေးကိစ္စများအတွက် ၎င်းတို့က တာဝန်ခံခြင်းရှိရမည်။

၁၁၁။ ဘဏ္ဍာရေးမှူးနှင့်ဘဏ္ဍာရေးဌာန 

(က) အဖွဲ့၏ ပုံသေပိုင်ပစ္စည်း၊ ငွေစာရင်းများနှင့် အခြားစီမံခန့်ခွဲခွင့်ရှိသောအရာများကို စီမံခန့်ခွဲရန် ဥက္ကဋ္ဌသည် ဘဏ္ဍာရေးဆိုင်ရာဌာနတစ်ခုကို ဖွဲ့စည်းထားရမည်။ 

(ခ) ၎င်း ဘဏ္ဍာရေးဆိုင်ရာဌာနကို ဘဏ္ဍာရေးဌာန (The Department of the Treasury) ဟုခေါ်တွင်ပြီး ဘဏ္ဍာရေးမှူးက ၎င်းဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးရမည်။

(ခ) ဘဏ္ဍာရေးဌာနသည်-

(၁) အဖွဲ့၏ စာရင်းရေးဆွဲခြင်း၊ အဖွဲ့၏ ဘဏ္ဍာရေးနှင့်သက်ဆိုင်သည် မူဝါဒများတင်ပြခြင်း၊၊ ဘဏ္ဍာရေးအရသုံးမှန်းခြေဆိုင်ရာငွေစာရင်းခွင့်ပြုချက်အတိုင်း ငွေစာရင်းများ ထုတ်ပေးခြင်း၊

(၂) အဖွဲ့ပိုင်ပစ္စည်းများ၊ ပုံသေပိုင်ပစ္စည်းများ၊ ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်မှုများနှင့် ရရန်ပိုင်ခွင့်များ၊ အဖွဲ့ကြွေးမြီများ၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့တာဝန်ခံထားမှုများနှင့်ယင်းတို့မှ ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ပေးရန်တာဝန် များကို စာပိုဒ် (၁၀၉) အရဖြစ်တည်လာသော အဖွဲ့ဘဏ္ဍာရေးမူဝါဒပါ ပြဋ္ဌာန်းချက်များနှင့်အညီ စီမံထိန်းသိမ်းနိုင်ရန် ညွှန်ကြားချက်များ ထုတ်ပေးခြင်း၊

(၃) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ လမ်းညွှန်ချက်အတိုင်း စီမံဆောင်ရွက်ခြင်း၊

(၄) အဖွဲ့အစည်း၏ဘဏ္ဍာရေးနှင့် ပိုင်ဆိုင်မှုများကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ လမ်းညွှန်ချက်အတိုင်း စီမံခန့်ခွဲခြင်း၊

(၅) အဖွဲ့ဘဏ္ဍာအရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ စီမံဆောင်ရွက်ခြင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ ဌာန၊အဖွဲ့အစည်းများ၏ ရငွေ၊ သုံးငွေများကို စီမံကြီးကြပ်ခြင်း၊ ငွေစာရင်းအ‌ကောင်အထည်ဖော်မှုအခြေအနေကို စောင့်ကြည့်သုံးသပ်ခြင်း၊

(၆) အဖွဲ့၏ ငွေစာရင်းနှင့်စပ်လျဉ်း၍ ခြောက်လပတ်နှင့် နှစ်ပတ်လည် အစီရင်ခံစာကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှတစ်ဆင့် အဖွဲ့အထွေထွေအစည်းအဝေးသို့ တင်ပြခြင်း၊

(၇) ချေးငွေ၊ အကူအညီရငွေနှင့်သက်ဆိုင်သည့် ငွေကြေးဆက်စပ်ဆောင်ရွက်မှု များကို စီမံကြီးကြပ်ခြင်း၊

(၈) အလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများအကြား ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုများကို စီမံကြီးကြပ်ခြင်း၊

(၉) စာပိုဒ် (၁၀၉) အရဖြစ်တည်လာသော အဖွဲ့ဘဏ္ဍာရေးမူဝါဒပါ ပြဋ္ဌာန်းချက်များနှင့်အညီ ‌ဆောင်ရွက်ရာတွင် လိုအပ်သော ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊

(၁၀) ဘဏ္ဍာရေးနှင့်သက်ဆိုင်သော လုပ်ငန်းကိစ္စများအတွက် အလုပ်အမှုဆောင်ဘုတ် အဖွဲ့ကိုယ်စား ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ သဘောတူညီမှုများပြုလုပ်ခြင်း၊

(၁၁) စာပိုဒ် (၁၀၉) အရဖြစ်တည်လာသော အဖွဲ့ဘဏ္ဍာရေးမူဝါဒပါ ပြဋ္ဌာန်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပြင် အဖွဲ့ဘဏ္ဍာငွေစီမံခန့်ခွဲမှုစနစ်ကို ထိရောက်စွာ အ‌ကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းများ ကိုလည်း အဖွဲ့ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တာဝန်ခံ တင်ပြခြင်း၊

(၁၂) အဖွဲ့၏ ဘဏ္ဍာရေးမူဝါဒနှင့်အညီ ဆောင်ရွက်နိုင်ရန် ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ တင်ပြခြင်း၊

(၁၃) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ငွေစာရင်းများစုစည်းခြင်း၊ ဘဏ်စာရင်းကိုက်ညှိခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံခြင်း တို့ကို ဆောင်ရွက်ခြင်း၊

(၁၄) ပြည်ပအကူအညီရငွေနှင့် ထောက်ပံ့ငွေများကို စာရင်းပြုစုထားရှိခြင်း၊

ဌာနာဆိုင်ရာများ၊ ကောင်စီနှင့် ကော်မတီများ၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်းများကို ဘဏ္ဍာရေးမှူးက စိစစ်ပြီး စီမံကိန်းများကို  ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ထံ တင်ပြခြင်း၊ 

(၁၅) ငွေကြေးကိစ္စများ အကြံဉာဏ်ပေးခြင်း၊ 

(၁၆) ခိုင်မာသောဘဏ္ဍာရေးစနစ် ထူထောင်ရန် ကြီးကြပ်ခြင်း၊ 

(၁၇) လိုအပ်ပါက အဖွဲ့အစည်း၏ အဆိုပြုချက်‌ ငွေစာရင်းများကို ကြည့်ကြပ်ခြင်း၊

(၁၈) လိုအပ်ပါက ဘဏ္ဍာရေးကျွမ်းကျင်သူများ၏ အကြံဉာဏ်ကို ရယူခြင်း၊

(၁၉) ဘဏ္ဍာရေးမှူးသည် နာယကအဖွဲ့ သို့မဟုတ် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် အဖွဲ့အစည်း၏ဘဏ္ဍာရေးနှင့် ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။

(၂၀) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က အခါအားလျော်စွာပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ခြင်း။

မှတ်တမ်းနှင့်အစီအရင်ခံစာ

၁၁၂။ ဘဏ္ဍာရေးမှတ်တမ်း 

အဖွဲ့အစည်း၏ ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းများအားလုံးကို ဘဏ္ဍာရေးဆိုင်ရာမှတ်ပုံတင်စာအုပ်များတွင် မှတ်တမ်းတင်၍ မော်ကွန်းတင်ကာ ထိန်းသိမ်းထားရမည်။

၁၁၃။ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏အစီအရင်ခံစာ 

(က) ဘဏ္ဍာရေးဌာနသည် အဖွဲ့နှင့် အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အခြေအနေအရပ်ရပ်  အစီအရင်ခံစာများ ပေါင်းချုပ်ရေးဆွဲပြီး ပါက အလုပ်အမှုဆောင်ဘုတ်အဖွဲ့အဖွဲ့ရုံးနှင့် အဖွဲ့စာရင်းစစ်တို့သို့ မိတ္တူပေးပို့ရမည်။ 

ရှင်းလင်းချက် ။ ။ အခြေအနေအရပ်ရပ်ဆိုရာတွင် အဖွဲ့အစည်း၏ 

(၁) ရငွေနှင့် အသုံးစရိတ်များ၏ လစဉ်အခြေအနေ၊

(၂) ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်း အကောင်အထည်ဖော်နိုင်မှုအခြေအနေ၊

(၃) ချေးငွေများ၏ ပြောင်းလဲမှုအခြေအနေ၊

(၄) အဖွဲ့၏ လစဉ် ပိုငွေ/ လိုငွေ အခြေအနေ၊

(၅) ငွေသားလက်ကျန်အခြေအနေ၊

(၆) လူ့အရင်းအမြစ်အခြေအနေ၊

(၇) ပုံသေပိုင်ပစ္စည်းအခြေအနေ၊

(၈) ပရောဂျက်များ၏ အောင်မြင်မှုအခြေအနေ၊

(၉) အဖွဲ့လူမှုဆက်ဆံရေးနှင့် ထိတွေ့ဆက်ဆံစည်းရုံးနိုင်မှုအခြေအနေ၊

(၁၀) အခြားအဖွဲ့များနှင့်နှိုင်းယှဉ်ချက်၊

(၁၁) နည်းပညာနှင့် သုတေသနအခြေအနေများ၊

(၁၂) အခြားအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှဆုံးဖြတ်ချမှတ်သော ထည့်သွင်းရမည့် အခြေအနေများ။ တို့ပါဝင်သည်။ 

(ခ) ဘဏ္ဍာရေးဌာနှင့် အခြားဌာနများသည် ဘဏ္ဍာရေးကာလကုန်ဆုံးသည့်အချိန်တွင် မြန်မာ့သစ်ခွ ရုံး၊ ဌာန၊ မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများ၏ စာရင်းများမှ ပေးပို့လာသည့် အဖွဲ့စာရင်းစစ်အတည်ပြုပြီးသည့် အမှန်စာရင်း ကို ပြုစုပြီး ဘဏ္ဍာနှစ်ကုန်ဆုံးပြီး ၂လအတွင်း အဖွဲ့ အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှတစ်ဆင့် အထွေထွေအစည်းအဝေးသို့လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များသို့လည်းကောင်း၊ အများပြည်သူများထံသို့လည်းကောင်း၊ လှူဒါန်းသူများထံသို့လည်းကောင်း၊ တင်ပြရမည်။

၁၁၄။ ဘဏ္ဍာရေးရှင်းတမ်း 

(က) အဖွဲ့ဗဟိုအဆင့် ဌာန၊ အဖွဲ့အစည်းများသည် မိမိတို့၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်း လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေများကို ရှင်းလင်းချက်များနှင့်အတူ ဘဏ္ဍာရေးဌာနသို့ သတ်မှတ်ရက်အတွင်း ပေးပို့ရမည်။ ဘဏ္ဍာရေးဌာနသည် အဖွဲ့ဗဟိုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ လစဉ်နှင့် သုံးလပတ် ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်း လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေများကို စုစည်း ပေါင်းချုပ်၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့အဖွဲ့ရုံးသို့ ပေးပို့အစီရင်ခံ တင်ပြရမည်။ ခြောက်လပတ်နှင့် နှစ်ပတ်လည် ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်း လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေများကိုလည်း စုစည်းပေါင်းချုပ်၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့အဖွဲ့၏ အတည်ပြုချက်ဖြင့် အဖွဲ့အ‌ထွေထွေအစည်းအဝေးသို့ အစီရင်ခံတင်ပြရမည်။

(ခ) အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများသည် မိမိတို့၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ငွေစာရင်းလျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ရှင်းလင်း ချက်များနှင့်အတူ ဘဏ္ဍာရေးဌာနသို့ သတ်မှတ်ရက်အတွင်း ပေးပို့ရမည်။ ဘဏ္ဍာရေးဌာနသည် သက်ဆိုင်ရာ အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ လစဉ် ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်း လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို လည်းကောင်း၊ သုံးလပတ် ဘဏ္ဍာငွေ အရသုံးဆိုင်ရာငွေစာရင်းလျာထားချက် များအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ဘဏ္ဍာ‌‌ရေး ဌာနသို့ လည်းကောင်း၊ ခြောက်လပတ်နှင့် နှစ်ပတ်လည် ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်း လျာထားချက်များအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ဘဏ္ဍာ‌ရေးဌာနမှတစ်ဆင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့အဖွဲ့ရုံးသို့ လည်းကောင်း၊ အဖွဲ့အ‌ထွေထွေအစည်းအဝေးသို့ လည်းကောင်း၊ အစီရင်ခံတင်ပြရမည်။

ရန်ပုံငွေများနှင့်အရသုံးမှန်းခြေငွေစာရင်းများ

၁၁၅။ ရန်ပုံငွေများ 

(က) ဘဏ္ဍာရန်ပုံငွေများတွင် မြန်မာ့သစ်ခွလက်အောက်ရှိ ဌာန၊ အဖွဲ့အစည်းများ၏ ငွေစာရင်းဆိုင်ရာ ရငွေ၊ သုံးငွေများ၊ ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သည့် ကြွေးမြီ၊ အပ်ငွေ၊ ယာယီထားရှိငွေ စသည့် စာရင်းဆိုင်ရာ ပေးသွင်းငွေ၊ ထုတ်ပေးငွေများ ပါဝင်သည်။

(ခ) အဖွဲ့အစည်းများဘဏ္ဍာရန်ပုံငွေစာရင်းများကို သီးခြားထားရှိရမည်။ ဘဏ္ဍာရန်ပုံငွေတစ်ခုမှ အခြား ဘဏ္ဍာရန်ပုံငွေတစ်ခုသို့ လွှဲပြောင်းသုံးစွဲခြင်း မပြုရ။ ဘဏ္ဍာရေးဌာနသည် နာယကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဘဏ္ဍာရန်ပုံငွေတစ်ခုခုမှ (ဥက္ကဋ္ဌ၏ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေမှလွဲ၍) အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေစာရင်းသို့ ညွှန်ကြားချက်ဖြင့်လွှဲယူ သုံးစွဲနိုင်သည်။ 

(ဂ) အဖွဲ့အစည်း၏ အဓိကရန်ပုံငွေများကို အောက်ပါအတိုင်းဖွဲ့စည်းသည်။

(၁) အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေ

(က) ဗဟိုဘဏ္ဍာရန်ပုံငွေကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့က နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့်သာ စီမံခန့်ခွဲခွင့်ရှိသည်။ ၎င်းရန်ပုံငွေကို အထွေထွေအစည်းအဝေး၊ ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး၊ နာယကအဖွဲ့၊ အလုပ်အမှုဆောင်ဒါရိုက်ရုံး၊ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ အခါအားလျော်စွာဖွဲ့စည်းသော ဌာနများ၊ ကောင်စီ၊ ရုံး၊ ကော်မတီများအတွက် သုံးစွဲခြင်းပြုရမည်။ ဘဏ္ဍာရေးဌာနသည် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ကိုယ်စား နာယကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စီမံခန့်ခွဲခွင့်ရှိသည်။

(ခ) အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများသည် ရငွေများကို အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းပြီး သုံးငွေများကိုလည်း ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်း၏ ခွင့်ပြု‌ငွေအတွင်း တည်ဆဲဘဏ္ဍာရေးမူဝါဒ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဗဟိုဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်ဖြစ်သည်။

(၂) ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ

(က) အဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းများကို အဖွဲ့အစည်း၏ဘဏ္ဍာငွေမြှင့်တင်ရန် ဖွဲ့စည်းနိုင်သည်။ 

(ခ) ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ ဆိုသည်မှာ အဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းများက လုပ်ငန်းဆောင်ရွက်ခြင်းမှ အမြတ်ရငွေများကို စီမံကြီးကြပ်ထိန်းသိမ်းထားရှိပြီး လုပ်ငန်းသုံးရင်းနှီးငွေ အဖြစ် ထုတ်ယူသုံးစွဲခွင့်ရှိသော ရန်ပုံငွေကို ဆိုသည်။

(၃) အရေးပေါ်ရန်ပုံငွေ

(က) အရေး‌ပေါ်ရန်ပုံငွေ ဆိုသည်မှာ ဗဟိုအလုပ်အမှု‌ဆောင်ဘုတ်အဖွဲ့က မသုံးစွဲလျှင် မဖြစ်သည့် အရေးပေါ်ကိစ္စရပ်အတွက် အသုံးစရိတ်ဖြစ်ပြီး အရေးပေါ်အခြေအနေမျိုးတွင်သာ သုံးစွဲနိုင်ရန် သိမ်းဆည်း၊ ထည့်သွင်းလျာထားသည့်ငွေရပ်ကို ဆိုသည်။

(ခ) အဖွဲ့အစည်းသည် အရေးပေါ်ရန်ပုံငွေများကို နာယကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လစဉ်ရာခိုင်နှုန်းအလိုက် အမြဲသိမ်းဆည်းထားရမည်။

(ဂ) အရေးပေါ်အခြေအနေမျိုးတွင် အရေးပေါ်ရန်ပုံငွေကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့  (သို့မဟုတ်) ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့် ထုတ်ယူသုံးစွဲနိုင်သည်။

(ဃ) အရေးပေါ်ရန်ပုံငွေကို မြန်မာ့သစ်ခွအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးရန်ပုံ‌ငွေ ငွေစာရင်းတွင် မပါဝင်သည့် အသုံးစရိတ်များအတွက်သာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၎င်း အရေးပေါ်အသုံးစရိတ် လိုအပ်ချက်များကို တစ်လအတွင်း ဆောင်ရွက်ပေးနိုင်ရမည်။

(င) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ၊ ကော်မတီ၊ ဌာနများနှင့် ကောင်စီများ၊ စီပွားရေးလုပ်ငန်းများသည် အရေးပေါ်ရန်ပုံငွေမှ စာပိုဒ်ခွဲငယ်စိတ် (ဂ) အရ သုံးစွဲရသည့် အကြောင်းအရင်းများကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ ၏ နောက်တစ်ကြိမ်ကျင်းပသည့် အစည်းအဝေးသို့ အကြောင်းအရာနှင့် အကြောင်းပြချက်များနှင့်အတူ ဖြစ်ရပ်အလိုက် တင်ပြရမည်။

(စ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ သည် စာပိုဒ်ခွဲငယ်စိတ် (ဂ) နှင့် (ဃ) အရ အရေးပေါ်ရန်ပုံငွေမှ သုံးစွဲရသည့်ကိစ္စရပ်များကို အကြောင်းအရာနှင့် အကြောင်းရင်းများနှင့်အတူ နာယကအဖွဲ့နှင့် အထွေထွေအစည်းအဝေးသို့ အကြောင်းကြားရမည်။ 

(၄) ဥက္ကဋ္ဌ၏ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ

ဥက္ကဋ္ဌ၏ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ ဆိုသည်မှာ ဥက္ကဋ္ဌမှ ကိုယ်ပိုင်လှူဒါန်း၍စုထားသော ရန်ပုံငွေများနှင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံးအတွက် ခွင့်ပြုထားသော မသုံးစွဲဖြစ်သည့် ပိုလျှံသည့် ရန်ပုံငွေကိုစု၍ မတည်ထားသော ရန်ပုံငွေဖြစ်သည်။ ဥက္ကဋ္ဌ၏ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေကို ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် လိုအပ်သောနေရာများတွင် သုံးစွဲနိုင်သည်။ ၎င်းသုံးစွဲမှုများကို နာယကအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် ဘဏ္ဍာရေးဌာနသို့ အသိပေးရမည်။ 

(၅) ပိုလျှံရန်ပုံငွေ 

ပိုလျှံရန်ပုံငွေ ဆိုသည်မှာ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ (ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံးမှလွဲ၍) အခြား လက်အောက်ခံအဖွဲ့အစည်းများအတွက် ခွင့်ပြုထားသော မသုံးစွဲဖြစ်သည့် ပိုလျှံ၍ပြန်လည်အပ်နှံရသည့် ရန်ပုံငွေကိုဆိုသည်။ ဤရန်ပုံငွေကို နာယကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရာခိုင်နှုန်းအလိုက် အခြားရန်ပုံငွေများထံ လွှဲပြောင်းပေးရမည်။

(ဃ) ဤဖွဲ့စည်းပုံအခြေခံမူပါ ဘဏ္ဍာရန်ပုံငွေများပြဋ္ဌာန်းချက်များအပြင် အခြားလိုအပ်သော ဘဏ္ဍာရန်ပုံငွေများပြဋ္ဌာန်းချက်များကို စာပိုဒ် (၁၀၉) အရဖြစ်တည်လာသော အဖွဲ့ဘဏ္ဍာရေးမူဝါဒတွင် ဆက်လက် ဖြည့်စွက်နိုင်သည်။ 

၁၁၆။ အရသုံးမှန်းခြေငွေစာရင်း 

(က) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့ ကိုယ်စား ဘဏ္ဍာရေးဌာနသည် ဘဏ္ဍာငွေအရအသုံးဆိုင်ရာငွေစာရင်းမူကြမ်းကို ရေးဆွဲရမည်။ 

(ခ) နာယကအဖွဲ့သည် ဘဏ္ဍာငွေအရအသုံးဆိုင်ရာငွေစာရင်းမူကြမ်းတွင်ပါရှိသော-

(၁) ဖွဲ့စည်းပုံအခြေခံမူအရ ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၏ အသုံးစရိတ်များ၊

(၂) အဖွဲ့အစည်းက ပေးဆပ်ရန်တာဝန်ရှိသော ကြွေးမြီများ၊ ယင်းကြွေးမြီများနှင့် ဆက်နွှယ်သော ကုန်ကျစရိတ်များ၊ အဖွဲ့အစည်းက ချေးယူငွေများနှင့်ဆက်နွှယ်သော အခြားကုန်ကျစရိတ်များ၊

(၃) အဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းများ၏ အသုံးစရိတ်များ၊

(၄) မူဝါဒ တစ်ရပ်ရပ်အရဖြစ်စေ၊ သဘောတူညီချက်တစ်ခုခုအရ ဖြစ်စေကျခံရမည့် အခြား အသုံးစရိတ်များနှင့် စပ်လျဉ်း၍ နာယကအဖွဲ့တွင် ဆွေးနွေးပိုင်ခွင့်ရှိသည်။ သို့သော် ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်း မပြုရ။

(ဂ) စာပိုဒ်ခွဲ (ခ) ပါ အသုံးစရိတ်များမှအပ အခြားအသုံးစရိတ်များ အတွက်ကိုမူ နာယကအဖွဲ့က သဘောတူ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့် အညီ ဆောင်ရွက်ရမည်၊

(ဃ) နာယကအဖွဲ့မှ အတည်ပြုသည့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက် ပါအတိုင်း ဘဏ္ဍာရေးဌာနနှင့် အဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းများက လိုအပ်သလိုဆောင်ရွက်ရမည်၊

(င) ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အတည်ပြုသည့် နောက်ထပ်ဘဏ္ဍာငွေ အရအသုံးဆိုင်ရာငွေစာရင်းခွင့်ပြုချက်ပါအတိုင်း ဘဏ္ဍာရေးဌာနနှင့် အဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းများက လိုအပ်သလိုဆောင်ရွက်ရမည်။

(စ) ဘဏ္ဍာရေးဌာနသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်း ပြုစုရေးဆွဲရေးအတွက် လိုအပ်သော ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များကို အခါအား လျော်စွာ ထုတ်ပြန်နိုင်သည်။

(ဆ) ဌာန၊ အဖွဲ့အစည်းများသည် ဘဏ္ဍာရေးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များအတိုင်း ရငွေ၊ သုံးငွေ ခန့်မှန်းချက်များကိုရေးဆွဲ၍ အဖွဲ့ဘဏ္ဍာရေးဌာနသို့ သတ်မှတ်ထားသည့် နေ့ရက်အတွင်း ပေးပို့ရမည်။

(ဇ) ဘဏ္ဍာရေးဌာနသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ အဆိုပြုလာသော ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်းများကို အဖွဲ့၏ မူဝါဒ၊ စီမံကိန်း၊ ငွေ‌ရေးကြေးရေးမူဘောင်စံညွှန်းများနှင့်အညီ တိုက်ဆိုင်စစ်ဆေးပြီး ကိုက်ညီမှုရှိပါက အဖွဲ့အစည်း၏ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းအဖြစ် စုစည်းပေါင်းချုပ်၍ အဖွဲ့၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာငွေစာရင်းမူကြမ်းကို စုစည်း‌ရေးဆွဲရမည်။ အဆိုပြုလာသော ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းများသည် ဘဏ္ဍာရေးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်မူဘောင်စသည်များနှင့် ကိုက်ညီမှု မရှိကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးပြီး လိုအပ်သည်များကို ပြင်ဆင်ပြောင်းလဲနိုင်ရန် လမ်းညွှန်ပေးရမည်။

(ဈ) အဖွဲ့ဘဏ္ဍာရေးဌာနသည် အဖွဲ့၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစာရင်းမူကြမ်းကို ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်းနှင့်တကွ နာယကအဖွဲ့သို့ သတ်မှတ် ထားသောရက်အတွင်း တင်ပြရမည်။

(ည) အဖွဲ့၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းကို အတည်ပြုပြီးပါက အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ သက်ဆိုင်ရာမြန်မာ့သစ်ခွလက်အောက်ခံအဖွဲ့အစည်းများသို့ ယင်းတို့နှင့်သက်ဆိုင်သည့် အဖွဲ့ ထောက်ပံ့ငွေများကို အကြောင်းကြားပေးရမည်။

(ဋ) သက်ဆိုင်ရာမြန်မာ့သစ်ခွလက်အောက်ခံအဖွဲ့အစည်းများသည် အဖွဲ့ အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ပေးပို့လာသော အဖွဲ့ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ငွေများကို ခွင့်ပြုထားသော မူလဘဏ္ဍာငွေ အရသုံးဆိုင်ရာငွေစာရင်းနှင့် တိုက်ဆိုင်စစ်‌ဆေးရမည်။

၁၁၇။ ငွေထုတ်ယူသုံးစွဲခြင်း 

(က) ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်အရ တာဝန်ခံသူအဖြစ် သတ်မှတ်ထားသော လုပ်ပိုင်ခွင့်ရှိသူသည် ခွင့်ပြုထားသော ရန်ပုံငွေများကို မိမိလက်အောက်ရှိ ဌာန၊ အဖွဲ့ အစည်း၏ ဌာနအကြီးအမှူး သို့မဟုတ် အကြီးအကဲများသို့ ခွဲဝေပေးရမည်။

(ခ) အဖွဲ့ဘဏ္ဍာရန်ပုံငွေကို စီမံခန့်ခွဲရသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ကြီးကြပ်သူအရာရှိများနှင့် ငွေထုတ်သူအရာရှိများအနေဖြင့် အဖွဲ့ဘဏ္ဍာရန်ပုံငွေများကို ထုတ်ယူသုံးစွဲရာတွင် ဘဏ္ဍာရေး မူဝါဒ၊ စည်းမျဉ်းများကို တိကျစွာလိုက်နာရမည်။ အဖွဲ့ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူရန်အကြောင်း ပေါ်ပေါက်ပါက စည်းမျဉ်းများနှင့် ညီညွတ်သော ငွေတောင်းခံလွှာကို ရေးဆွဲပြီး ၎င်းငွေတောင်းခံလွှာကို ငွေထုတ်သူ အရာရှိက စစ်ဆေးပြီးမှ ငွေထုတ်ယူခြင်းကို ခွင့်ပြုနိုင်သည်။

၁၁၈။ စီမံကိန်များအတွက်ခွင့်ပြုငွေ 

(က) အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော စီမံကိန်းများသည် နာယကအဖွဲ့မှ အတည်ပြုထားသည့် အဖွဲ့၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းအရ ခွင့်ပြုထားသောသုံးငွေများကို အဖွဲ့ဗဟိုဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။

(ခ) အဖွဲ့ပိုင်စီးပွာ‌ရေးလုပ်ငန်းများ၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော စီမံကိန်းများသည် နာယကအဖွဲ့မှ အတည်ပြုထားသည့် အဖွဲ့ပိုင်စီးပွာ‌ရေးလုပ်ငန်းများ၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာငွေစာရင်းအရ ခွင့်ပြုထားသော သုံး‌‌‌ငွေများကို သက်ဆိုင်ရာအဖွဲ့ပိုင်စီးပွာ‌ရေးလုပ်ငန်းများ၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံ‌‌ငွေမှ ထုတ်ယူသုံးစွဲရမည်။

၁၁၉။ ဝယ်ယူခြင်း

(က) ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းအရ အသုံးစရိတ် လျာထားငွေများကို ဌာန၊ အဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝယ်ယူရေး အစီအစဉ်များကို ရေးဆွဲရမည်ဖြစ်ပြီး ကြီးကြပ်သူအရာရှိက အတည်ပြုပေးရမည်။ ဝယ်ယူရေးအစီအစဉ် တိုင်းတွင် စီစဉ်ထားသည့် ဝယ်ယူရေးလုပ်ငန်းစဉ် တစ်ခုချင်းစီအတွက် လမ်းညွှန်ချက်များတွင် ပါဝင်သော သတ်မှတ် ဖော်ပြချက်များ၊ ဝယ်ယူရမည့်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ သို့မဟုတ် လုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ ဝယ်ယူရန် ခန့်မှန်းထားသည့် အချိန်ကာလနှင့် ကာလပေါက်ဈေး စသည်တို့ ပါဝင်ရမည်။

(ခ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဝယ်ယူခြင်းကို လုပ်ဆောင်ရာတွင် ထိရောက်မှု၊ ဈေးနှုန်း သင့်လျော်မှုနှင့် ပွင့်လင်းမြင်သာမှုတို့ရှိစေရန်အတွက် ဂရုပြုဆောင်ရွက်ရမည်။

(ဂ) အလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးအရသုံးဆိုင်ရာငွေစာရင်းပါ ခွဲဝေချထားငွေများဖြင့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးဌာနက အခါအားလျော်စွာ သတ်မှတ်သော သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

၁၂၀။ လိုအပ်သောစရိတ်များနှင့်လုပ်ခလစာပေးခြင်း

(က) မြန်မာ့သစ်ခွအဖွဲ့ဝင်များ စိုက်ထုတ်ထားသည့် လိုအပ်သောစရိတ်များကို ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၊ ဘဏ္ဍာရေးဆိုင်ရာမူဝါဒများနှင့် သက်ဆိုင်ရာမူဝါဒများနှင့်အညီ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့နှင့် ဘဏ္ဍာရေးဌာနမှ ပြန်လည်ရထိုက်သည်ဟု စဉ်းစားဆုံးဖြတ်လျှင် ငွေစာရင်းနှင့်တကွ ပြန်လည်ထုတ်ပေးနိုင်သည်။

(ခ) မြန်မာ့သစ်ခွဝန်ထမ်းများအတွက် လုပ်ခလစာများကို စာချုပ်ချုပ်ငှားရမ်းသည့် အချိန်မှစ၍ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှတစ်ဆင့်ခွ နာယကအဖွဲ့မှ ခွင့်ပြုထားသော လူ့အရင်းအမြစ်ဆိုင်ရာဌာနနှင့် သဘောတူညီထားသည့် လစာကို သက်ဆိုင်ရမူဝါဒများနှင့်အညီ ထုတ်ပေးရမည်။ လစာအတိုးအလျှော့ကိုလည်း သက်ဆိုင်ရမူဝါဒများနှင့်အညီ လိုအပ်သလို တိုးမြှင့်ခြင်း၊ လျှော့ချခြင်းပြုနိုင်သည်။

အထောက်အပံ့

၁၂၁။ အထောက်အပံ့ရယူခြင်း 

(က) ဌာန၊ အဖွဲ့အစည်းများအနေဖြင့် အဖွဲ့၏ အလှူရငွေများကို အပြည့်အဝကောက်ခံပြီး အဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ သို့ အချိန်မီ အပြည့်အဝပေးသွင်းရမည်။

(ခ) ပြည်ပတွင် ကောက်ခံရရှိသောအလှူငွေများကို ဘဏ္ဍာရေးဌာနမှ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် အခါ အားလျော်စွာ ထုတ်ပြန်သော ညွှန်ကြားချက်များ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ရမည်။

(ဂ) ဘဏ္ဍာရေးဌာနသည် အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အဖွဲ့ဘဏ္ဍာငွေစီမံခန့်ခွဲမှုများနှင့် လုပ်ငန်းဆောင်ရွက်မှုများအတွက် ညွှန်ကြားချက်များကို အခါ အားလျော်စွာ ထုတ်ပြန်ပေးရမည်။

(ဃ) အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အမြတ်ငွေများကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ သတ်မှတ်သော ရာခိုင်နှုန်းအတိုင်း ဘဏ္ဍာရေးဌာနမှတစ်ဆင့် ဗဟိုဘဏ္ဍာရန်ပုံငွေသို့လွှဲအပ်ပြီး ကျန်ငွေများကို ၎င်းအဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်သည်၊ သို့တည်းမဟုတ် အဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းအသစ်များတွင် ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်သည်။

(င) ဌာန၊ အဖွဲ့အစည်းများအနေဖြင့် အဖွဲ့၏ ရငွေများနှင့် အခြားသာမန်ရငွေများကို အပြည့်အဝကောက်ခံပြီး အဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ သို့ အချိန်မီ အပြည့်အဝပေးသွင်းရမည်။

(စ) ပြည်ပတွင် ကောက်ခံရရှိသောငွေများကို အဖွဲ့ဘဏ္ဍာရေးဌာနမှ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ခွင့်ပြု၊ သဘောတူညီချက်ဖြင့် အခါ အားလျော်စွာ ထုတ်ပြန်သော ညွှန်ကြားချက်များ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ရမည်။

(ဆ) အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ကောက်ခံရမည့် ရငွေများနှင့် အခြားသာမန်ရငွေများကို အပြည့်အဝကောက်ခံပြီး အဖွဲ့ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေသို့ အချိန်မီ အပြည့်အဝပေးသွင်းရမည်။

(ဇ) မြန်မာ့သစ်ခွလက်အောက်ရှိ အဖွဲ့အစည်းများတွင် ပြည်ပအကူအညီများရရှိလာပါက အဖွဲ့ ဘဏ္ဍာရေးဌာနက အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ ခွင့်ပြု၊ သဘောတူညီချက်ဖြင့် ထုတ်ပြန်သည့် ညွှန်ကြားချက်များအတိုင်း စီမံဆောင်ရွက်ရမည်။

၁၂၂။ အထောက်အပံ့ကန့်ကွက်ပယ်ချခြင်း 

မြန်မာ့သစ်ခွအဖွဲ့သည် ပြင်ပမှ အထောက်အပံ့ရရှိရာတွင် ထိုအထောက်အပံ့သည် နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်သော်လည်းကောင်း၊ ငွေကြေးခဝါချခြင်းနည်းဖြင့်သော်လည်းကောင်း၊ မြန်မာ့သစ်ခွမှချမှတ်ထားသော ဘဏ္ဍာရေးဆိုင်ရာမူဝါဒများနှင့် အခြားမူဝါဒများဖြင့်သော်လည်းကောင်း ညီညွတ်လွတ်ကင်းခြင်းမရှိပါက မည်သူမဆို နာယကအဖွဲ့ထံတင်ပြ၍ ၎င်းအထောက်အပံ့ကို ကန့်ကွက်ပယ်ချရမည်။

၁၂၃။ အထောက်အပံ့ပေးခြင်းနှင့်ဆိုင်းငံ့ခြင်း   

မြန်မာ့သစ်ခွအဖွဲ့သည် အခြားစီမံကိန်းများ၊ ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းများ၊ အခြား မြန်မာ့သစ်ခွရန်ပုံငွေမှ ထောက်ပံ့သော မည်သည့်အစီအစဉ်ကိုမဆို ဥက္ကဋ္ဌသည် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏အကြံပြုချက်အရ နာယကအဖွဲ့၏ အတည်ပြုခွင့်ပြုချက်ဖြင့် ဆိုင်းငံ့နိုင်သည်။

စာရင်းစစ်ဆေးခြင်း

၁၂၄။ စာရင်းစစ်ဆေးခြင်း 

အဖွဲ့စာရင်းစစ်တို့သည် အောက်ပါတို့ကို ‌‌ဆောင်ရွက်ရမည်-

(က) စာရင်းစစ်ဆေးခြင်းလုပ်ငန်းများကို လျာထားသည့် စီမံချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(ခ) လုပ်ငန်းဆောင်ရွက်မှုများအား စီမံကြီးကြပ်ရာတွင်လည်းကောင်း၊ ငွေကြေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြီးပြည့်စုံမှုနှင့် မှန်ကန်သင့်လျော်မှုရှိစေရန်အတွက် အောက်ပါ အချက်အလက်များဖြင့် စစ်ဆေးဆုံးဖြတ်ခြင်း-

(၁) လုပ်ငန်းဆောင်တာဆိုင်ရာ လုပ်ငန်းတာဝန်များပြည့်မီခြင်း ရှိ၊ မရှိ၊

(၂) သက်ဆိုင်ရာ ဥပဒေ၊ အဖွဲ့တွင်းမူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ နှင့် ချုပ်ဆိုထားသည့် စာချုပ်ပါ စည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိ၊

(၃) ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ပြည့်စုံခြင်းနှင့် ယုံကြည်စိတ်ချရမှု ရှိ၊ မရှိ၊

(၄) လုပ်ငန်းဆောင်တာများ၏ စွမ်းဆောင်ရည်၊ ထိရောက်မှုနှင့် တွက်ခြေကိုက်ညီမှု ရှိ၊ မရှိ၊

(၅) လုပ်ငန်းများဆောင်ရွက်ရာတွင် လေလွင့်မှု၊ ဆုံးရှုံးမှု၊ နှောင့်နှေးကြန့်ကြာမှုပေါ်ပေါက်ခြင်း ရှိ၊ မရှိ၊

(၆) ပုံသေပိုင်ပစ္စည်းများ စနစ်တကျထိန်းသိမ်းထားမှုရှိ၊ မရှိ၊

(၇) မသမာမှု၊ အလွဲသုံးစားမှု ရှိ၊ မရှိ၊

(၈) လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်‌‌ရေးအတွက် သုံးသပ်ခြင်းနှင့် အကြံပြုခြင်း။

(ဂ) အဖွဲ့တွင်းစာရင်းစစ်ဆေးခြင်းနှင့် လုပ်ငန်းစစ်ဆေးကြီးကြပ်ခြင်းကို ဆောင်ရွက်ရာတွင် အောက်ပါအတိုင်း အစီအစဉ်ရေးဆွဲ၍ ဆောင်ရွက်ရမည်-

(၁) စစ်ဆေးမည့်အစီအစဉ်ရေးဆွဲခြင်း၊

(၂) လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်း၊

(၃) အစီရင်ခံတင်ပြခြင်း၊

(၄) နောက်ဆက်တွဲလုပ်ငန်းစဉ်များကို လုပ်ဆောင်ခြင်း။

(ဃ) အဖွဲ့စာရင်းစစ်ရုံးမှ တင်ပြသည့် စာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများကို အထွေထွေအစည်းအဝေး၊ ဥက္ကဋ္ဌအလုပ်အမှုဆောင်ရုံး၊ နာယကအဖွဲ့၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့၊ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းတို့၏ အကြီးအကဲထံသို့ တင်ပြရမည်။


အခန်း (၇) - စီမံကိန်း၊ ပြင်ပဆက်ဆံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး 

ဖွံ့ဖြိုးတိုးတက်ရေး

၁၂၅။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် 

မြန်မာ့သစ်ခွ၏ လုပ်ငန်းဆောင်ရွက်ချက်များ လုပ်ကိုင်ရာတွင် မြန်မာ့သစ်ခွ၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များအပြင် ကမ္ဘ့ာကုလသမ္မဂ္ဂ၏ စီးပွားရေးနှင့်လူမှုရေးဌာနကြီးမှ ၂၀၃၀ ခုနှစ် အတွက် ထားရှိသော စဉ်ဆက်မပြတ်လုပ်ငန်းတာဝန်ပန်းတိုင်များကိုပါ အခြေပြု၍ စီစဉ်ဆောင်ရွက်ရမည်။

၁၂၆။ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ရေးဆွဲခြင်း

(က) မြန်မာ့သစ်ခွ၏ ဖွံံ့ဖြိုးတိုးတက်ရေးစီမံချက်များ ရေးဆွဲရာတွင် ကမ္ဘ့ာကုလသမ္မဂ္ဂ၏ စီးပွားရေးနှင့်လူမှုရေးဌာနကြီး မှ ၂၀၃၀ ခုနှစ် အတွက် ထားရှိသော စဉ်ဆက်မပြတ်လုပ်ငန်းတာဝန်ပန်းတိုင်များနှင့် အညီစီမံရေးဆွဲရမည်။

(ခ) ၎င်းဖွံံ့ဖြိုးတိုးတက်ရေးစီမံချက်များအပြင် နှစ်စဉ်လုပ်ဆောင်ရန် ပြင်ပနှင့် အဖွဲ့အစည်းရေးရာ လုပ်ငန်းတာဝန်များထားရှိကြေညာပြီး ရည်မှန်ချက် ပြည့်မှီချက်များကိုလည်း အစီအရင်ခံစာများတွင် ကြေညာရမည်။ 

စီမံကိန်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်း

၁၂၇။ စီမံကိန်းရေးဆွဲခြင်း 

(က) အဖွဲ့အစည်းစီမံကိန်းများရေးဆွဲခြင်းကို စီမံကိန်းဆိုင်ရာမူဝါဒများတွင် သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ရေးဆွဲရမည်။ ၎င်းစီမံကိန်းဆိုင်ရာမူဝါဒများပါ နည်းလမ်းများသည် စနစ်တကျဖြင့် အောက်ပါစာပိုဒ်ခွဲ (ခ) အတိုင်း အကောင်အထည်ပေါ်ဆောင်ရွက်နိုင်သော နည်းလမ်းများဖြစ်ရမည်။

(ခ) အဖွဲ့အစည်း၏စီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဖွဲ့အစည်းမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်တို့နှင့်အညီ ဆောင်ရွက်ရမည်။

(ဂ) သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ပတ်ဝန်းကျင်နှင့် အဖွဲ့အစည်းရည်ရွယ်ချက်များ အတွက် လက်ငင်း၊ ရေတိုနှင့် ရေရှည်အကျိုးဖြစ်ထွန်းစေပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များနှင့် ကိုက်ညီသော စီမံကိန်းများအပြင် အဖွဲ့အစည်းအတွင်း လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထားဆောင်ရွက် ရမည်။

(ဃ) သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ တင်ပြဆောင်ရွက်ရာတွင် သတ်မှတ်ထားသော အင်္ဂါရပ်များ၊ ဆန်းစစ်ချက်များပြည့်စုံမှသာလျှင် ဆောင်ရွက်ရမည်။

(င) စီမံကိန်းတွင် ကမ္ဘာကုလသမ္မဂ္ဂ၏ စီးပွားရေးနှင့်လူမှုရေးဌာနကြီး မှ ၂၀၃၀ အတွက် ထားရှိသော စဉ်ဆက်မပြတ်လုပ်ငန်းတာဝန်ပန်းတိုင်များနှင့် မြန်မာ့သစ်ခွ၏ ဖွံံ့ဖြိုးတိုးတက်ရေးစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မဟာဗျူဟာမြောက် စီမံကိန်းများ ပါဝင်ရမည်။

(စ) ပြုလုပ်မည့် လုပ်ငန်းစီမံကိန်းများသည် ဖြစ်မြောက်နိုင်စွမ်း ရှိ မရှိ၊ အဖွဲ့အစည်း၏ရည်ရွယ်ချက်များနှင့် စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ မရှိ၊ ပြည်သူများအတွက် အကျိုးရှိ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြု မပြု၊ ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိ မရှိ စသည်တို့ကို ဖြစ်နိုင်ခြေများအားကြိုတင်လေ့လာဆန်းစစ်ချက် (Pre-Feasibility Study)ပါ ပြဋ္ဌာန်းချက်များအတိုင်း ဘက်စုံ လေ့လာဆန်းစစ်ပြီး ဖြစ်ရမည့်အပြင် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူခွင့်ပြုချက်ရရှိပြီးသော လုပ်ငန်းစီမံကိန်းများ လည်းဖြစ်ရမည်။ 

(ဈ) သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများအတွက် လျာထားခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ဌာနအဆင့်မှစတင်ပြီး ဘဏ္ဍာရေးဌာန အပါအဝင် တာဝန်ရှိပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက် ရမည်။ 

(ည) စီမံကိန်းတိုင်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာသက်ရောက်မှုများကို ဆန်းစစ်ရာတွင် အလုပ်အမှုဆောင်ဘုတ်အဖွဲ့က နာယကအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ထားသည့် ဖြစ်နိုင်ခြေများအားကြိုတင်လေ့လာဆန်းစစ်ချက် (Pre-Feasibility Study)၊ စိစစ်ရေးဆိုင်ရာအညွှန်း၊ စသည့် စည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

  • ဖြစ်နိုင်ခြေများအားကြိုတင်လေ့လာဆန်းစစ်ချက် (Pre-Feasibility Study) ဆိုသည်မှာ စီမံကိန်း တစ်ခု အောင်မြင်ပြီးမြောက်ရန်အတွက် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများကို ရှာဖွေနိုင်ရန် ဈေးကွက်၊ နည်းပညာ၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ ဥပဒေရေးရာ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အချက်အလက်များအား ကြိုတင်လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခြင်းကို ဆိုသည်။
  • စိစစ်ရေးဆိုင်ရာအညွှန်း (Screening Tool) ဆိုသည်မှာ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ဖော်ထုတ်ရေးဆွဲထားသော စိစစ်ရေးဆိုင်ရာ အညွှန်းဖြစ်ပြီး စီမံကိန်းတစ်ခုသည် စီမံကိန်းဘဏ်မှ သတ်မှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီမှု ရှိ မရှိကို တိုက်ဆိုင်စစ်ဆေးနိုင်မည့် အညွှန်းကိုဆိုသည်။

၁၂၈။ စီမံကိန်းအတည်ပြုခြင်း 

(က) စီမံကိန်းများကို စီမံကိန်းဆိုင်ရာမူဝါဒများတွင် သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့်အညီ ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှတစ်ဆင့် ဥက္ကဋ္ဌ၏ အတည်ပြုချက်ကိုရယူရမည်။

(ခ) စီမံကိန်းအကောင်အထည်ဖော်ဆောင်မည့် 

မြန်မာ့သစ်ခွ ဌာန၊ အဖွဲ့အစည်းများက တင်သွင်းလာပြီး အထက်ပါစာပိုဒ်ခွဲပါနည်းလမ်းများအတိုင်း ဥက္ကဋ္ဌ၏အတည်ပြုချက်ရယူပြီးသော စီမံကိန်းများ ထည့်သွင်းပါဝင်သည့် စီမံကိန်းဘဏ်ကို ဘဏ္ဍာရေးဌာန သို့မဟုတ် စီမံကိန်းဆိုင်ရာဌာနတို့က အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

(ဂ) အရေးကြီးလိုအပ်ချက်အရ ဆောင်ရွက်ရသည့် အထူးစီမံကိန်းများနှင့် သာမာန် စိစစ် အတည်ပြုထားသည့် ဗျူဟာမြောက် စီမံကိန်းများကို လစဉ်အဖွဲ့အစည်း၏ စီမံကိန်းဘဏ်တွင် ထည့်သွင်းဖော်ပြရမည်။

၁၂၉။ စီမံကိန်းဘတ်ဂျက် 

(က) စီမံကိန်းအသစ်တစ်ရပ်တင်ပြလာသောအခါ ၎င်းစီမံကိန်းများ၏ လိုအပ်သောငွေကြေးထောက်ပံ့မှု ရယူရမည့် ဘတ်ဂျက်‌ငွေစာရင်းများကို မည်သည့် ရန်ပုံငွေမှသုံးစွဲရန်၊ မည်မျှသုံးစွဲရန်၊ စသော ရသုံးမှန်းချေငွေစာရင်းများကိုပါတပါတည်း တင်ပြရမည်။ 

(ခ) ထိုအခါတင်ပြလာသော စီမံကိန်းကို စစ်ဆေးစိစစ်သောအဆင့်တွင့် ၎င်းငွေစာရင်းများကို စိစစ်၍ ဘတ်ဂျက်နှင့် ရန်ပုံငွေအင်အားအရ ဖြစ်နိုင်ချေမရှိသော စီမံကိန်းများကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ပယ်ချခြင်း သို့တည်းမဟုတ် ဆိုင်းငံ့ခြင်းများပြုလုပ်ရမည်။

(ဂ) ငွေစာရင်းအရဖြစ်နိုင်ချေရှိသော စီမံကိန်းများကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က အခြားနည်းလမ်းများအတိုင်း စစ်ဆေးပြီး သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ပါက ဥက္ကဋ္ဌထံသို့ အတည်ပြုချက်ရယူရန် တင်ပြတောင်းဆိုရမည်။

၁၃၀။ စီမံကိန်းအကောင်အထည်ဖော်ခြင်း 

(က) သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ရေးဆွဲထားသော စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ ပတ်ဝန်းကျင်နှင့် အဖွဲ့အစည်းရည်ရွယ်ချက်များ၏ အကျိုးစီးပွားအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ရမည်။ သို့ရာတွင် တင်ပြလာသောစီမံကိန်းများသည် အကျိုးစီးပွားဖြစ်ထွန်းမှုမရှိသော စီမံကိန်းများဖြစ်ကြောင်း နာယကအဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့က စိစစ်တွေ့ရှိပါက အဆိုပါစီမံကိန်းအား ငြင်းပယ်ချခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများဆောင်ရွက်ရမည်။

(ခ) အတည်ပြုပြီးသော စီမံကိန်းများကို စီမံကိန်းဆိုင်ရာမူဝါဒများတွင် သတ်မှတ်ထားသော ပြဋ္ဌာန်းချက်၊ နည်းလမ်း၊ စည်းမျဉ်းများအတိုင်း စီစဉ်ဆောင်ရွက်အကောင်အထည်ဖော်ယူရမည်။

၁၃၁။ အခြားအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း 

(က) သက်ဆိုင်ရာဌာနသည် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြင်ပဆက်သွယ်ရေးဆိုင်ရာဌာန၏ အကူအညီဖြင့် အခြားအဖွဲ့အစည်းများနှင့် ဤအခြေခံဖွဲ့စည်းပုံမူစည်းမျဉ်းပါ ပြဋ္ဌာန်ချက်ပါနည်းလမ်းများ အတိုင်း ပူးပေါင်းဆောင်ရွက်နိုင်သည်။

(ခ) ဥက္ကဋ္ဌသည် သက်ဆိုင်ရာမူဝါဒနှင့်အညီ မိမိအဖွဲ့အစည်း၏ သံတမန်များ၊ ကိုယ်စားလှယ်များကို ခန့်အပ်ခြင်း၊ ပြန်လည်ရုတ်သိမ်းခြင်း ပြုနိုင်သည်၊

နိုင်ငံတော်အစိုးရနှင့်ဆက်ဆံခြင်း

၁၃၂။ အဖွဲ့အစည်းအားမှတ်ပုံတင်ခြင်း 

(က) မြန်မာ့သစ်ခွအား မှတ်ပုံတင်ခြင်းကို အတတ်နိုင်ဆုံး အမြန်ဆုံးဆောင်ရွက်ရမည်။ 

(ခ) မှတ်ပုံတင်ရာတွင် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအတိုင်း လိုက်နာ၍ မှတ်ပုံတင်ရမည်။

(ဂ) မြန်မာ့သစ်ခွကို နိုင်ငံတော်အတွင်း၌သာ ပြည်ထောင်စုအဆင့်အနေဖြင့် မှတ်ပုံတင် စာရင်းသွင်းရမည်။

(ဃ) မှတ်ပုံတင်ရာတွင် ကုန်ကျစရိတ်များကို မြန်မာ့သစ်ခွ၏   ရန်ပုံငွေမှကျခံရမည်။

(င) မြန်မာ့သစ်ခွလက်အောက်ရှိ ရန်ပုံငွေ၊ အဖွဲ့အစည်းခွဲများကိုလည်းလိုအပ်ပါက အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအတိုင်း လိုက်နာ၍ မှတ်ပုံတင်ရမည်။

(စ) ပြည်ပနိုင်ငံများတွင်ဒေသဆိုင်ရာရုံးများတည်ထောင်လိုလျှင်လည်း ဒေသဆိုင်ရာဥပဒေများအတိုင်း လိုက်နာ တည်ထောင်ဖွင့်လှစ်ရမည်။

၁၃၃။ အဖွဲ့အစည်းလက်အောက်ရှိလိုအပ်သောလုပ်ငန်းများကိုမှတ်ပုံတင်ခြင်း

(က) မြန်မာ့သစ်ခွလက်အောက်ရှိ လုပ်ငန်းလိုင်စင် လိုအပ်သော လုပ်ငန်းများကို မှတ်ပုံတင်ခြင်းပြုရမည်။

(ခ) မြန်မာ့သစ်ခွလက်အောက်ရှိလုပ်ငန်းများကို နိုင်ငံတော်အတွင်း၌သာ မှတ်ပုံတင်စာရင်းသွင်းရမည်။

(ဂ) ကုမ္ပဏီအဖြစ်မှတ်ပုံတင်ရာတွင် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအတိုင်း လိုက်နာ၍ မှတ်ပုံတင်ရမည်။ ထိုကုမ္ပဏီကို “မြန်မာ့သစ်ခွစီးပွားရေးလုပ်ငန်းများကုမ္ပဏီလီမိတက်” ဟူသော အမည်ဖြင့်သာ မှတ်ပုံတင်၍ ဒါရိုက်တာဘုတ်အဖွဲ့များသည် မြန်မာ့သစ်ခွ၏ နာယကအဖွဲ့ဝင်များသာ ဖြစ်ရမည်။ ၎င်းကုမ္ပဏီ၏ အမှုဆောင်အရာရှိသည် ဒါရိုက်တာရာထူးနှင့်ညီမျှပြီး အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်ဖြစ်ရမည်။ ၎င်းဒါရိုက်တာနေရာကို နာယကအဖွဲ့ကသာ ရွေးချယ်ပြီး နာယကအဖွဲ့သတ်မှတ်သော ရာထူးသက်တမ်းအတိုင်းသာ ဖြစ်ရမည်။ 

(ဃ) မြန်မာ့သစ်ခွ၏ အသေးစားအလတ်စားလုပ်ငန်းများ၊ မြို့တော်စည်ပင်သာရေးကော်မတီများသို့ မှတ်ပုံတင်ရသော လုပ်ငန်းများ၊ အွန်လိုင်းအခြေပြုလုပ်ငန်းများ ကိုလည်း သက်ဆိုင်ရာ ဥပဒေသတ်မှတ်ချက်များအတိုင်း မှတ်ပုံတင်ခြင်းပြုရမည်။ ၎င်းလုပ်ငန်းများသည် အထက်ပါစာပိုဒ်ခွဲ (ဂ) ဖြင့်ဖွဲ့စည်းသော ကုမ္ပဏီဖွဲ့စည်းပြီးပါက ၎င်းကုမ္ပဏီ၏ လက်အောက်တွင်သာ လုပ်ငန်းများလည်ပတ်နေရမည်။

(င) ၎င်းလုပ်ငန်းများမှ အကျိုးအမြတ်များသည် မြန်မာ့သစ်ခွ၏ ရည်ရွယ်ချက်ပါ လုပ်ငန်းများလုပ်ဆောင်ရန် ရန်ပုံငွေအတွက်သာ ဖြစ်စေရမည်။

(စ) ဤရင်းနှီးမြှုပ်နှံမှုများသည် မြန်မာ့သစ်ခွ၏ ရန်ပုံ‌ငွေနှင့် အခြားမြန်မာ့သစ်ခွသို့ လှူဒါန်းမှုများဖြင့်သာ ဖြစ်စေရမည်။

(‌ဆ) မှတ်ပုံတင်ရာတွင် ကုန်ကျစရိတ်များကို မြန်မာ့သစ်ခွ၏  ရန်ပုံငွေမှကျခံရမည်။

(ဇ) ၎င်းလုပ်ငန်းများပေါ်ထွန်းလာပါက ၎င်းလုပ်ငန်းများအတွက် အခြေခံစည်းမျဉ်းမူဝါဒများကို အလုပ်အမှုဆောင်ဘုတ်အဖွဲ့က‌ ရေးဆွဲပြီး နာယကအဖွဲ့မှသဘောတူညီချက်ဖြင့် အထွေထွေ အစည်းအဝေး၏အတည်ပြုချက်ကို ရယူရမည်။

၁၃၄။ နိုင်ငံတော်အစိုးရအဖွဲ့အစည်းများနှင့်ဆက်ဆံခြင်း

သက်ဆိုင်ရာဌာနများသည် ပြင်ပဆက်သွယ်ရေးဆိုင်ရာဌာန၏ အကူအညီဖြင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်နှင့်အညီ နိုင်ငံတော်အစိုးရအဖွဲ့အစည်းများကို ဆက်သွယ်ဆောင်ရွက်နိုင်သည်။

ရှင်းလင်းချက် ။ ။ နိုင်ငံ‌တော်အစိုးရအဖွဲ့အစည်း ဟုဆိုရာတွင် ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများသာမက သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၊ ပြည်ထောင်စုနယ်မြေတို့၏ အစိုးရများ၊ အစိုးရကဲ့သို့ လုပ်ကိုင်နေသော နိုင်ငံ‌တော်အစိုးရမဟုတ်သော နယ်မြေအချုပ်အချာအာဏာရှိသည့် အဖွဲ့အစည်းများ၊ မြို့တော်ပင်စည်ပင်သာ‌ယာရေးကော်မတီများ၊ မြို့နယ်စည်ပင်အဖွဲ့အစည်းများလည်းပါဝင်သည်။

၁၃၅။ နိုင်ငံခြားအစိုးရအဖွဲ့အစည်းများနှင့်ဆက်ဆံခြင်း

သက်ဆိုင်ရာဌာနများသည် ပြင်ပဆက်သွယ်ရေးဆိုင်ရာဌာန၏ အကူအညီဖြင့် နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့၏ သဘောတူညီချက်တို့နှင့် အညီ နိုင်ငံခြားအစိုးရအဖွဲ့အစည်းများကို ဆက်သွယ်ဆောင်ရွက်နိုင်သည်။

ရှင်းလင်းချက် ။ ။ နိုင်ငံခြားအစိုးရအဖွဲ့အစည်း ဟုဆိုရာတွင် ပြည်ပနိုင်ငံအခြေစိုက်အစိုးရအဖွဲ့အစည်းများသာမက ၎င်းပြည်ပနိုင်ငံများ၏ ပြည်တွင်းရှိ သံတမန်ရုံးများ၊ ကောင်စစ်ဝင်ရုံးများနှင့် နိုင်ငံခြားအစိုးရက ကူညီထောက်ပံ့ပေးသော ပြည်ပသစ္စာခံ အဖွဲ့အစည်းများလည်းပါဝင်သည်။

ပြင်ပအဖွဲ့အစည်းများနှင့်ဆက်ဆံခြင်း

၁၃၆။ နိုင်ငံတွင်းအဖွဲ့အစည်းများနှင့်ဆက်ဆံခြင်း 

သက်ဆိုင်ရာဌာနသည် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဒါရိုက်တာတို့အား ပူပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုတင်ပြ၍ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ၏ သဘောတူညီချက် သို့မဟုတ် အကြံပြုချက်ဖြင့် ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၏ အခန်း (၂)ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ပါက ပြင်ပဆက်သွယ်ရေးဆိုင်ရာဌာန၏ အကူအညီဖြင့် နိုင်ငံတွင်း အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။

၁၃၇။ ပြည်ပအဖွဲ့အစည်းများနှင့်ဆက်ဆံခြင်း

သက်ဆိုင်ရာဌာနသည် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ဒါရိုက်တာတို့အား ပူပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုတင်ပြ၍ နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ၏ သဘောတူညီချက် သို့မဟုတ် အကြံပြုချက်ဖြင့် ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၏ အခန်း (၂)ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ပါက ပြင်ပဆက်သွယ်ရေးဆိုင်ရာဌာန၏ အကူအညီဖြင့် ပြည်ပဆိုင်ရာ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။

၁၃၈။ နိုင်ငံတွင်း၊ ဒေသတွင်း၊ နိုင်ငံတကာမဟာမိတ်များ ဖွဲ့စည်းခြင်း၊ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခြင်းနှင့် နှုတ်ထွက်ခြင်း

(က) ဥက္ကဋ္ဌသည် အလုပ်အမှုဆောင်ဒါရိုက်တာ၏ အကြံပြုချက်ဖြင့် နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ၏ သဘောတူညီချက်ဖြင့် ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်း၏ အခန်း (၂)ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ပါက မြန်မာ့သစ်ခွအဖွဲ့အစည်းကို နိုင်ငံတွင်း၊ ဒေသတွင်း၊ နိုင်ငံတကာမဟာမိတ် အဖွဲ့အစည်းဆိုင်ရာအသင်းအဖွဲ့ကွန်ရက်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရန် လက်မှတ်ရေးထိုးခွင့်၊ အဖွဲ့ဝင်အဖြစ်မှ ရုတ်သိမ်းနှုတ်ထွက်ခွင့်ရှိသည်။

(ခ) ဥက္ကဋ္ဌသည် အလုပ်အမှုဆောင်ဒါရိုက်တာ၏ အကြံပြုသဖြင့် နာယကအဖွဲ့၏ အတည်ပြုချက်ဖြင့် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် အဖွဲ့အစည်းအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှနုတ်ထွက်ခြင်း ပြုနိုင်သည်။

(ဂ) ထို့သို့ပူးပေါင်းရာတွင် မဟာမိတ်၏ ရည်ရွယ်ချက်များသည် အဖွဲ့အစည်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်တို့နှင့် ကိုက်ညီမှုရှိရမည်။

(ဃ) မြန်မာ့သစ်ခွမှ ကမကထပြု၍ မဟာမိတ်ဖွဲ့စည်းရာတွင်လည်း အဖွဲ့ဝင်အဖွဲ့အစည်းများ၏ လွတ်လပ်ခွင့်ကို ပင်တိုင်မူ အသိအမှတ်ပြု၍ ဖွဲ့စည်းရမည်။

အခန်း (၈) - ရွေးချယ်တင်မြှောက်ခြင်း

ရွေးချယ်ခြင်း

၁၃၉။ ဥက္ကဋ္ဌရွေးချယ်ပွဲကျင်းပခြင်း 

(က) ဥက္ကဋ္ဌကို ဥက္ကဋ္ဌရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်ရမည်။

(ခ) ဥက္ကဋ္ဌရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို အစုအဖွဲ့အမျိုးအစား သုံးဖွဲ့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

(၁) နာယကအဖွဲ့ဝင်များ အစုအဖွဲ့၊

(၂) အဖွဲ့ဝင်ဦးရေအလိုက် ဖွဲ့စည်းပေးသော အဖွဲ့ငယ်များ အစုအဖွဲ့၊

ရှင်းလင်းချက်။ အဖွဲ့ငယ်တစ်ခုလျှင် ဆန္ဒမဲတစ်မဲစီကျရရှရရှိပြီး ၎င်းဆန္ဒမဲတစ်မဲကို အဖွဲ့ငယ်ထဲတွင်ပါဝင်သောအဖွဲ့ဝင်များ၏ ဆန္ဒမဲစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်၏ ဆန္ဒဖြင့်တွက်ချက်ရမည်။

(၃) မြန်မာ့သစ်ခွအငြိမ်းစားဥက္ကဋ္ဌများအစုအဖွဲ့။

(ဂ) ဥက္ကဋ္ဌကို နာယကအဖွဲ့ဝင်များထဲမှ ရွေးချယ်တင်မြှောက်ရမည်။

(ဃ) ဝင်ရောက်ယှဉ်ပြိုင်သူများသည် ဥက္ကဋ္ဌအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံခြင်း ရှိ မရှိ ကို အထွေထွေအစည်းအဝေးအကြီးအမှူးနှင့် ရွေးကောက်ပွဲကော်မရှင်အကြီးအမှူး ပါဝင်သည့် အဖွဲ့က စိစစ်ရမည်။

(င) ဥက္ကဋ္ဌရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဥက္ကဋ္ဌလောင်းများဖြစ်သည့် ဝင်ရောက်ယှဉ်ပြိုင်သူများအနက် သတ်မှတ်နည်းလမ်းအတိုင်း မိမိတို့ကြိုက်နှစ်သက်သည့် ဥက္ကဋ္ဌလောင်းတစ်ဦးကို ဥက္ကဋ္ဌအဖြစ် ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ရမည်။

(စ) ဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်ရာတွင် ရွေးချယ်တင်မြှောက်ပွဲကို ကြီးကြပ်သည့် အထွေထွေအစည်းအဝေးအကြီးအမှူးနှင့် ရွေးကောက်ပွဲကော်မရှင်အကြီးအမှူးသည် အနိုင်မဲပေးခွင့် မရှိစေရ။ အခြားရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်များနှင့်အတူ ဆန္ဒမဲပေး ရမည်။

(ဆ) ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် အောက်ပါအချက် တစ်ခုခုနှင့် ငြိစွန်းလျှင် ဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ-

(၁) သာသနာ့ဝန်ထမ်းအဖြစ်သို့ အမြဲတမ်းကူးပြောင်းသွားခြင်း၊

  • ဗုဒ္ဓဘာသာဝင်များအတွက်ဖြစ်လျှင် ဗုဒ္ဓဘာသာသာသနာ့ဝန်ကို ထမ်းရွက်နေသော ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ မယ်သီလ၊

ရှင်းလင်းချက်။ သာသနာ့ဝန်ထမ်းဟု ဆိုရာတွင် သာသနာရေးဆိုင်ရာ ရဟန်း သို့မဟုတ် သာသနာ့ ဝန်ထမ်းအဖြစ် ခေတ္တခံယူထားသူများနှင့် မသက်ဆိုင်စေရ။

  • ခရစ်ယာန်ဘာသာဝင်များအတွက်ဖြစ်လျှင် ခရစ်ယာန်သာသနာ့ဝန်ကို ထမ်းဆောင်ရန် အဓိကအားဖြင့် မိမိကိုယ်ကို ဆက်ကပ်ပြီးသော ပုဂ္ဂိုလ်ဟု သက်ဆိုင်ရာ ခရစ်ယာန်အသင်းတော်ကြီးများ (Churches) က အသိအမှတ်ပြု၍ သိက္ခာပေးထားခြင်းခံရသော သို့မဟုတ် တာဝန်ပေးထားခြင်း ခံရသော ပုဂ္ဂိုလ်များနှင့် မိမိတို့ကိုးကွယ်ရာဘာသာအရ ဂိုဏ်းချုပ်၏ အုပ်ချုပ်ခြင်းကို ဆန္ဒအလျောက် လက်ခံ၍ ဘာသာရေးစည်းမျဉ်း သို့မဟုတ် အဓိဋ္ဌာန်ပြုချက်ဖြင့် စည်းရုံးထားသော ပုဂ္ဂိုလ်တစ်စုတွင် သို့မဟုတ် အဖွဲ့အစည်းတွင် ပါဝင်သော ပုဂ္ဂိုလ်များ၊
  • ဟိန္ဒူဘာသာဝင်များအတွက်ဖြစ်လျှင် စံယာစီ၊ မဟန့် သို့မဟုတ် ဟိန္ဒူဘုန်းတော်ကြီးများ။

(၂) စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခံရခြင်း၊

(၃) လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာခံရခြင်း၊

(၄) ရွေးကောက်တင်မြှောက်ခံရပြီးနောက် တည်ဆဲဥပဒေတစ်ရပ်ရပ် အရ ထောင်ဒဏ်ကျခံရခြင်း၊

(၅) သက်ဆိုင်ရာမူဝါဒအရ အဖွဲ့ဝင်အဖြစ်မှ ရပ်စဲသွားကြောင်း သတ်မှတ်ခံရခြင်း၊

(၆) ဥက္ကဋ္ဌလောင်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်း၊

(၇) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသော အထောက်အထားရှိသည်ဟု သက်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ခံရခြင်း၊

(ဇ) ဥက္ကဋ္ဌသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နှုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သော ကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ ဥက္ကဋ္ဌရာထူးနေရာ လစ်လပ်လျှင် ဒုတိယဥက္ကဋ္ဌက ၎င်းလက်ကျန်သက်တမ်းအတွက် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရမည်။

၁၄၀။ အလုပ်အမှုဆောင်ဒါရိုက်တာရွေးချယ်ပွဲကျင်းပခြင်း 

(က) အလုပ်အမှုဆောင်ဒါရိုက်တာကို ရွေးကောက်တင်မြှောက်ရာတွင် -

(၁) ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အဖွဲ့ဝင်တိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်၊

(၂) ဆန္ဒမဲပေးခွင့်ရှိသည့် အဖွဲ့ဝင်တိုင်းသည် ရွေးကောက်ပွဲ တစ်ရပ်၌ ဆန္ဒမဲတစ်မဲသာ ပေးပိုင်ခွင့်ရှိသည်၊

(၃) လျှို့ဝှက်ဆန္ဒမဲပေးခြင်းစနစ်ကိုကျင့်သုံးရမည်။

(ခ) ဤဖွဲ့စည်းပုံအခြေခံမူပါ ပြဋ္ဌာန်းချက်များအရသော်လည်းကောင်း၊ ရွေးကောက်တင်မြှောက် ခြင်းဆိုင်ရာ မူဝါဒပါပြဋ္ဌာန်းချက်များအရသော်လည်းကောင်း၊ အရည်အချင်းပျက်ယွင်းသူမဟုတ်ပါက အဖွဲ့ဝင်တိုင်းသည် အလုပ်အမှုဆောင်ဒါရိုက်တာအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။

(ဂ) အလုပ်အမှုဆောင်ဒါရိုက်တာအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် အောက်ပါအချက် တစ်ခုခုနှင့် ငြိစွန်းလျှင် အလုပ်အမှုဆောင်ဒါရိုက်တာအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ-

(၁) သာသနာ့ဝန်ထမ်းအဖြစ်သို့ အမြဲတမ်းကူးပြောင်းသွားခြင်း၊

  • ဗုဒ္ဓဘာသာဝင်များအတွက်ဖြစ်လျှင် ဗုဒ္ဓဘာသာသာသနာ့ဝန်ကို ထမ်းရွက်နေသော ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ မယ်သီလ၊

ရှင်းလင်းချက်။ သာသနာ့ဝန်ထမ်းဟု ဆိုရာတွင် သာသနာရေးဆိုင်ရာ ရဟန်း သို့မဟုတ် သာသနာ့ ဝန်ထမ်းအဖြစ် ခေတ္တခံယူထားသူများနှင့်လည်း သက်ဆိုင်စေရမည်။

  • ခရစ်ယာန်ဘာသာဝင်များအတွက်ဖြစ်လျှင် ခရစ်ယာန်သာသနာ့ဝန်ကို ထမ်းဆောင်ရန် အဓိကအားဖြင့် မိမိကိုယ်ကို ဆက်ကပ်ပြီးသော ပုဂ္ဂိုလ်ဟု သက်ဆိုင်ရာ ခရစ်ယာန်အသင်းတော်ကြီးများ (Churches) က အသိအမှတ်ပြု၍ သိက္ခာပေးထားခြင်းခံရသော သို့မဟုတ် တာဝန်ပေးထားခြင်း ခံရသော ပုဂ္ဂိုလ်များနှင့် မိမိတို့ကိုးကွယ်ရာဘာသာအရ ဂိုဏ်းချုပ်၏ အုပ်ချုပ်ခြင်းကို ဆန္ဒအလျောက် လက်ခံ၍ ဘာသာရေးစည်းမျဉ်း သို့မဟုတ် အဓိဋ္ဌာန်ပြုချက်ဖြင့် စည်းရုံးထားသော ပုဂ္ဂိုလ်တစ်စုတွင် သို့မဟုတ် အဖွဲ့အစည်းတွင် ပါဝင်သော ပုဂ္ဂိုလ်များ၊
  • ဟိန္ဒူဘာသာဝင်များအတွက်ဖြစ်လျှင် စံယာစီ၊ မဟန့် သို့မဟုတ် ဟိန္ဒူဘုန်းတော်ကြီးများ။

(၂) စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခံရခြင်း၊

(၃) လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာခံရခြင်း၊

(၄) ရွေးကောက်တင်မြှောက်ခံရပြီးနောက် တည်ဆဲဥပဒေတစ်ရပ်ရပ် အရ ထောင်ဒဏ်ကျခံရခြင်း၊

(၅) သက်ဆိုင်ရာမူဝါဒအရ အဖွဲ့ဝင်အဖြစ်မှ ရပ်စဲသွားကြောင်း သတ်မှတ်ခံရခြင်း၊

(၆) အလုပ်အမှုဆောင်ဒါရိုက်တာလောင်းအဖြစ်မှ ရွေးကောက်ပွဲကော်မရှင်က နုတ်ထွက်ခွင့်ပြုခြင်း၊

(၇) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသော အထောက်အထားရှိသည်ဟု သက်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ခံရခြင်း၊

(ဃ) ရွေးကောက်ပွဲကော်မရှင်သည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ အမည်စာရင်းကို လူ့အရင်းအမြစ်ဆိုင်ရာဌာန၏ အကူအညီဖြင့် ရွေးကောက်ပွဲမတိုင်မီ သတ်မှတ်ထားသည့် အတိုင်း ကြိုတင်ကြေညာရမည်။

(င) ရွေးကောက်ပွဲကော်မရှင်သည်-

(၁) ရွေးကောက်ပွဲကို ဖြစ်နိုင်သရွေ့ ရုံးပိတ်ရက်တွင် ကျင်းပရမည်။

(၂) ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို ကြိုတင်၍ သတ်မှတ်ကြေညာရမည်။

(စ) အလုပ်အမှုဆောင်ဒါရိုက်တာကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက လျှို့ဝှက်ဆန္ဒမဲဖြင့် တိုက်ရိုက် ရွေးကောက်တင်မြှောက်ရမည်။

ကြီးကြပ်ခြင်း

၁၄၁။ ရွေးချယ်ပွဲကြီးကြပ်ရေးကော်မရှင် 

(က) ဥက္ကဋ္ဌသည် ရွေးကောက်ပွဲကော်မရှင်တစ်ရပ်ကို နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းရမည်။ ယင်းသို့ဖွဲ့စည်းရာတွင် ဤဖွဲ့စည်းပုံအခြေခံမူပါ ဒါရိုက်တာခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်အနည်းဆုံး နှစ်ဦးကို ခန့်အပ်တာဝန်ပေးနိုင်သည်။

(ခ) ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဒါရိုက်တာများ၏ အရည်အချင်းများနှင့် ကိုက်ညီသူဖြစ်ရမည်။ ၎င်းတို့ကို ဒါရိုက်တာများကဲ့သို့ စွပ်စွဲပြစ်တင်နိုင်သည်။

(ဂ) ရွေးကောက်ပွဲကော်မရှင်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(၁) ရွေးကောက်ပွဲများ ကျင်းပခြင်း၊

(၂) ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း၊ 

(၃) မဲစာရင်းများပြုစုခြင်းနှင့် ပြင်ဆင်ခြင်း၊

(၄) သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ လုံခြုံရေးအခြေအနေအရ သော်လည်းကောင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့်အခါများတွင် ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်း၊

(၅) ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ဤဖွဲ့စည်းပုံ အခြေခံမူပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ရာမူဝါဒများနှင့်အညီလည်းကောင်း ထုတ်ပြန်ခြင်း၊

(၆) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရေးအတွက် မူဝါဒများနှင့်အညီ ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊

(၇) မူဝါဒတစ်ရပ်ရပ်အရ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ခြင်း။

၁၄၂။ ရွေးချယ်ပွဲဆိုင်ရာအငြင်းပွားမှုများဖြေရှင်းခြင်း

အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည်-

(က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊

(ခ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊

(ဂ) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ မူဝါဒအရဆောင်ရွက်သောကိစ္စရပ်များ။

အခန်း (၉) - အထွေထွေပြဋ္ဌာန်းချက်များ 

တံဆိပ်အမှတ်အသား

၁၄၃။ လိုဂိုအမှတ်အသားတံဆိပ်

မြန်မာ့သစ်ခွ၏ အမှတ်အသားတံဆိပ်မှာအောက်ပါအတိုင်းဖြစ်သည်။ 

(က) အဓိကမူရင်းလိုဂိုတံဆိပ် (Primary Logo)

(ခ) Branding Logo

ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှပြဋ္ဌာန်းပေးရမည်။

(ဂ) စာသားပါလိုဂိုတံဆိပ်

(ဃ) မြန်မာ့သစ်ခွအမှတ်အသားလိုဂိုတံဆိပ်တွင် သစ်ခွပုံစံသည် အဖွဲ့အစည်းအမည်ကို ကိုယ်စားပြုရန်အသုံးပြုပြီး ၎င်းသည် ချစ်ခြင်းမေတ္တာ၊ မိခင်ကမ္ဘာမြေကြီး၏အလှတရား၊ လူငယ်များ၊ ပြည်သူများ၏ ခွန်အားနှင့် အဖွဲ့အစည်းဝင်များ၏ သန့်ရှင်းစင်ကြယ်မှုကို ကိုယ်စားပြုသည်။ ခရမ်းရောင်သည် လူငယ်များနှင့် ပြည်သူများ၏ တီထွင်ဖန်တီးမှု၊ ဉာဏ်ပညာနှင့် ကရုဏာတရားကို ကိုယ်စားပြုသည်။ အဝါရောင်သည် လူငယ်များ၏ စွမ်းအင်၊ ပျော်ရွှင်မှုနှင့် အကောင်းမြင်မှုကို ကိုယ်စားပြုသည်။

(င) အဖွဲ့အစည်း၏ အမှတ်အသားလိုဂိုတံဆိပ်ကို -

(၁) အဖွဲ့အစည်းရုံးချုပ်တွင် တပ်ဆင်အသုံးပြုခြင်း၊

(၂) အထွေထွေအစည်းအဝေး၊ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ၊ အဖွဲ့အစည်းအရုံးများ၊ဌာနများ၊ ကော်မတီများနှင့် ကောင်စီများ၊ ဒေသဆိုင်ရာရုံးများ၊နှင့် အခြေအနေလုပ်ဆောင်မှုများ၏ လိုဂိုများတွင်အသုံးပြုခြင်း၊

(၃) အဖွဲ့အစည်း သို့မဟုတ် အဖွဲ့အစည်းများ၏ ပူးပေါင်းလုပ်ဆောင်မှုများတွင် ကျင်းပသည့် ပွဲများနှင့် ကမ်းပိန်းများတွင်အသုံးပြုသည့် အထောက်အထားစာရွက်စာတမ်းများ၊ လက်မှတ်များ၊ စက်ပစ္စည်း သို့မဟုတ် လက်ဆောင်များပေါ်တွင် ပုံနှိပ်ပြီးအသုံးပြုနိုင်သည်။

(၄) အစီရင်ခံစာများ၊ ကြောငြာစာများနှင့် အခြားဈေးကွက် အမှတ်တံဆိပ်ဒီဇိုင်းများနှင့် စာရွက်စာတမ်းများ၊

(၅) အစည်းအဝေးများနှင့် အခမ်းအနားများ စသည်တို့ဖြစ်သည်။

(စ) အဖွဲ့၏ လိုဂိုဘရန်းများနှင့် ပရိုဖိုင်ပုံ၊ အခြားစံပုံစံများကို ဗဟိုအလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများကို ထုတ်ပြန်နိုင်သည်။

၁၄၄။ ရုံးတံဆိပ် 

မြန်မာ့သစ်ခွ၏ ရုံးတံဆိပ်မှာအောက်ပါအတိုင်းဖြစ်သည်။

(က) ရုံးတံဆိပ်ပုံ

(ခ) အဖွဲ့အစည်း၏ ရုံးတံဆိပ်ကိုအသုံးပြုရာတွင် အောက်ပါအတိုင်းသာအသုံးပြုရမည်။

(၁) အဖွဲ့အစည်း၏ ဖွဲ့စည်းပုံအခြေခံမူ

(၂) အဖွဲ့အစည်းဆိုင်ရာပြဌာန်းချက်များ

(၃) အဖွဲ့အစည်းဆိုင်ရာ မူဝါဒများ

(၄) ဥက္ကဋ္ဌ၏ အမှုဆောင်ညွှန်ကြားချက်များ

(၅) နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့တို့၏ ကြေငြာချက်များနှင့် ညွှန်ကြားချက်များ

(၆) အဖွဲ့အစည်းဆိုင်ရာ ကြေညာချက်များနှင့် အသိအမှတ်ပြုလက်မှတ်များ 

(၇) အဖွဲ့အစည်းဆိုင်ရာ ပဋိညာဉ်များ

(၈) အဖွဲ့အစည်းအချင်းချင်း သို့မဟုတ် အသင်းအဖွဲ့ဆိုင်ရာ စာတမ်းများ၊ ကြေညာချက်များနှင့် သဘောတူညီချက်များ၊

(၉) အခြားအဖွဲ့အစည်းဆိုင်ရာ တရားဝင်စာရွက်စာတမ်းများ စသည်တို့ပါဝင်သည်။

၁၄၅။ ဗဟိုပြုဒေသ 

မြန်မာ့သစ်ခွသည် နိုင်ငံတော်အတွင်းတွင် အခြေပြုတည်ထောင်ပြီး မဟာရန်ကုန်နယ်နိမိတ်တွင် ဗဟိုပြု၍ လည်ပတ်အခြေပြုသောအဖွဲ့အစည်းဖြစ်သည်။

တရားဥပဒေရင်ဆိုင်ခြင်းနှင့်မူဝါဒဟောင်းများဆောင်ရွက်နိုင်ခြင်း

၁၄၆။ မူဝါဒဟောင်းများနှင့် လုပ်ငန်းဆောင်ရွက်ချက်ဟောင်းများ

(က) ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းအတည်ဖြစ်သည့်နေ့မှစ၍ ၎င်း၏ဆက်ခံခြင်းကိုခံရသော ရှေ့ဖွဲ့စည်းပုံအခြေခံမူသည်ပျက်ပြယ်ပြီးဖြစ်သည်ဟုမှတ်ယူရမည်။

(ခ) မြန်မာ့သစ်ခွ၏ ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းမတိုင်ခင်က အတည်ပြုပြီးသော မူဝါဒများ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများသည် အထွေထွေအစည်းအဝေး၊ သက်ဆိုင်ရာအမှုဆောင်ရုံး၊ ဌာန သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရှိပုဂ္ဂိုလ် တစ်ရပ်ရပ်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့်မဆန့်ကျင်သမျှ အတည်ဖြစ်သည်။

(ဂ) ယခင်ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းနှင့် ယခင်မူဝါဒများအရ အရေးယူဆောင်ရွက်ခဲ့သမျှသည် ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းအရဆောင်ရွက်သည်ဟု မှတ်ယူရမည်။

၁၄၇။ တရားဥပဒေရင်ဆိုင်ခြင်း

မြန်မာ့သစ်ခွသည် ဤအခြေခံမူ၏ စာပိုဒ်အမှတ် (၁၃၂) ပါပြဋ္ဌာန်းချက်များအတိုင်း နိုင်ငံတော်အတွင်း မှတ်ပုံတင်ပြီးသည့်အခါ နိုင်ငံတော်တွင်း တရားရုံးတော်များတွင်သော်လည်းကောင်း၊ ဤအခြေခံမူ၏ စာပိုဒ်အမှတ် (၁၃၂)၊ စာပိုဒ်ခွဲ (စ) ပါပြဋ္ဌာန်းချက်များအတိုင်း ပြည်ပနိုင်ငံများတွင် ဒေသဆိုင်ရာ အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ရှိလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာဥပဒေများနှင့် အညီ မြန်မာ့သစ်ခွသည် ၎င်း၏အမည်ဖြင့် တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံပိုင်ခွင့်ရှိသည်။

အခန်း (၁၀) - ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဖျက်သိမ်းအစားထိုးခြင်းနှင့် အဖွဲ့အစည်းအားဖျက်သိမ်းခြင်း 

ဖွဲ့စည်းပုံအခြေခံမူကိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ဖျက်သိမ်းအစားထိုးခြင်း

၁၄၈။ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းကိုပြင်ဆင်ဖြည့်စွက်ခြင်း

(က) နာယကအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်မည်သူမဆို တစ်ဦးတည်းဖြစ်စေ၊ အစုအဖွဲ့ဖြင့်ဖြစ်စေ၊ ဤဖွဲ့စည်းပုံအခြေခံမူကို ပြင်ဆင်ဖြည့်စွက်ရန် အထွေထွေအစည်းအဝေးတွင် ပြင်ဆင်ဖြည့်စွက်ချက်မူကြမ်း အဆိုပြုချက်ကို ယှဉ်ပြစာဖြင့် တင်သွင်းနိုင်သည်။

(ခ) ၎င်းအခြေခံမူပြင်ဆင်ဖြည့်စွက်ချက်မူကြမ်းကိုဆွေးနွေးပြီး ၎င်းမူကြမ်းအတည်ဖြစ်ရန်အလို့ငှာ နာယကအဖွဲ့ဝင်များ၏ သုံးပုံပုံနှစ်ပုံ သဘောတူညီချက်အပြင် အထွေထွေအစည်းအဝေးတွင် အဖွဲ့ဝင်များ၏ သုံးပုံနှစ်ပုံထောက်ခံချက်လိုအပ်သည်။ ထိုပြင်ဆင်ချက်ဖြည့်စွက်ချက်မူကြမ်းကို အထွေထွေအစည်းအဝေးမှ အတည်ပြုပြီးပါက ထိုပြင်ဆင်ဖြည့်စွက်ချက်မူကြမ်းတွင် အခြားနည်းဖြင့်ဖော်ပြထားခြင်းမရှိပါက ဥက္ကဋ္ဌ လက်မှတ်ရေးထိုးပြီးသည်နှင့်တစ်ပြိုင်နက် ပြင်ဆင်ချက်အားလုံးချက်ချင်းအကျိုးသက်ရောက်ရမည်။

၁၄၉။ ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းကိုဖျက်သိမ်းခြင်း

ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းကို ဖျက်သိမ်းလိုပါက နာယကအဖွဲ့ဝင်များ၏ ၂ပုံပုံ ၃ပုံ သဘောတူညီချက်အပြင် အထွေထွေအစည်းအဝေးတွင် အဖွဲ့ဝင်များ၏ ထက်ဝက်ကျော် ထောက်ခံချက်လိုအပ်သည်။ ထိုသို့ဖျက်သိမ်းရာတွင် ဤဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းကိုဆက်ခံမည့် ဖွဲ့စည်းပုံအခြေခံမူစည်းမျဉ်းအသစ်အကျိုးသက်ရောက်ရမည်။

အဖွဲ့အစည်းကိုဖျက်သိမ်းခြင်း

၁၅၀။ အဖွဲ့အစည်းဖျက်သိမ်းရန်အဆိုပြုခြင််း

(က) ကိစ္စအမျိုးမျိုးကြောင့် အဖွဲ့အစည်းဖျက်သိမ်းရန်လိုအပ်လာပါက ဆွေးနွေးချက်ကို နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ စုံညီအစည်းအဝေးတွင် ဆွေးနွေးပြီး ၎င်းတို့၏ အဖွဲ့ဝင်များစုစုပေါင်း၏ ၄ပုံပုံ ၃ပုံဆန္ဒမဲဖြင့် အထွေထွေအစည်းအဝေးသို့ အဆိုပြုချက်တင်သွင်းရမည်။

(ခ) အထက်ပါနည်းလမ်းများအတိုင်း အဆိုပြုချက်ကိုလည်း အထွေထွေအစည်းအဝေး၏ ၄ပုံပုံ ၃ပုံဆန္ဒမဲဖြင့်သာ အတည်ပြုကာ ဥက္ကဋ္ဌ သို့မဟုတ် နာယကအဖွဲ့ မှကြေညာပေးရမည်။

၁၅၁။ အဖွဲ့အစည်း၏ပိုင်ဆိုင်မှုများခွဲဝေခြင်း

အဖွဲ့အစည်းအား မည်သည့်အကြောင်းကြောင့်ဖြင့်မဆို ဖျက်သိမ်းရန်ဆုံးဖြတ်ပြီးနောက် အဖွဲ့ပိုင် ဘဏ္ဍာငွေနှင့် ပိုင်ဆိုင်မှုအားလုံးကို ဥက္ကဋ္ဌ၊ နာယကအဖွဲ့နှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့မှ အဖွဲ့အစည်း၏ ရည်ရွယ်ချက်၊  ဤဖွဲ့စည်းပုံအခြေခံမူ၏ စာပိုဒ်အမှတ် (၁၁၊ ၁၂၊ ၁၃) နှင့်သက်ဆိုင်သောကိစ္စရပ်များသို့သာ လွှဲပြောင်းပေးအပ်လှူဒါန်းရန် သို့တည်းမဟုတ် နိုင်ငံတော်၏ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် အခြား ဥပဒေများနှင့်အညီ အစိုးရအဖွဲ့အစည်းများသို့ လွှဲအပ်ရန် ဆုံးဖြတ်ရမည်ဖြစ်သည်။

၁၅၂။ အဖွဲ့အစည်းဖျက်သိမ်းခြင်း

အဖွဲ့အစည်းအား မည်သည့်အကြောင်းကြောင့်ဖြင့်မဆို ဖျက်သိမ်းရန်နှင့် ပိုင်ဆိုင်မှုများ လွှဲအပ်ခြင်းကိစ္စရပ်များကို ဆုံးဖြတ်ပြီးနောက် ဥက္ကဋ္ဌ၊ နာယကအဖွဲ့ဝင်များအားလုံးနှင့် အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်အားလုံးတို့၏ သဘောတူညီချက်လက်မှတ်ထိုး၍ အများနှင့်သက်ဆိုင်သော အဖွဲ့၏ မီဒီယာကြားခံနယ်များနှင့် မှတ်ပုံတင်ပြီးဖြစ်ပါက နိုင်ငံပိုင်နေ့စဉ်သတင်းစာများတွင်ပါ မြန်မာ့သစ်ခွအဖွဲ့ ဖျက်သိမ်းကြောင်း ကြေညာရမည်ဖြစ်သည်။